ဇန်နဝါရီ ၂၀ – ၂၀၂၆
SN (VOM)
အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်းရောင်ကတ် ပြုလုပ်ပေးမယ်လို့ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သိန်းနဲ့ချီ လိမ်လည်ခဲ့တယ်လို့ ငွေကြေး လိမ်လည်ခံရသူတွေက ပြောပါတယ်။
ပန်းရောင်ကတ် ပြုလုပ်ပေးဖို့အတွက် စည်သူပလပ်ကျွတ်က ထိုင်းရောက် မြန်မာအလုပ်သမား လူဦးရေ ၁၀၀၀ ကျော်ဆီက အခကြေးငွေတွေ ကြိုတင် ကောက်ခံထားပြီး ရှောင်ပြေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လူသစ် ဘတ်ရိုက်တဲ့ ကိစ္စအတွက် ကြိုပေးထားရတဲ့ ငွေတွေပါ။ အဲဒီ ပိုက်ဆံတွေက ကျွန်တော်တို့ အလုပ်ကြမ်းလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေပါ။ အခုထိသူနဲ့ အဆက်အသွယ်လည်း မရသေးဘူး။ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကိုလည်း မတွေ့ရတော့ဘူး” လို့ ငွေကြေး လိမ်လည်ခံရသူ တယောက်က ပြောပါတယ်။
အဲဒီ ငွေကြေးတွေဟာ ထိုင်းရောက် အလုပ်သမားတွေအနေနဲ့ ချေးငှားယူတာ၊ ကြမ်းတမ်းတဲ့ အလုပ်တွေ လုပ်ကိုင်တာအပြင် ကိုယ်ပိုင်ပစ္စည်းတွေကို ပေါင်နှံရောင်းချကာ ရှာဖွေထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လိမ်တာက သူတယောက်တည်း မဟုတ်ဘူး။ ငါးသန်းကုမ္ပဏီက သူဌေးဆိုတဲ့လူလည်း ပါတယ်။ ပန်းရောင်ကတ်နဲ့ စာအုပ် လုပ်ပေးမယ်ပြောပြီး စာအုပ်ဖိုးကို တယောက်ကို ဘတ် တသောင်းကျော်တောင်ယူတာ။ အခု နှစ်ယောက်စလုံးကို ဆက်သွယ်လို့ မရတော့ဘူး။ Facebook နဲ့ TikTok အကောင့်တွေကိုလည်း ရှာမတွေ့တော့ဘူး” လို့ ငွေကြေး လိမ်လည်ခံရသူ နောက်ထပ်တယောက်က ပြောပါတယ်။
အခုအချိန်မှာ ပန်းရောင်ကတ် ထုတ်ပေးတော့မယ့် အဆင့်ကို ရောက်ရှိနေပေမယ့် စည်သူပလပ်ကျွတ်ဆီမှာ ဒီလုပ်ငန်းစဉ်အတွက် ကြိုငွေ ပေးသွင်းထားသူတွေဟာ လက်ဗွေ နှိပ်တဲ့အဆင့်ကိုတောင် မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
“အခုထိ သွေးလည်း မစစ်ရသေးဘူး၊ လက်ဗွေလည်း မနှိပ်ရသေးဘူး။ သူက အနုပညာသမား မလိမ်ဘူး ဆိုပြီးပြောလို့ သူနဲ့ ဘတ်တင်ထားတာ။ အခုတော့ အကုန်လုံး အခက်အခဲဖြစ်နေပြီ။ ပိုက်ဆံတွေက သူများဆီမှာ အတိုးတွေနဲ့ ချေးငှားထားရတာ” လို့ နောက်ထပ် အလုပ်သမားတယောက်က ပြောပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူတွေကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စည်သူပလပ်ကျွတ်အနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးစေလိုပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ အသိပေး ပြောဆိုနေကြပါတယ်။
“အပျောက် ရိုက်သွားပြီလား၊ ဒါမှမဟုတ် ဇာတ်လမ်းတွေ ဆင်၊ ဒရမ်မာတသိန်းနဲ့ ပြန်ပေါ်လာမလား စောင့်ကြည့်ရမယ်။ သေချာတာကတော့ ဒီအခြေအနေအတိုင်း ဆိုရင် ပလပ်ကျွတ်နဲ့ ဘတ်တင်ထားတဲ့ လူသစ်ဘတ်သမားတွေ ငွေလည်း ဆုံးရှုံး၊ ပန်းရောင်ကတ်ရဖို့လည်း မရေရာ မသေချာတော့ပါဘူး” လို့ အလုပ်သမားအရေး ဆောင်ရွက်သူ တယောက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စည်သူပလပ်ကျွတ်ကတော့ အလုပ်သမားတွေရဲ့ ငွေကြေးတွေကို ငါးသန်းကုမ္ပဏီပိုင်ရှင် ကိုဝင်းဆိုသူက ယူထားကြောင်းနဲ့ ၎င်းအနေနဲ့ ဘတ်ငွေ တသိန်းကျော်ကိုသာ လောင်းကစားအတွက် အလွဲသုံးစား ပြုမိကြောင်း TikTok ကနေတဆင့် ပြန်လည် ပြောဆိုထားတာ တွေ့ရပါတယ်။
Photo – စည်သူပလပ်ကျွတ်
