မန္တလေး၊ အောက်တိုဘာ- ၂၃- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင် ဟာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက်ပိုင်းက လွတ်ရက်စေ့လို့ အိုးဘိုထောင်ကနေ လွှတ်ခဲ့ပေမယ့် ရဲလုပ်ငန်းစဥ်တွေ မပြီးသေးတာကြောင့် နောက်တပတ် ရုံးချိန်မှ လွတ်မယ်လို့ သိရပါတယ်။
မဟာအောင်မြေတရားရုံးကို VOM သတင်းအဖွဲ့က သတင်းသွားယူတဲ့အခါမှာ မြို့နယ်တရားသူကြီးက ဦးဇာနည်အောင်ကို တနှစ်အတွင်း ကောင်းမွန်စွာနေထိုင်မယ့်အကြောင်း တရားလို ရဲသက်သေတွေကို စစ်ဆေးရာမှာ အချိန်မလောက်တဲ့အတွက် အောက်တိုဘာ ၃၀ ရက်နေ့ကို ချိန်းဆိုလိုက်တာ တွေ့ရပါတယ်။
နောက်ထပ်စွဲဆိုထားတဲ့ အမှုမရှိတဲ့အတွက် အောက်တိုဘာ ၃၀ ရက်နေ့ ရုံးချိန်းပြီးရင်တော့ လွတ်မြောက်မယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဦးဇာနည်အောင် ဟာ ကျောက်ကပ်နဲ့ ဆီးချိုရောဂါတွေအတွက် ဆေးကုသမှုလိုအပ်နေတယ်လို့ ပြောပါတယ်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်ဟာ ၂၀၂၁ ခုနှစ်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင် ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ၂၀၂၂ ခုနှစ် ဧပြီ လမှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်(အိုးဘိုထောင်တွင်း အထူးတရားရုံး) က စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုအတွက် ထောင်ဒဏ် ၆ နှစ် (တစ်မှုအတွက် ၃ နှစ်စီနဲ့ စုစုပေါင်း ၆ နှစ်) စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ချမှတ်ခဲ့တာဖြစ်ပါတယ်။
