သူတို့အိမ် အခန်း (၂၅၀)

ဆူးငှက်

အခုထိ ဒုက္ခမငြိမ်းသေးပါလား
——————————
ထိုစဉ်က ကျွန်တော်တို့ ရပ်ကွက်လေး၏ တောင်ဘက် ကန်ကောက်ရပ်ကွက်မှာ လူနေအိမ်အချို့ကို ဖျက်သိမ်းသည့် သတင်းက ဂျာနယ်များတွင် ပါလာခဲ့သည်။ ထိုဂျာနယ်ကို ဦးတက်တိုးက ဖတ်ရသောအခါ အတော်စိုးရိမ်ပူပန်သွား၏ ထို့ကြောင့် ထိုဂျာနယ်တိုက်ကတဆင့် ကျွန်တော့် ဖုန်းနံပတ်ကို တောင်းသတဲ့။ ဂျာနယ်တိုက်က မန္တလေးရှိ ထွန်းဦးစာပေကို မေးပေးသတဲ့။ ထွန်းဦးစာပေက ဖုန်းနံပတ်ရလို့ ကျွန်တော့်ကို ချက်ချင်း ဆက်လိုက်တာပါဟု ဦးတက်တိုးက ပြောသည်။ သူက ကျွန်တော်တို့ ရပ်ကွက်မှတ်လို့ “ ဒီကောင်လေးလည်း အခုထိ ဒုက္ခမငြိမ်းသေးပါလား၊ ငါလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ” ဟု စိုးရိမ်တကြီးဖြစ်ကာ ဖုန်းနံပတ်ကို မရမကပြန်ရှာပြီး ကျွန်တော့်ထံ အကျိုးအကြောင်း မေးမြန်းသည်ဟု ဦးတက်တိုးက ပြောသည်။

 

 

ကျွန်တော်က ကျွန်တော်တို့ ရပ်ကွက်မဟုတ်ပါကြောင်း၊ တောင်ဘက်က ရပ်ကွက်ဖြစ်ပါကြောင်း၊ အဖြစ်အပျက်က မြေပိုင်ရှင်က တရားနိုင်သဖြင့် တရားရှုံးများကို သက်ဆိုင်ရာက နှင်ခြင်း ဖြစ်ပါကြောင်းများကို ဦးတက်တိုးအား ရှင်းပြ လိုက်သည်။ သည်တော့မှ ဦးတက်တိုးက “ တော်သေးတယ်ကွာ၊ ငါက ရန်ကုန်ရောက်တုန်း ဂျာနယ်ထဲ ဖတ်လိုက်ရတော့ မင်းတို့ရပ်ကွက်ပဲ ဆိုပြီး စိုးရိမ်သွားတာကွ၊ မင်းတို့မလဲ ဝဋ်ကြီးလိုက်တာ ဆိုပြီး ဖုန်းနံပတ်ကို မနည်း စုံစမ်းရတာ” ဟု ပြောပြသည်။ ဦးတက်တိုးကို ၂၀၀၄ခုနှစ် အောက်တိုဘာလတွင် ဒု – ချုပ်က နေပြည်တော်သို့ ခေါ်ထားသတဲ့။ နေပြည်တော်မှာပဲ သူ့အနီးကပ် နေစေသတဲ့။ ၂၀၁၀နောက်ပိုင်းမှသာ ရန်ကုန်သို့ ပြန်ရောက်သတဲ့။

 

 

၁၀ပေ×ပေ၂၀ တိုက်ခန်းလေးတော့ ရကောင်းပါရဲ့
—————————————————-
ထိုသို့ သိရသောအခါ ၂၀၁၀ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က ရွှေကျင်တိုက်မကြီး အလယ်ကျွန်းကျောင်းကြီးတွင် ကျင်းပသော ကျွန်တော့် သားကြီး မောင်သူရိန်၏ မင်္ဂလာပွဲတွင် မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဖော်ဟန်နှင့် တွေ့သောအခါ “ဆရာဆူးတို့ သရက်ကုန်း စီမံကိန်းကို ဘာလို့လဲ မသိဘူး၊ နေပြည်တော်က ဒုချုပ်ကိုယ်တိုင် ချက်ချင်း ရပ်ခိုင်းထားတယ်ဗျ” ဟု ပြောပြခြင်းကို သတိရမိလိုက်၏။ ဦးတက်တိုးက ရောက်သည့် နေရာမှာ ကျွန်တော်တို့ သရက်ကုန်းရပ်ကွက်လေးကို မမေ့မလျော့ စောင့်ရှောက်ခဲ့သည်။

 

 

ဦးတက်တိုးက သူ မန္တလေး ရောက်ဖြစ်လျှင် သရက်ကုန်းရပ်ကွက်လေးသို့ လာကြည့်ချင်သေးသည်ဟု ပြောသည်။ ကျွန်တော်က လာပါအဘ၊ သည်တခါ ကျွန်တော်က ထမင်းပြန်ကျွေးပါမယ်ဟု ပြောတော့ အေး လာကြည့်မယ်၊ ဒါပေမယ့် ငါ့ကို ဘယ်သူဘယ်ဝါလို့တော့ မပြောနဲ့နော် ဒီအတိုင်း လာကြည့်မှာ၊ မင်းတို့ သရက်ကုန်းကို ဘာ့လို့များ ကျားကုပ်ကျားခဲ သဘောကျ နေကြတာလဲ ဆိုတာ သိချင်လို့ကွာ ဟု ပြောသည်။ ကျွန်တော်လည်း ဦးတက်တိုး ရှိနေသေးသောကြောင့် အားတက်သွားပါ၏။

 

 

မည်သို့ဆိုစေ ကနဦးကာလကလို ဖျက်ဟယ်ဆည်းဟယ်နှင့် လိမ့်လိမ့်လဲလဲ မဖြစ်တော့မှာတော့ သေချာပါသည်။ တစ်ခုပါပဲ အာဏာပိုင်အဖွဲ့အစည်းအသီးသီးက သရက်ကုန်းရပ်ကွက် မြေရာဇဝင်နှင့် အနေအထားကို သိသွာသောကြောင့် ဥပဒေအတွင်းက မြေရာစီမံချက်ကိုတော့ လုပ်နိုင်ပါသေးသည်။ ကျွန်တော်ကတော့ စိတ်ဒုံးဒုံးချကာ “ကိုင်း အရင်လို လမ်းဘေး မြောင်းဘေး တဲထိုးပြိးတော့ မနေရလောက်တော့ပါဘူး၊ အနည်းဆုံး ကျွဲနဖားတောင်ခြေမှာ ၁၀ပေ×ပေ၂၀ တိုက်ခန်းလေးတော့ ရကောင်းပါရဲ့ဟုပဲ အောက်မေ့မိပါ၏။

 

 

လုပ်သင့် လုပ်ထိုက်သည့် လုပ်ငန်းလေးတွေ
———————————————
ထိုသို့ တဖက်ကလည်း သရက်ကုန်းကိစ္စ လုံးပမ်းရင်း တဖက်ကလည်း အခြေအနေက ပေးအပ်လာသော လုပ်သင့် လုပ်ထိုက်သည့် လုပ်ငန်းလေးတွေ လုပ်ကိုင်ဖြစ်တာတွေကလည်း အမှတ်တရတွေမို့ ပရိသတ်များကို ပြောပြချင်ပါ သေးသည်။ ၂၀၀၉ခုနှစ်က ကျွန်တော်တို့ တတွေ မန္တလေး အနှစ်၁၅၀ပြည့် အထိမ်းအမှတ် မန္တလေး အနုပညာ ပုံရိပ်ပွဲတော် အမည်ဖြင့် အနုပညာရှင်ပေါင်း ရာချီပါသည့် ပဒေသာကပွဲကြီး ကျင်းပခဲ့ကြောင်း ပြောပြပြီးပါပြီ။ သည်ပွဲကြီးမှာ ကျွန်တော်က ကျင်းပရေးကော်မတီ အတွင်းရေးမှူးအနေဖြင့် ပါဝင်ခဲ့သည်။ ထိုပွဲ ကျင်းပကြဖို့ ကြိုတင် ညှိနှိုင်း စည်းဝေးကြတော့ ကော်မတီတွင် ပါဝင်သော အစ်မကြီး ဒေါ်ခင်စောဦး (အိုရီယမ်တယ်လ်) က ကျွန်တော့်ကို တစ်ခု တောင်းဆိုသည်။ “မန္တလေး အနှစ်၁၅၀ပြည့်မှာ မခင်ဝင်းလည်း ပါမှ ဖြစ်မှာပေါ့၊ မင်းက တာဝန်ယူပြီး မခင်ဝင်းကို ခေါ်ပါ” ဟူ၍ ဖြစ်သည်။

 

 

အစ်မဒေါ်ခင်စောဦးက ဤသို့ ပြောရခြင်းမှာ အကြောင်းရှိသည်။ ကျွန်တော့်အစ်မ မခင်ဝင်းနှင့် ဒေါ်ခင်စောဦးက ညီအစ်မလို ဖြစ်သည်။ ၂ယောက်စလုံးက ဒေါ်သြဘာသောင်း၏ တပည့်တွေ ဖြစ်သည်။ ဒေါ်ခင်စောဦး၏ မိဘများနှင့် တစ်မိသားစုလုံးက မမခင်ဝင်းကို ရင်းနှီးကြသည်။ အ.ထ.က ၁၅ ကျောင်း အနောက်ပေါက်က သူတို့အိမ်မှာ မမခင်ဝင်းက စားအိမ်သောက်အိမ်ဖြစ်သည်။ ဒေါ်ခင်စောဦး၏ အဖေကလည်း ဂီတဝါသနာပါလိုက်ပုံက မြို့မတွင် ဘင်ဂျိုတီးသူဖြစ်သည်။ တစ်ခါတရံ ဘာအထိမ်းအမှတ်မှ မဟုတ်ပါဘဲ အ.ထ.က ၁၅ကျောင်းဝင်းထဲတွင် စိန်မောင်ကိုကြီးဆိုင်းဝိုင်းကြီး ငှားပြီး မမခင်ဝင်းအကနှင့် မိသားစုက ကြည့်ရှု အားပေးကြ၏။ ဒေါ်ခင်စောဦးတို့ အိမ်နှင့် ကပ်ရက်ကလည်း ဦးကြိးဦးလှတင်၏ လှဂုဏ်ရည် ဓာတ်ပုံတိုက်မို့ နှစ်အိမ်တစ်အိမ်ဖြစ်ကာ အားလုံးမှာ မောင်နှမတွေလို ဖြစ်နေကြသည်။ ကျွန်တော်တို့ မောင်နှမများက ဒေါ်ခင်စောဦးကို မမအတွမ်းဟုပဲ ခေါ်ကြသည်။

 

 

အနုပညာအလုပ်ကို သံယောဇဉ် ဖြတ်ထားသည့် အချိန်
———————————————————–
ထိုသို့ အကြောင်းသိ အတွင်းသိ ဖြစ်နေသော ဒေါ်ခင်စောဦးက မခင်ဝင်းကို ခေါ်ပါဟု ပြောခြင်းက ထိုစဉ်ကာလ မမခင်ဝင်းက ပန်တျာနှင့်တကွ အားလုံးကို စိတ်နာပြီး အနုပညာအလုပ်ကို သံယောဇဉ် ဖြတ်ထားသည့် အချိန်ဖြစ်သည်။ မုံရွာမှာ မကင်းရာ မကင်းကြောင်း အကသင်အပ်သည်ကိုပင် ဆို.က.ရေး.တီး အတွက် အပ်လျှင် သင်မပေး၊ အမှတ်ပေးစည်းမျဉ်းအရ ဒိုင်ဆိုသူ အကြိုက်တွေ့မည့် အကမျိုးကို သင်မပေး။ သမားစဉ်အရ သင်ရိုးနှင့် သင်ပါ့မည်ဆိုမှ လက်ခံသင်ပေးသည်။ ကျောင်းကပွဲအတွက်မသင်၊ ဟော်တယ် ဧည့်ခံပွဲအတွက် မသင်။ ဤသို့ စိတ်နာ သံယောဇဉ်ဖြတ် နေချိန်ဖြစ်သည်။

 

 

ဒီအခြေအနေကို ဒေါ်ခင်ဦးက သိလို့ မန္တလေးအနှစ်၁၅၀ပြည့်မှာဖြင့် မမခင်ဝင်းပါမှ ဖြစ်မည်။ ခေါ်လိုက်ပါဟု ကမန်တော့်ကို ပြောခြင်း ဖြစ်သည်။ ကျွန်တော်ခေါ်တော့ မမခင်ဝင်းလည်း မုံရွာက ရောက်လာ၏။ မမခင်ဝင်းကို မန္တလေးအစဉ်အလာအရ ပွဲဦး ရှေးရိုး တပင်တိုင် အကဖြင့် ဖွင့်စေမည်။ ထို့နောက် မြို့မက စီစဉ်တင်ဆက်သည့် မန္တလေးမြို့ဘွဲ့ မဟာဂီတသီချင်းများချည်းနှင့် ပဒေသာ သီဆို တီးမှုတ်ထားသည့် အစီအစဉ်တွင် ယိမ်းနှင့် သရုပ်ဖော်အကများ သင်ကြားပေးရန်နှင့် ပါဝင်ကပြရန် စီစဉ်ထားသည်။ ဒေါ်ခင်စောဦးကိုယ်တိုင် တောင်းဆိုထားသည်ရော၊ ကျွန်တော့် အစီအစဉ်ဖြစ်လို့ရော မမခင်ဝင်းလည်း အနုပညာအလုပ်ကို ပြန်လည် တက်ကြွစွာ လုပ်ကိုင်လာသည်။

 

 

ပညာရေးပါသော ဖျော်ဖြေမှု
——————————–
ပွဲလမ်းဟူသည် ခင်းကျင်းရသော ပွဲ၏ သရုပ်ဇာတိ အစဉ်အလာအရ စီစဉ်ရသည်။ မန္တလေး အနှစ်၁၅၀၏ အထိမ်းအမှတ် ပဒေသာကပွဲတွင်မူ Entertainment ချည်း စီစဉ်လို့မရ။ မန္တလေး၏ နှစ်၁၅၀အတွင်း ဖြစ်ထွန်း ခဲ့သည့် အနုပညာများကို ဖော်ထုတ်ခြင်း မှတ်တမ်းတင်ခြင်းလည်း မဖြစ်မနေ ပါဝင်ရမည်။ ဆိုလိုသည်မှာ သမိုင်း အချက်အလက် ဟူသော ပညာရေးပါလာသည်။ ပညာရေးပါသော ဖျော်ဖြေမှု ဖြစ်မည်။ Edutainment ဟု ခေါ်ရလေမည်လားမသိ။ ထို့ကြောင့် သည်အစီအစဉ်စတင်ကြမည် ဆိုသည်နှင့် မန္တလေး၏ အနုပညာဆိုင်ရာ ဖြစ်ထွန်းမှု လက္ခဏာများ ဖြစ်သော မဟာဂီတကို ပဒေသာ အစီအစဉ်ထည့်သွင်းမည်။

ထို့နောက် ပထမသဘင်ခေတ် ဒုတိယသဘင်ခေတ် တတိယသဘင်ခေတ် စတုတ္ထသဘင်ခေတ်ဟူသော မယင်းတော် မဆင်ခိုး မထွေးလေး ခေတ်မှသည် မန္တလေးပန်တျာခေတ်အထိ ခေတ်၄ခေတ် အငြိမ့်အစီအစဉ်ပါမည်။ ထိုအစီအစဉ်များ၏ ပွဲဦးအဖွင့်က မန္တလေးမူ ရှေးရိုးတပင်တိုင် ဖြစ်သည်။ ဒါက Edutainment ပေါ့။ ဒါက မန္တလေး နှစ်၁၅၀ ၏ မှတ်တိုင်များပေါ့။ ဒီအစီအစဉ်တွေက ပရိသတ်အကြိုက် ဟုတ်ချင်မှ ဟုတ်မည်။ ပြတိုက်ထဲက လက်ရာမြောက် အဖိုးတန် ရှေးဟောင်းပစ္စည်းလို တန်ဖိုးသိသူတွေက တန်ဖိုးထားကြလိမ့်မည်။

 

 

ပရိသတ် ဆွေမျိုးစပ်မှာမို့တဲ့
——————————
ဤသို့ဖြင့် အကြိမ်ကြိမ်စည်းဝေးပြီး အတည်ပြုကာ ပွဲည ၃ည၏ အစီအစဉ်အသေးစိပ်ကို ကျွန်တော်က တာဝန်ယူ ရေးဆွဲခဲသည်။ ရာထူးက အစီအစဉ်များ ပေါင်းစပ်အတည်ပြု တင်ဆက်သူတဲ့။ သို့သော် ပွဲမစမီပင် ပြဿနာက စတော့သည်။ ဆရာဦးရွှန်းမြိုင်နှင့် ဦးရဲထွေးတို့ စီစဉ်ကာ အကပိုင်းတွင် ဆရာလေးဦးသန်းအောင်နှင့် မမခင်ဝင်းတို့ ပူးပေါင်းတင်ဆက်သည့် မဟာဂီတ ပဒေသာ သရုပ်ဖော် ရွှေမန္တလေး ဂီတအလင်္ကာ တေးပဒေသာ အစီအစဉ်က ပရိသတ်လည်မဆန့်ဘဲ ဆွေမျိုးစပ်မည့် ပျင်းရိစရာ အစီအစဉ်ဟုဆိုကာ နံမည်ကျော်ကြီး ၂ဦးက ဖြုတ်ခိုင်းသည်။ သူတို့က စပွန်စာ သူဌေးများကို အယုံသွင်းပြီး စီအီးစီ တံခါးပိတ် အစည်းအဝေးခေါ်ကာ တရားဝင်ဖြုတ်ခိုင်းခြင်းဖြစ်သည်။

 

 

ထိုအစည်းအဝေးကို ကြိုတင် စီစဉ်ပြီး တစ်ဦးတည်းကိုသာ နာရီဝက်နောက်ကျပြီး ဖိတ်ကြားခံခဲ့ရသည့် ဦးရွှန်းမြိုင်ကတော့ သဘောထားကြီးစွာဖြင့် မကြိုက်လျှင် ဖြုတ်ပေးမည်။ လိုအပ်လျှင် မြို့မ တံဆိပ်လည်း ဖြုတ်ပေးမည်၊ သည့်ထက်လိုအပ်ပါက မြို့မ မပါရဆိုလျှင်လည်း ထွက်ပေးပါမည်၊ ကျွန်တော်တို့ လုပ်နေတာက မန္တလေး နှစ်၁၅၀ အတွက်ပဲ ဖြစ်ပါသည်၊ ဘယ်အကယ်ဒမီ၊ ဘယ်လူပုဂ္ဂိုလ်၊ ဘယ် အဖွဲ့အတွက်မှ မဟုတ်ပါ။ သည်အတွက်ဖြင့် အခုလို အချိန်ကုန်ခံပြီး စည်းဝေးခေါ်စရာ မလိုပါ၊ ကျွန်တော့်ကိုပဲ ပြောလိုက်လျှင် ပြီးပါသည် ဟု ရယ်ရယ်မောမော ပြောသည်။ အခြေအနေက ထိုအစီအစဉ်ကို ဖြုတ်ဖို့ အလားအလာအားကောင်းနေသည်။ ထူးခြားသည်မှာ ထိုအစီအစဉ်ကို ဖြုတ်စေချင်သူ ၂ဦးနောက်ကွယ်တွင် မြို့မ၏ ပူးတွဲ ဥက္ကဋ္ဌကလည်း အားတက်သရော ပါဝင်နေခြင်း ဖြစ်သည်။

 

 

နောက်ဆုံး ဆုံးဖြတ်ချက် ချရန် သဘောထားကို ကျွန်တော့်အား တောင်းခံတော့ က္မန်တော်က လက်မခံ၊ သူတို့က ကိုယ့်ထက် ပညာအရာ အသက်အရွယ်အရာ ကြီးမား ဂုဏ်ရှိကြသော်လည်း ကျွန်တော်က သူတို့ကို လက်အုပ်ချီ ကန်တော့ပြီး ဒီအစီအစဉ်က မဖြစ်မနေ ပါရမှာပါ။ မဖြုတ်နိုင်ပါ။ ဒါဟာ မန္တလေး နှစ်၁၅၀ က ဂီတ သမိုင်းမှာ အထင်ကရ မှတ်တိုင်ပါ။ မဟာဂီတ ဖြစ်ထွန်းခဲ့လို့ မန္တလေးဟာ မဟာဂီတမှာ မြို့ဘွဲ့ အများဆုံးဖြစ်ခဲ့တာ၊ အဲ့ဒီ မဟာဂီတကို အနောက်တိုင်း နည်းစံနစ်နဲ့ ပထမဆုံး တီးမှုတ်ခဲ့တာလည်း မန္တလေး နှစ်၁၅၀ သက်တမ်းမှာ ထင်ရှားတဲ့ သမိုင်းပါ၊ မဟာဂီတရဲ့ အတိမ်အနက်နဲ့ အလေ့အလာ မှတ်ကျောက်က ပဒေသာ တီးနိုင် ဆိုနိုင်ခြင်းပါ။ ဒါကို ဂုဏ်ပြုတဲ့ အစီအစဉ်မို့ ပရိသတ် တစ်ယောက်မှ မရှိလည်း မဖြုတ်နိုင်ပါဟု ပြတ်ပြတ်သားသား ငြင်းပြီး ပညာရှင်ကြီး ၂ဦးကို လက်အုပ်ချီခဲ့သည်။ ဤသို့ဖြင့် ကပြမည့် ပွဲ၃ညအတွက် အစီအစဉ်အသေးစိပ်ကို ထပ်မံညှိနှိုင်း အတည်ပြုပြီး ၂၀”×၃၀” တစ်ဖက်ချော ဂျပ်တွင် ဆော့ပင်ဖြင့် ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးကာ ဇာတ်ရုံ၌ ချိတ်ဆွဲ ခဲ့ပါ၏။

 

ကျွန်တော် အလကားလူ
————————-
ပွဲက စပါပြီ။ ထိုစဉ်က တိုင်းမှူးကိုယ်တိုင် ကြည့်ရှုအားပေးခဲ့သည်။ ပရိသတ်ကလည်း သဘောကျ နှစ်ချိုက်ခဲ့သည်။ ပထမညကို အောင်မြင်စွာ ဆင်နွှဲပြီး ဒုတိယည ကပြရန် စီစဉ်ဆဲ တိုင်းမှူးက ဆက်လက် အားပေးမှာမို့ နောက်ဆုံးမှ ကပြမည့် ဇာတ်တော်ကြီးကို မူလအစီအစဉ်မှ ပြောင်းရွှေ့၍ အားလပ်ချိန်မပေးမီ ရှေ့ပိုင်းတွင် ကပြမည်ဟု ကျွန်တော့်ကို အသိပေးလာသည်။ ကျွန်တော် မျက်မှောင်ကျုံ့မိသွားသည်။ အနုပညာရှင်ပေါင်း ရာချီပါဝင်သည့် ပွဲ၏ အစီအစဉ်က ကိုယ့်အစီအစဉ်အတွက်ပဲ နေရာယူတာ လွယ်လှပါလားဟုလည်း စိတ်မကောင်း ဖြစ်ရပြန်သည်။

 

အစည်းအဝေးက ဆုံးဖြတ်ပြီး အစီအစဉ်များအတွက် တာဝန်ယူထားသူ ကျွန်တော့်လက်မှတ်နှင့် အစီအစဉ်ဂျပ်ပြားက စက္ကူစုတ် ဖြစ်သွားပြီ။ မတတ်နိုင်။ သည်လိုနှင့် တတိယ နောက်ဆုံးည အကမီ ထိုည မှာ တိုင်းမှူးက မိသားစုနှင့်အတူ လာကြည့်မှာမို့ ပွဲစသည်နှင့် မဏာမ သီချင်းတစ်ပုဒ်သာ သီဆိုပြီး မြင်းခင်းတော် သီချင်းသရုပ်ဖော်၊ အညာဆန်ဈေးလှေ အော်ပရာနှင့် နောက်ပိုင်းဇာတ်ကြီးကို အရင် က မှာတဲ့။ တိုင်းမှူးနှင့် မိသားစု ပြန်သွားပြီးမှ ရှေးရိုးတပင်တိုင်၊ ရွှေမန္တလေး ဂီတအလင်္ကာ၊ မန္တလေးသားကြိးပါဗျ တစ်ခန်းရပ်ပြဇာတ်နှင့် ခေတ်၄ခေတ် ဇာတ်သဘင်နှင့် အငြိမ့် အစီအစဉ် ကပြမှာတဲ့၊ ဖြစ်ပြန်လေပြီ။ ရွှေမန္တလေး ဂီတအလင်္ကာကို ဖြုတ်စေချင်ခဲ့သူ အနုပညာရှင်ကြီးများ၏ အစီအစဉ်သစ်များပါပေ။
သည်တစ်ခါတော့ မမခင်ဝင်းကို ဘယ်လိုမှ ချော့လို့ မရတော့၊ နဂိုကမှ နာကျည်းနေသူကို ကျွန်တော်က ချော့ကာခေါ်လာပြီး ပါဝင်စေတော့ သူ့မှာ နဂိုအနာပျောက်ပြီး ပျော်နေသည်။ အခု ဘယ့်နှယ် အစဉ်အလာအရ ပွဲဦးကန်တော့သည့် ရှေးရိုးအစဉ်အလာ ကို နောက်ဆုံး ပို့သတဲ့။ သူ ထပ်နာကျည်းသွားပြီ။ မတတ်နိုင် ပရိသတ်ကို သစ္စာဖောက်သည်ပဲ ဆိုဆို တတိယည မကတော့။ ကျွန်တော်ကလည်း ဘယ့်နှယ် အစည်းအဝေးအကြိမ်ကြိမ်ထိုင်၊ ငြင်းခုန် ဆွေးနွေး တာဝန်ပေး ဆုံးဖြတ်ကာ အတည်ပြုခဲ့သည့် အစီအစဉ်တွေက ၂ယောက် ၃ယောက်ကြောင့် သဲထဲ ရေသွန်ဖြစ်ရတော့ မာနကို ထိပြီလေ။ ထိုတတိယည ဇာတ်ရုံသို့ မသွားတော့။ ထိုနံရောအခါ ကျွန်တော်တို့ မောင်နှမ၂ယောက်က သစ္စာဖောက်ကြီး ဖြစ်လို့။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW