ဆူးငှက်
ချစ်သူလေးရဲ့ ပြန်စာ
————————
ငံပြာရည် ဝင်းပေါက် ပွဲရုံက သူကလေးကို မနေ့ညက စာခေါက်လေး ပစ်ပေးခဲ့ပြီး မနက် ကျောင်းသွားတော့ ကျွန်တော်နှင့် သန်းလွင် ဟိုနှစ်ယောက်မသိအောင် ခေါင်းချင်းဆိုင် တွတ်ထိုးကြသည်။ ကျောင်းသို့ ခြေကျင်သွားကြတော့ ထုံစံအတိုင်း ဘဲဥချောချောလေးရှေ့ ဖြတ်ပြီး ကျွန်တော်တို့ နှစ်ယောက်က ဖိနပ်ပဲ ခေါင်ပြုတ်သလိုလို၊ သဲကြိုးပဲ ပြတ်သလိုလို မူယာမာယာများပြီး ဟိုနှစ်ယောက်ကို ရှေ့က သွားစေကာ ကျွန်တော်တို့က နောက်ချန်ရင်း ရင်တွင်း စကားတွေ ပြောကြသည်။ သန်းလွင်ကတော့ ဒီလို အကြံပေးသည်။ ဒီနေ့ည မင်း အိမ်တွင်း အောင်းလိုက်ကွ၊ သူက စာဖတ်ပြီးတော့ တခုခု ပြောချင်တောင်မှ မင်းက မလာတော့ သူက ဘာများဖြစ်လို့ မလာတာလဲ၊ ရှက်သွားတာလား၊ ကြောက်သွားတာလား ဘာညာပေါ့ကွာ၊ အဲ့ဒီတော့ သူက ပိုမျှော်မှာ၊ နောက်ရက်မှ မင်းက အပြင်ထွက် သူတို့ အိမ်ရှေ့ဖြတ်ပြီး အကဲခတ်လိုက်တဲ့။ ထိုသို့ အကြံပေးသည်။ ကျွန်တော်က သန်းလွင်ကို အားကိုးတကြိး ကြည့်လိုက်သည်။ တယ်ဟုတ်သည့် ငါ့သူငယ်ချင်း ပါလား ဟူလို။ ကျွန်တော်ကလည်း ဒီနေ့ သူကလေးကို မျက်နှာချင်း မဆိုင်ရဲတာနှင့် အတော်ဖြစ်သွားသည်။
ကိုင်း မိတ်ဆွေ စာရှုသူများ ခင်ဗျား၊ ကျွန်တော် ဒီနေ့ည မှန်အိမ်ရေနံဆီဖြည့်ကာ စာကြည့်စာပွဲမှာ ညာဉ့်နက်အောင် ထိုင်ပါမည်။ စာကြည့်စာပွဲ ထိုင်သောအခါ မည်သည့်ကျောင်းစာမှလည်း မလုပ်ချင်ပါ။ ဘာပုံမှလည်း မဆွဲချင်ပါ။ လူက ညလုံးပေါက် ပွဲ အလင်းကြည့်ထားပြီး အိပ်ရေးပျက်ခြင်း အကျင့်ပါနေသလို မျက်စိကြောင်နေပါသည်။ ထို့ကြောင့် စာကြည့်စာပွဲမှာ ထိုင်ရင်း စောင့်စားနေကြသည့် မိတ်ဆွေများလည်း အလကားမဖြစ်ရအောင်၊ ကျွန်တော်လည်း စာပွဲရှေ့အိပ်ရေးပျက်ခံ ငူငူကြီး မဖြစ်ရအောင် ပွဲရုံက ကလေးမလေးလည်း စာဖတ်ပြီး ရင်တခုန်ခုန်နှင့် စဉ်းစားချိန် ရအောင် ထိုထိုကိစ္စကို ဟပ်(ပ)တိုင်းပေးပြီး မိတ်ဆွေများ မေးမြန်းထားတဲ့ မန္တလေးက ဈေးတွေအကြောင်း သိသမျှလေး ဝေမျှပါရစေ။ နက်ဖြန်ညကျ ပွဲရုံရှေ့ လမ်းသလားပြီး ချစ်သူလေးရဲ့ ပြန်စာ အကြောင်း ပြောကြတာပေါ့ ခင်ဗျာ။
ဈေးဈေး ဘာဈေးလဲ
————————-
ကျွန်တော်က သူတို့အိမ်ကို အခန်းဆက်ရေးနေတော့ စောင့်စားဖတ်ရှုသည့် မိတ်ဆွေ အချို့က လှမ်းမေးသည်။ ဘဲဥသည် ချောချောလေးကို မနက်ကျောင်းသွားတိုင်း ငန်းကြသည့် ဈေးချိုတော်ဆိုတာ ရှေးတုန်း ကတည်းက ရှိတာလား၊ ဈေးချိုအပြင် အခြားဈေးတွေရော မရှိဘူးလား ဆိုမျိုး လှမ်းမေးကြသည်။ ဟုတ်မှာပေါ့။ ရန်ကုန် အပါအဝင် အခြား မြို့ရွာများကဆိုတော့ သိချင်ကြမှာပေါ့။ တကယ်တော့ မန္တလေးမွေး မန္တလေးကြီးတဲ့ ရွာနေပြည်ထိုင်များပင် သတိမမူဂူမမြင် ပညာရှိသတိဖြစ်ခဲနှင့် ထိုကြောင်းချင်းရာများကို ကျော်လွှား မေ့လျော့သွား နိုင်သည်။ ကျွန်တော်လည်း ဘာထူးမှာလဲ။ အမေ့က ကျွန်တော့်ကို ကိုယ်ဝန်လွယ်ထားစဉ်က သူ့ ဆီဖောက်သည်များ နေထိုင်သည့် မလွန်ရပ်ကွက်ထဲ နေ့စဉ် ဆီဗန်းခေါင်းရွက်ကာ ဈေးရောင်းရသည်။ အဲ့ဒီ မလွန်ရပ်က ရတနာပုံခေတ် ကတည်းက မလွန်ဈေးတဲ့လေ။ ထို့နောက် ဘီလူးမ ညောင်ပင်ကို ဖြတ်ကာ ဦးတာရဲဈေးထိပ်က သားဖွား ဆရာမကြီးအိမ် ဝင်ကာ ဆီမှုတ်ပြင် ဆီချင့် ရောင်းခဲ့ရ၏။ မနက် လိုချင်တာ ဝယ်ဖို့ ကိုင်းတန်းဈေးတဲ့၊ ထီးတိုင်ဈေးတဲ့။ အခြား အဝတ်အထည် လူသုံးကုန်များ အတွက်က ဈေးချိုတဲ့။ မမခင်ဝင်းက နန်းရှေ့ပန်တျာ ကျောင်းတက်တော့ အဲ့ဒီကျောင်းက ညွန့်ပေါင်းဈေးနားက ပြောင်းလာတာတဲ့။ ထိုနာမည်တွေကို ကြားသာနေရသည်။ အဲ့ဒီအကြောင်းတွေ ဘာမှ မသိ။
သက်္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မန်္တလေးရတနာပုံမင်းနေပြည်နှင့် မြို့သစ်တည်ပြီးနောက် လေးပြင်လေးရပ်တွင် အိမ်ခြေများ တည်ရှိလာသည်နှင့် တစ်ပြိုင်တည်း ဈေးများရှိသည်။ မန်္တလေး၏ အထင်ကရ ဈေးကြီးဖြစ်သော ဈေးချိုတော်သည်လည်း မန်္တလေး မြို့တည်သည်နှင့် “ဈေးကြိုတော်” အမည်ဖြင့် တည်ရှိခဲ့သည်။ စင်စစ်ဈေးချိုတော်သည် အင်းဝမင်းနေပြည်၊ အမရပူရ မင်းနေပြည်တို့မှာ ကတည်းက ပါရှိခဲ့သည်။ ထို့ကြောင့် ထိုမင်းနေပြည်များ၏ အစဉ်အဆက် ဖြစ်သော မန်္တလေး ရတနာပုံတွင်လည်း ဈေးချိုတော် ပါရှိခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က ဈေးကြို(ဈေးချိုတော်)သည် ယခု ငါးပိတန်းလက်ကြားနေရာ ဖြစ်သည်ဟု မှတ်သားရသည်။ ဈေးချိုနှင့်အတူ မြို့ပေါ်၊ မြို့ပြင် ဝန်းကျင် ဈေးပေါင်း ၃၀ ကျော်ရှိပြီး အချို့ဈေးများက တစ်နေကုန် ရောင်းချကြသည်ဟု ဆို၏။ အချို့ဈေးများက နံနက်ခင်းတွင် ရောင်းချသည်။ အချို့ဈေးများက ညနေခင်းဈေးသို့ပြောင်းရွှေ့ရောင်းချကြသည်။ ထိုစဉ်က ဈေးသည်များ၏ ပုံရိပ်ကား ဈေးတောင်းကို ခေါင်းရွက်၍ မြို့၏ လေးပြင်လေးရပ်ကို ခြေကျင် သွားလာကြပုံများ ဖြစ်သည်။ ၁၈၈၆ ခုနှစ်မတိုင်မီ မန်္တလေးမြို့တော်ပုံ ပုရပိုက် မြေပုံတစ်ခုတွင်တော့ ထိုစဉ်က ထင်ရှားသည့် ဈေးကြီးများ၏ နေရာများ ဖော်ပြထားပုံကို တွေ့ရှိရသည်။ ထိုဈေးမှာ (၁) ဈေးချို (၂) ယိုးဒယားဈေး (၃) မလွန်ဈေး (၄)ညွှန့်ပေါင်းဈေး (၅) ရဟိုင်းဈေး (၆) ညောင်ပင်ဈေးတို့ ဖြစ်သည်ဟု ဆို၏။
မလွန်စူပါမတ်ကက်
———————-
ဈေးချိုကတော့ ယခု ငါးပိတန်းလက်ကြားဟု ဆိုသည်။ ယိုးဒယားဈေးက ယခု ဗဟိုမီးသတ်အနီး ဖြစ်မည်။ မလွန်ဈေးက တကယ့် လက်ကားပွဲရုံ ဈေးကြီးဖြစ်၏။ ယခု ၈၅ လမ်းနှင့် ၈၆ လမ်း ကြား၊ ၃၁ လမ်းနှင့် ၃၄ လမ်းကြား ဖြစ်သည်။ မလွန်ဈေးမှာ ယွန်းတန်း၊ အိုးတန်း၊ ခဲလမ်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်း၊ နီပါးတန်း၊ ပွတ်တန်း၊ ကျောက်စိမ်းတန်းနှင့် ဆေးရိုးဝင်းဟူသော မျိုးတူ ကုန်ပစ်္စည်းများ ရောင်းချနေရာ အလိုက် ခွဲခြား နေရာချထားသည့် ဈေးကြီးဖြစ်သည်။ ညွှန့်ပေါင်းဈေးကတော့ ယခု ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃လမ်းကြားတွင်ရှိသည်။ မန်းရတနာဈေးဟု အမည်ပြောင်းလဲထား၏။ ရဟိုင်းဈေးမှာ ယခုမန်းမြို့ဈေးဖြစ်သည်။ ၈၄လမ်းနှင့် ၈၅ လမ်းကြား ၃၈ လမ်းနှင့် ၃၉ လမ်းကြားဖြစ်၏။ ညောင်ပင်ဈေးမှာလည်း ယခုနေရာ ၁၉ လမ်းနှင့် လမ်း ၂၀ ကြား ရွှေတချောင်း အရှေ့ဘက်မှာပဲဖြစ်သည်။
မူလဈေးကြီး ၆ ဈေးအနက် ၅ဈေးမှာ ယခုအထိ ရောင်းဝယ ်ဖောက်ကားနေကြဆဲ ဖြစ်၏။ ယိုးဒယားဈေးမှာ ယခုမရှိတော့ပြီ။ ထိုနေရာကို ယိုးဒယားဈေးဝင်း၊ ယိုးဒယားဈေးဂတ်ဟု ရှေးက ခေါ်ခဲ့ကြသည်။ ယခုယိုးဒယားဈေးဂတ်မှာ အမှတ် ၈ ရဲစခန်းဖြစ်သည်။ ယိုးဒယားဈေးက ညနေဈေးဖြစ်ပြီး အလွန်စည်ကားခဲ့သည်ဟု ဆို၏။ ငါးပိထောင်းဆားများ၊ ဓာတ်စာအတွက် အသီးအနှံများ ရောင်းချသည့် ဈေးကြီးဟု သိရသည်။ ရဟိုင်းဈေးမှာ အင်းဝခေတ် ဆင်ဖြူရှင်မင်း လက်ထက်ကတည်းက အစဉ်အဆက် ပါရှိလာခဲ့ကြသော ယိုးဒယားလူမျိုးများ စုစည်းနေထိုင်ရာမှ၊ သူတို့၏ အးစား အသောက် ၊ အဝတ်အထည် အသုံးအဆောင်များ ရောင်းချဖောက်ကားကြပြီး ဈေးကြီးများဖြစ်လာသည်။ ထိုဈေးများ တွင် ယိုးဒယားမုန့်တီ၊ မုန့်လက်ဆောင်း၊ ခနုံထုပ်၊ ဆနွင်းမကင်း၊ မာစကတ်၊ ထိုးမုန့်စသည့် ယိုးဒယား အစားအသာက် များလည်း ရရှိသည်ဟုဆိုကြ၏။ ညွှန့်ပေါင်းဈေးမှာလည်း ညနေဈေးဖြစ်သည်။ ညောင်ပင်ဈေးမှာ ထိုစဉ်က နံနက်ဈေး ဖြစ်ပြီး အမရပူရမှာ ကတည်းက ညောင်ပင်ဈေးရှိခဲ့သည်။ အမရပူရတွင် ထီးပေါင်းကားအရပ်၏ အနောက်ဘက်၌ တည်ရှိခဲ့သည်ဟု ဆို၏။
ပျောက်သွားသော ဈေးများ
——————————-
မန်္တလေးရွှေမြို့တော် တိုးတက် စည်ပင်လာသည်နှင့် အတူ ဈေးများမှာလည်း ပေါ်ထွန်း စည်ကားလာခဲ့သည်။ မှတ်တမ်းမှတ်ရာများအရ ဘုရားကြီးဈေးက မဟာမုနိဘုရားကြီး မြောက်မုခ်တည့်တည့်မှာ ရှိသည်။ ယခုတိုင်လည်း ရှိဆဲဖြစ်၏။ မန်ကျည်းပင်ဈေးက ယခုဘဏ်(၁) ၏ အရှေ့ဘက်၌ ရှိခဲ့သည်ဟု ဆို၏။ ယခုမရှိတော့ပြီ။ သမီးတော်ဈေးက ယခု ပြည်ကျော်ဈေး (ဦးတာရဲဈေး) ၏အနောက်ဘက်တွင် ရှိခဲ့သည်။ ယခု ပြည်ကျော်ဈေး (ဦးတာရဲဈေး)သည် သမီးတော်ဈေး၏ အဆက်ဖြစ်မည်။ မင်းတဲဈေးမှာ ယခု မင်းတဲအီကင်းရပ်၌ ရှိခဲ့သည်။ ယခု မရှိတော့။ မင်းတဲဈေးကို ပုဏ်္ဏားဈေးဟုလည်း ခေါ်ဆိုကြသည်။ တပယ်ဈေးက ယခုဆေးရုံကြီး အရှေ့မြောက်ဘက်၊ သုံးဆယ်ဝင်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ အလ္လကပ္ပမြို့စားသား၊ တပယ်မင်းသား တည်သော ဈေးဖြစ်သည် ယခုမရှိတော့။ ရွှေလောင်းကြီးဈေးက သီရိမာလာအနောက်၊ ရွှေလောင်းရပ်တွင် ရှိခဲ့သည် ယခုမရှိတော့။ အလားတူ ပွဲကုန်းရပ်တွင်လည်း ဆီရုံဈေး ရှိခဲ့သည်။ ထိုဈေးလည်း မရှိတော့။
မင်္ဂလာဈေးက ကျော်မိုးတံခါး (မင်္ဂလာတံခါး) နှင့် တောင်တည့်တည့် အရပ်တွင်ရှိသည်။ ၇၂ လမ်းနှင့် ၇၃ လမ်းကြား လမ်း ၃၀ နှင့်၃၁ လမ်းကြားတွင် ရှိသည်။ တစ်နေကုန် ဈေးဖြစ်ပြီး မီးဘေးကြောင့် ယခုတိုင် ကွက်လပ် ဖြစ်နေဆဲ။ ယခု မင်္ဂလာဈေးနေရာမှာ ဆင်သည်တော်များ နေရင်းဝင်းနေရာ ဖြစ်သည်ဟုလည်း မှတ်သားဖူးသည်။ စကုဈေးဆိုတာ မန်္တလေးရတနာပုံ မြို့တော်တွင် ရှိခဲ့ဖူးသော်လည်း ယခုမရှိတော့။ စိန်ပန်းဂေါဝိန်အနီး ရှေးက ဝါဂွမ်းများ ထားသိုရာ ရုံကြီးများအနီး ရှိဈေးကို ဂွမ်းဈေးဟု ခေါ်တွင်ခဲ့သည်။ ဂွမ်းရုံ ဈေးမှာလည်း နာမည်ကျန်သေးသော် လည်း ဈေးမရှိတော့။ မြောက်ပြင်သူရဲကြီး၊ သူရဲအမှုထမ်းတို့နေထိုင်ရာ ရပ်ကွက်အနီးရှိ ဈေးကို သူရဲဈေးဟု ခေါ်သည်။ မြောက်ပင်၌ပင် မီးပါဈေး ဟုရှိခဲ့သည်။ ယခု မိဘဈေးဟု ခေါ်သည်။ ယခုတိုင် ရောင်းဝယ် ဖောက်ကားနေသည့် ဈေးဖြစ်သည်။
အရှေ့ပြင် နန်းတော်ရှေ့တွင်လည်း ဈေးကလေးနှင့် ဈေးကြီးဟူ၍ နှစ်ဈေးရှိခဲ့သည်။ ယခုမရှိတော့ဟု ဆို၏။ ယခုနန်းရှေ့ဈေးက နောက်မှပေါ်လာသောဈေးဖြစ်မည်။ နန်းမြို့တော် နောက်ဘက် (ယခု ၁၉ လမ်းနှင့် ၈၁ လမ်းဝန်းကျင်) တွင် စည်ရှည်ဈေး (စက်ရှင်ဈေး) ရှိခဲ့ဖူးသည်။ ယခုမရှိတော့ မည်သည် နေရာဟု အတိအကျ မသိရဘဲ ဈေးများ တည်ရှိခဲ့ပြီး၊ ယခုမရှိတော့ ဈေးများမှာ ရခိုင်စုဈေး၊ မြင်းတန်းဈေး၊ ကြေးသွန်းဈေး၊ ဆင်ကျုံးဈေး၊ ကပိုင်ဈေး၊ လွန်တော်ဈေးတို့ ဖြစ်သည်။ လွန်တော်ဈေးမှာ တံခွန်ဈေးဖြစ်ပြီး မြစ်ငယ်ရှမ်းဈေး ဟုလည်းခေါ်ကြသည်။
ပါတော်မူပြီးနောက် မန်္တလေးမြို့၏ စီးပွားရေးမှာလည်း ကသောင်းကနင်း ဖြစ်မှာ သေချာသည်။ မြို့နေလူထု အတော်များများလည်း ကျေးလက်တောရွာများဆီ ပြန်လည် ခိုဝင်ကြမှာလည်း သေချာသည်။ မန်္တလေးတည်ကတည်းက လုပ်ငန်းစုတူရာများ နေရာချ ထားပြီး ထိုနေရာများမှာပင် ရောင်းဝယ်ဖောက်ကားကြသည့် ဝင်းများအတန်းများ၌ပင် ဖရိုဖရဲဖြစ်သွားကြရသည်။ ရှေးမြန်မာရိုးရာ လုပ်ငန်းများ ဖြစ်သော ဂုန်္တာန်ထိုးခြင်း၊ ဂုန်္တာန်နှိပ်ခြင်း၊ လုပ်ငန်းဆိုင်ရာ ဂုန်္တာန် ရပ်ကွက်မှာလည်း အမည်သာကျန်ပြီး ဖြည်းဖြည်းချင်း လုပ်ငန်းပျောက်ကုန်သည်။ ရှေးက ရွှေကြယ်ငွေကြယ်များ ခတ်၍ ရွှေချည်ထိုးဆိုင်ရာ ပစ်္စည်းများ ထုတ်လုပ်သည့် ကြယ်ခတ်ဝင်းလည်း လုပ်ငန်းပါးသွားကာ ပျောက်ကွယ်သွားသည်။ အလားတူ မြန်မာအထည်များကို ဆေးဆိုးသော အနီရောင်နီပါးထည်များ ပြုလုပ်ရာ နီပါးတန်းလုပ်ငန်းလည်း ပျောက်ကွယ်ကုန်ခဲ့သတဲ့။
ရှိသေးသလား အတန်းများ
——————————–
အပ်ချုပ်ဝင်း၊ ထီဝင်း၊ ကမ်္မဝါတန်း၊ ဖိနပ်တန်း၊ မုန့်တီတန်း၊ ပေါက်ပေါက်တန်း၊ ထီးတန်း၊ ဆိုးတန်း၊ ထုံးတန်း၊ ဂုန်္တာန်၊ မြင်းတန်း၊ ကြိုးကျစ်စု၊ ပုတ်တန်း၊ ကျီတန်း၊ ပန်းဝင်း၊ ဘုံဘိုင်တန်း၊ ထီရိုးဝင်း၊ အကြော်တန်း၊ ခုံဖိနပ်တန်း၊ ဝါးတန်း၊ ပန်းပဲတန်း၊ သံထီးတန်း၊ ပန်းဆိုးတန်း၊ လွှတောင်တန်း၊ နီပါးတန်း၊ ပုရပိုက်တန်း၊ ပရိက်္ခရာတန်း၊ ထမင်းချက်တန်း၊ ပွတ်တန်း၊ သပိတ်တန်း၊ ကွမ်းဝင်း၊ လက်ချိတ်တန်း၊ လက်သမားတန်း၊ ခဲလန်းတန်း၊ ဓားတန်း၊ အိုးတန်း၊ လှည်းယာဉ်တန်း၊ ကြယ်ခတ်ဝင်း၊ ကျောက်သွေးတန်း၊ စာတိုက်တန်း၊ ယွန်းတန်း၊ အထက်ဆင့်ဝင်း၊ နနွင်းတန်း၊ ခတ်တန်း၊ ခဝါစု၊ ယပ်ဝင်း၊ ပဲပုပ်တန်း စသည်ဖြင့် လုပ်ငန်းနှင့်ဆိုင်ရာ အစုအစည်းဝင်းကြီးများ၊ တန်းများလည်း ဖြည်းဖြည်းချင်း လုပ်ငန်း ရောင်းဝယ်မှုများ ပျောက်ကွယ်ကုန်ကြသည်။ အခုမျက်မြင်လုပ်ငန်းတည်ရှိနေကြဆဲ ရပ်ကွက်များက ရွှေချည်ထိုးရပ်က ဘာသာရေးအတွက် လိုအပ်သော ရွှေချည်ထိုး အဆောင်အယောင် အဝတ်အစားများ ရောင်းဝယ် ငှားရမ်းနေဆဲဖြစ်၏။ မျက်ပါးရပ်က ရွှေမျက်ပါးများ ယခုတိုင် ထုတ်လုပ်ဆဲဖြစ်သည်။
တမ္ပဝတီကြေးသွန်းရပ်က ဘုရားဆင်းတုတော်မှအစ တူရိယာပစ်္စည်းများ ကြေးထည်များနှင့် ပတ်သက်၍ ထုတ်လုပ် လုပ်ကိုင်နေဆဲဖြစ်သည်။ ကျောက်ဆစ်တန်းမှာလည်း မန်္တလေးအနောက်ပြင် ကျောက်ဆစ်တန်းတွင် လုပ်ငန်း ပျောက်ကွယ် သွားသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ဘုရားကြီး ကျောက်ဆစ်တန်းတွင် ယခု ဆယ်စုနှစ်များအတွင်း ပြန်လည် ရှင်သန်ထမြောက်လာသလို လုပ်ငန်းများလည်း ဖြစ်ထွန်းနေပြန်သည်။
ဆူးငှက်
