အသက် ၃၅ နှစ်အောက်တွေကို PJ ကနေ PV ပတ်စ်ပို့ ပြောင်းလဲမှု ရပ်ဆိုင်းထား

ဇန်နဝါရီ ၁၅ – ၂၀၂၆
SN (VOM)
အသက် ၃၅ နှစ်အောက် လူငယ်တွေကို PJ (အလုပ်နိုင်ငံကူးလက်မှတ်) ကနေ PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ပြောင်းလဲ လျှောက်ထားခွင့် ရပ်ဆိုင်းထားတယ်လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတွေနဲ့ ပတ်စ်ပို့ သွားရောက် လုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ရုတ်တရက် ရပ်ဆိုင်းလိုက်တာ ဖြစ်ကာ ဒီအကြောင်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ အင်တာနက်စာမျက်နှာမှာ တရားဝင် ထုတ်ပြန်တာ မရှိသေးသလို လက်မှတ်ထုတ်ပေးရေး ရုံးမှာလည်း စာကပ်ပြီး ကြေညာထားခြင်းမျိုး မရှိဘူးလို့ သိရပါတယ်။
“ဘာအတွက် ပိတ်တာလဲတော့ မသိဘူး။ ရုံးကို မေးကြည့်တော့လည်း အကြောင်းပြချက် ဘာမှမပြောဘူး။ စာထုတ်မယ်လို့တော့ သတင်းရတယ်။ ဒါကလည်း မသေချာသေးဘူး။ အခု ပိတ်တာကို ဘယ်တော့ ပြန်ဖွင့်ပေးမယ်ဆိုတာလည်း ရုံးဘက်က မပြောနိုင်ကြဘူး။ ဒါပေမယ့် အသက် ၃၅ နှစ်အထက်တွေတော့ PJ ကနေ PV ပြောင်းလို့ ရနေသေးတယ်” လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူ တယောက်က ပြောပါတယ်။
အရင်က သက်တမ်းကျန် PJ ကို PV ချိန်းမယ်ဆိုပါက တနှစ်သက်တမ်းရှိတဲ့ PV စာအုပ်ကို ချိန်းပေးပေမယ့် လက်ရှိမှာတော့ အသက် ၃၅ နှစ်အောက်ဖြစ်ပါက ချိန်းပေးခြင်း မရှိတော့ဘူးလို့ သူက ပြောပါတယ်။
“အရင် PJ သက်တမ်းကျန်တဲ့ စာအုပ်တွေကို တချို့ PV ချိန်းချင်ကြတယ်။ အဲဒီအခါ ချိန်းပေးတယ်။ ဘယ်လိုချိန်းပေးလဲဆိုတော့ ပတ်စ်ပို့သက်တမ်း ငါးနှစ် မဟုတ်ဘဲ တနှစ်သက်တမ်းပဲရှိတဲ့ PV စာအုပ်ကို ချိန်းပေးတယ်။ အဲဒီလို ချိန်းကြတဲ့အခါ အခု ၃၅ နှစ်အောက်ဆိုရင် ချိန်းလို့မရတော့ဘူး။ PV to PV သက်တမ်းတိုး၊ PJ to PJ သက်တမ်းတိုးတွေက ပုံမှန်အတိုင်း တိုးလို့ရတယ်” လို့ သူက ပြောပါတယ်။
အခုလို ပြောင်းလဲ လျှောက်ထားခွင့် ပိတ်လိုက်တာကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်မယ့်သူတွေ ပိုပြီး အခက်အခဲဖြစ်လာနေပြီး ဂျပန်နဲ့ ကိုရီးယားကို ပညာသင်အလုပ်သမားတွေအဖြစ် သွားမယ့် လူငယ်တွေ အကုန်လုံးအပေါ် သက်ရောက်မှု ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဇန်နဝါရီ ၁၂ ရက်နေ့အထိ ရသေးတယ်။ ၁၃ ရက်နေ့ကစပြီး မရတော့ဘူး။ ရုံးဝင်သမျှလူတွေ အကုန်ပြန်လွှတ်တယ်။ ယောင်္ကျားလေးတွေရော၊ မိန်းကလေးတွေရော အကုန်ပြန်လွှတ်တာ။ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အလည်အပတ်သွားတာဖြစ်ဖြစ် အခက်အခဲ အများကြီး ကြုံရတာပေါ့။ တဖြည်းဖြည်းနဲ့ လူငယ်တွေ နိုင်ငံခြားထွက်ဖို့ အခွင့်အလမ်း မရှိသလောက်ဖြစ် လာနေတယ်” လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို သွားရောက်ခဲ့သူ တယောက်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့ကစလို့ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီးတဲ့နောက် PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ PV ကို ပြောင်းလဲလျှောက်ထားပြီး အလည်အပတ်ဗီဇာနဲ့ ပြည်ပထွက်ဖို့ ကြိုးစားလာကြတယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီလို ပြောင်းလဲ လျှောက်ထားတာတွေကို အစိုးရက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကစပြီး ပိတ်ပင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာတော့ PJ ကနေ PV ပြောင်းလဲခြင်းအတွက် PV သက်တမ်း တနှစ်ပေးကာ ပြန်လည် ခွင့်ပြုပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အရင်က PJ ကနေ PV ပြောင်းတာကို ငါးနှစ်သက်တမ်းပေးတယ်။ အဲဒါကို ပိတ်ပြီးတော့ နောက်ပိုင်း တနှစ်သက်တမ်းနဲ့ ပြန်ခွင့်ပြုပေးသေးတယ်။ အခု အဲဒီ တနှစ်ပေးတာလည်း ရပ်လိုက်ပြီဆိုတော့ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ မြန်မာပြည် ဥပဒေတွေက တရက်တမျိုးကို ပြောင်းနေတော့တာပဲ” လို့ ပြည်ပနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူ တယောက်က ပြောပါတယ်။
ဒါအပြင် အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေနဲ့ ခွင့်ပြန် အလုပ်သမားတွေကို အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။
ဒါကြောင့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ PJ နဲ့ ပြည်ပထွက်ခွာမယ့်သူတွေ အားလုံး ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပြီး အဲဒီနောက်ပိုင်းမှာလည်း PV နဲ့ ပြည်ပထွက်ခွာမယ့် သူတွေပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရတယ်လို့ သိရပါတယ်။
PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကို အလည်အပတ် ထွက်ခွာရာမှာ အထောက်အထား၊ လေယာဉ်လက်မှတ် (အသွား၊ အပြန်)၊ ဗီဇာ၊ Show Money ၊ ဟိုတယ်ဘိုကင်တွေ အပြည့်အစုံရှိကြပေမယ့် လေယာဉ်ပေါ် တက်ခွင့်မရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW