Mytel ၊အင်းဝဘဏ်၊ မြဝတီဘဏ် အပါအဝင် လူမှုကွန်ရက်စာမျက်နှာ အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှား

ဇန်နဝါရီ ၂၈ ၊ ၂၀၂၆
GG (VOM)
Mytel အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေ ၊ ဂရုတွေနဲ့ ပရိုဖိုင်း အကောင့် စုစုပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်မှု အရသိရပါတယ်။
Facebook ကနေ ဖယ်ရှားခံလိုက်ရတဲ့ အကောင့်အများစုဟာ မိုင်တဲလ်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အကောင့်တွေ ဖြစ်ပြီး၊ ကျန်အကောင့်တွေကတော့ အစိုးရတပ် စီးပွားရေးလုပ်ငန်းစုကြီးတွေ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ ၊ လုပ်ငန်းအမှတ်တံဆိပ်တွေနဲ့ ဆက်စပ်အကောင့်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နဲ့ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ နဲ့ ဒဂုန်ဘီယာ အမှတ်တံဆိပ်တွေ ၊ နန်းမြိုင်ကဖီး ၊ Indoor Skydiving တို့နဲ့ ဆက်စပ်အကောင့်တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါအပြင် a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့တယ်လို့ ထုတ်ပြန်မှုအရ သိရပါတယ်။
လက်ရှိ အစိုးရတပ် နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ ဆိုပြီး အဆိုပါ လူမှုကွန်ယက်စာမျက်နှာပေါင်း ၂၇၀ ကို Facebook ကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်တယောက်က ” ဘွိုင်းကောက်ဆိုပြီး လုပ်တဲ့သူလည်း ရှိသလို သုံးတဲ့သူလည်းရှိတာပဲ။ သုံးသူရှိလို့သာ ဒီပစ္စည်းတွေလည်း ထုတ်လုပ်မှုမရပ်ဘဲ ခုချိန်ထိ ရပ်တည်နေတာပေါ့လေ ။ မိုင်တဲဆင်းကဒ်ဆိုလည်း တော်တော်များများ သုံးနေကြတာ အားလုံးအသိပဲ ။ခုပိတ်လိုက်တဲ့ မြဝတီတို့ အင်းဝ ဘဏ်တို့ဘာတို့ကတော့ နဂိုထဲက ပြည်သူတွေ အသုံးနည်းပါတယ်။ ခုလည်း လူမှုကွန်ယက်ကနေ ဖယ်ရှားလိုက်တယ်ဆိုပေမယ့် မြေပြင်မှာ သုံးတဲ့သူက ဆက်သုံးနေမှာပဲ ။ဒါကို မသုံးဖို့ အတင်းအကျပ်လုပ်မှမရတာ ။ မသုံးသူကိုလည်း သုံးကို သုံးရမယ်လို့ ပြောမှမရတာ ။ အားလုံးက ကိုယ်ကြိုက်တာကိုယ်လုပ်ကြတာပါဘဲ ။ ” လို့ မှတ်ချက်ပြု ပြောပါတယ်။
အစိုးရတပ်နဲ ​ဆက်စပ်နေတဲ့ လူမှုကွန်ယက် အကောင့်တွေ ကို ပိတ်ပေးဖို့အတွက် Justice For Myanmar က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တိုင်ကြားခဲ့ခြင်း ဖြစ်တယ်လို့လည်း.ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့ကလည်း Mytel နဲ့ ဆက်စပ်နေတဲ့ လူမှုကွန်ယက် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကနေ ဖယ်ရှားမှု ရှိခဲ့တယ်လို့ JFM ထုတ်ပြန်ထားမှုအရ သိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း အစိုးရရဲ့ သတင်းဌာနဖြစ်တဲ့ မြဝတီသတင်းစာမျက်နှာကို Tik Tok ကနေ ဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Justice For Myanmar

Related posts

Leave a Comment

VOM News

FREE
VIEW