ထီးချိုင့်မြို့မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေ

ဇန်နဝါရီ ၃၀ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေပြီး ဧရာဝတီတံတားအနီးနဲ့ မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ​မြေပြင်စစ်​ရေးသတင်းအ​ခြေအ​နေသိသူက​ပြောပါ်တယ်။
ထီးချိုင့်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ထီးချိုင့်မှာ တိုက်ပွဲမဖြစ်တာ တနှစ်ကျော်ကြာပြီ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ပြန်ဖြစ်နေတာ။ လက်နက်ကိုင် တပ်တွေက ဧရာဝတီတံတား ဝန်းကျင်နဲ့ မြို့ပေါ်ကို အဓိက တိုက်နေတာပေါ့။ အရပ်သားတွေကိုလည်း ရှောင်ခိုင်းထားတယ်။ အသေးစိတ် အခြေအနေကိုတော့ လုံခြုံရေး အခြေအနေအရ ပြောလို့မရသေးဘူး” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ ထီးချိုင့်မြို့အတွင်း နေထိုင်တဲ့ ဒေသခံတွေနဲ့ မြို့အနီးဝန်းကျင်က ရပ်ကွက်တွေ၊ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ ထီးချိုင့်မြို့ကို လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပထမအကြိမ် စတင် တိုက်ခိုက်ခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလလောက်အထိ တိုက်ပွဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်က မြို့ရဲ့နေရာ အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် အစိုးရတပ်ရဲ့ တန်ပြန် ထိုးစစ်ဆင်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ တကျော့ပြန်တိုက်ပွဲ ဆင်နွှဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထီးချိုင့်မြို့အပြင် စစ်ကိုင်းတိုင်းအတွင်းက ဗန်းမောက်၊ ကသာ၊ ကောလင်းနဲ့ ဝန်းသိုမြို့တို့မှာလည်း တိုက်ပွဲတွေ ရှိနေပြီး စစ်ရေး ဆက်လက် တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ မြို့ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
စစ်ရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်အရ ကသာနဲ့ ထီးချိုင့်မြို့တို့ဟာ မန္တလေး – စစ်ကိုင်း – ဗန်းမော် လမ်းကြောင်းတလျှောက်ကို ရေလမ်း၊ ကုန်းလမ်းတွေနဲ့ ချိတ်ဆက်နိုင်တဲ့ ဗျူဟာမြောက် ဒေသတွေ ဖြစ်တဲ့အတွက် နှစ်ဖက်စစ်ရေးအရ အလွန်အရေးပါတဲ့ နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဗန်းမောက်မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ လက်ရှိမှာတော့ တိုက်ပွဲကာလ နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ပစ်ခတ်မှုတွေ နေ့စဉ် ရှိနေဆဲဖြစ်ကာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဗန်းမောက်မြို့ပေါ်က နေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံ အများအပြားလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ပြန်လည်ရရှိနိုင်ဖို့ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) က အစိုးရတပ်ရဲ့ အကူအညီနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ကောလင်းမြို့နယ် အတွင်းမှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားရာ နယ်မြေဖြစ်တဲ့ သစ်ဖုလတောင်အနီးမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရတပ် စစ်ကြောင်းဟာ သစ်ဖုလတောင်မှ ကီလိုမီတာ ၆ မိုင်ခန့်အကွာရှိ ကျောက်တန်းကျေးရွာမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကောလင်းမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို ဝန်းသိုအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၁၁၁ နဲ့ ၁၂၀) တပ်တွေက အင်အားအများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW