ဇန်နဝါရီ ၃၀ ၊ ၂၀၂၆
GG (VOM)
နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ပစ္စည်းလုယက်တဲ့ တရားခံ နှစ် ယောက်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်အပြင် ထောင်နှစ် ၇၀ ပါ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
လူသတ် ၊ အဓမ္မကျင့်ကာ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံနှစ်ယောက်ဟာ သိန်းဇော် (ခ) ကိုသိန်း နဲ့သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့ဖြစ်ပြီး
ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်စေရန် (သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ်နှစ် (၂၀)(နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် (၂၀) ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ်နှစ် (၂၀) ၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် (၁၀)နှစ်စီ အသီးသီးကျခံစေဖို့ ဥတ္တရသီရိမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါအပြင် လုယက်ရရှိခဲ့တဲ့ ပစ္စည်းတွေ ဖျောက်ဖျက်ရာမှာ ပါဝင်ကျူးလွန်ခဲ့တဲ့ တရားခံအောင်ကိုဦး (ခ) ဘယ်ကြီး၊ နန်းရွှေစင် (ခ) ကုလားမ၊ အောင်ဇော် (ခ) ကိုဇော် တို့သုံးယောက်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် (၃) နှစ် ၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ်ခြောက်လစီ အသီးသီးကျခံစေဖို့ ဇန်နဝါရီ ၂၈ ရက်နေ့က အမိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
” ဒီလိုလူတွေကို ခုလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်တာ အတော်လေးကောင်းပါတယ်။ ဒီလိုကောင်တွေက ပြန်လွတ်လာဖို့ ကောင်းတဲ့ အထဲလည်းမပါဘူး ။ ကျွနတော်တို့ကတော့ ခုလို အမိန့်ချပေးတဲ့ တရားသူကြီး ကျေးဇူးတင်တယ်။ ဒါမှ နောက်လူတွေလည်း ကြောက်ရကောင်းမှန်းသိပြီး ဆင်ခြင်နိုင်မှာ ။ ” လို့ နေပြည်တော်ကောင်စီနယ်မြေ ဒေသခံက တယောက်က ပြောပါတယ်။
လူသတ် ၊ အဓမ္မကျင့် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံနှစ်ယောက် နဲ့ အမှုဖျောက်ဖျက်ဖို့ ပူးပေါင်းကျူးလွန်သူတွေကိုတော့ စက်တင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး ဖမ်းဆီးပြီး ငါးလ အကြာမှာ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ လူသတ် ၊ အဓမ္မကျင့် ၊ ပစ္စည်းလုယက်ခဲ့တဲ့ ဖြစ်စဥ်ကတော့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖြစ်စဥ်ကတော့ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မအိအိငြိမ်းဟာ နေအိမ်ကနေ ယောက္ခမဖြစ်သူနေအိမ်ကို တယောက်ထဲ ဆိုင်ကယ်နဲ့ သွားရောက်ရာမှ အဓမ္မကျင့် သတ်ဖြတ်ခံရပြီး ပစ္စည်းလုယက်ကာ အလောင်းကို ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့သာသားသတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ခြုံတောအတွင်းမှာ တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
တရားခံတွေဟာ အခင်းဖြစ်တဲ့ နေ့က အရက်သေစာသောက်စားနေချိန် မအိအိငြိမ်းမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တွေ့ရှိပြီး တားဆီးကာ အဓမ္မဝိုင်းဝန်းပြုကျင့်ခဲ့ကြတာ ဖြစ်ကြောင်း ၊ အဲဒီနောက် မအိအိငြိမ်းမှ ရုန်းကန်ထွက်ပြေးခဲ့တဲ့အတွက် သစ်သားတုတ်နဲ့ လည်ပင်း၊ ဦးခေါင်းကို ရှစ်ချက်ခန့်ရိုက်နှက်ခဲ့ရာမှ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ တရားခံတွေက မအိအိငြိမ်းဝတ်ဆင်ထားတဲ့ ရွှေလက်စွပ်တကွင်း၊ ရွှေနားကပ် တရံနဲ့ ဆိုင်ကယ်တို့ကို ယူဆောင်ကာ ရောင်းချဖျောက်ဖျက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
