ဇန်နဝါရီ ၃၀ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာ မနေ့ ဇန်နဝါရီ ၂၉ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လူးဒေသ လေဘိုကျေးရွာမှာ မနေ့ ည ၉ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့က လေယာဉ်က နေ့လယ်ပိုင်းမှာ တကြိမ်ကြဲသေးတယ်။ အဲဒီမှာ လူအထိအခိုက် မရှိဘူး။ ညပိုင်းကျမှ လူထိတာ။ ခုနောက်ပိုင်း မော်လူးမှာ လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာတော့ လေဘိုကျေးရွာက ဒေသခံတွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။
မော်လူးဒေသအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း မာန်ဟဲကျေးရွာရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ငါးယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇန်နဝါရီ ၂ ရက်နေ့ကလည်း ရွာရှည်ရွာ စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ မော်လူးမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီနောက် ရုံးနဲ့ စခန်းတွေကို လူနေကျေးရွာတွေအတွင်း ထားရှိထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လေကြောင်း တိုက်ခိုက်ခံရတဲ့အခါ လူထိခိုက် သေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်နေရတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။
“ဒီက ဒေသခံတွေ အများစုကတော့ ရွာတွေပေါ် လေယာဉ်တွေ ခဏခဏဝဲနေတာကို မကြိုက်ကြဘူး။ ရွာထဲမှာ စခန်းတွေ ရှိနေတာကိုလည်း မလိုလားကြဘူး။ သူတို့ရဲ့ တည်နေရာကို အစိုးရတပ်က သိနေပြီးလောက်ပြီ ဖြစ်တဲ့အတွက် သူတို့စခန်းတွေ ရွာထဲရှိနေသမျှ လေကြောင်းအန္တရာယ်က ရှိနေဦးမှာပဲ။ အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ သူတို့ ကာကွယ်ပေးတယ်လို့ ဆိုကာမှ လူတွေခဏတိုင်း သေနေကြရသလို ဖြစ်နေပြီ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့ အနီးဝန်းကျင်က ဒေသတွေဖြစ်တဲ့ ကသာ၊ ကောလင်းနဲ့ ဝန်းသိုမြို့နယ်တွေထဲမှာလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင်ကလည်း ကသာ မြို့ရှောင်ကွင်းလမ်းမှာ လက်နက်ကြီး ကျရောက်မှုကြောင့် နှစ်ယောက် သေဆုံးခဲ့တဲ့အပြင် ဆိုင်ကယ် တစီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
