သူတို့အိမ် အခန်း – ၄၄

ဆူးငှက်
သင်္ဘောတန်းက ဖိနပ်ကုန်ထုတ်မှာ
————————————-
သီရီဟေမာအနောက် ပုလိုင်းရပ်ကွက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော လုပ်သားစုပေါင်း ဖိနပ်လုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် လုပ်အားတံဆိပ် ဖိနပ်ကုန်ထုတ် သမဝါယမအသင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး သီရီမာလာအရှေ့ သင်္ဘောတန်း ရပ်ကွက်သို့ ပြောင်းရွေ့ခဲ့ပါပြီ။ အသင်း၏ လုပ်ငန်းနှင့် အတူ သက်သာ လက်ဖက်ရည်ဆိုင်လေးလည်း အတူ ပြောင်းရွှေ့ ခဲ့သည်။ စနေလို အားသည့် ရက်မှာ လက်ဖက်ရည်သောက်ရန် ကျွန်တော်တို့လည်း ပုလိုင်းရပ်ကွက်မဟုတ်တော့ဘဲ သင်္ဘောတန်းသို့ ခြေဦး လှည့်ရတော့သည်။ အခုနေရာက အိမ်နှင့် ပို၍ နီးကာ မိကျောင်းတံတားအတိုင်း တည့်တည့်ထွက်ပြီး ၂၆ဘီလမ်းကျော်ရုံနှင့် ရောက်ပါပြီ။ အလွန်ဆုံးရှိ ၅ပြ ၆ပြပေါ့။ ထိုဆိုင်ကို နောက်လူတို့က ဖိနပ်ကုန်ထုတ် ဟု ခေါ်ကြသော်လည်း ကျွန်တော်တို့ကတော့ လုပ်သားဆိုင်ဟုသာ နှုတ်ကျိုးနေပါပြီ။
ထို့ပြင် သမဝါယမသို့ အကူးအပြောင်း၌ နှုတ်ထွက်သွားကြသူများတွင် ကိုယ့်ဆွေ ကိုယ့်မျိုးများလည်း ပါသည်ဟု ဆိုစေကာမူ အခု ကုန်ထုတ် သမဎါယမအဖြစ် ပြောင်းလဲဖွဲ့စည်းသည့် အသင်း၏ ကော်မီတီနှင့် တာဝန်ခံ စာရင်းကိုင်မှာလည်း ထူးခြားစွာ မပြောင်းမလဲ ရှိသောကြောင့် ကျွန်တော်တို့အတွက် အသစ်အဆန်းပြန်လည် ဆက်ဆံရန် မလိုတော့ပါချေ။ ထို့ကြောင့် အရင်လိုသွား၊ ရုံးခန်းထဲက တာဝန်ခံစာရေးကြီး ကိုဌေးအောင်စာပွဲမှာ ဝင်ထိုင်၊ သူ့အံဆွဲထဲက တိုကင်ပြားတွေနှင့် လက်ဖက်ရည် မှာသောက်၊ တိုကင်လိုလျှင် ကျော်ကျော်(ကိုကျော်) တို့၊ ကိုဉာဏ်(ကိုဉာဏ်ဝင်း) တို့ဆီက တိုကင်ထပ်ယူမို့ အရင်ပုလိုင်းထဲက ဆိုင်လိုပါပဲ မထူးခြားလှပေ။ အရင်ကတော့ အလုပ်ရုံနှင့် ရုံးခန်းက သီးခြားစီဖြစ်သော်လည်း အခုနေရာက အလုပ်ရုံ ဂိုဒေါင်ကြီးထဲအဝင်စမှာ ရုံးခန်းရှိသောကြောင့် လုပ်ငန်းခွင်တစ်ခုလုံး မြင်နေရသည်။
ဆိုရှယ်လစ်မို့ ရိုးရိုးသားသား ယုံကြတယ်
————————————————
ယခု ကုန်ထုတ်သမဝါယမအသင်း အဖြစ်ဖွဲ့စည်းလိုက်သောအခါ အသင်း၏ ကော်မီတီ အပါအဝင် အသင်း၏ တာဝန်ရှိ သူများကတော့ ဒေါင်ဒေါင်မြည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်များတော့ ဖြစ်သွားပါသည်။ ထို့ကြောင့် ထိုစဉ်ကာလ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်သည့် အခြေခံဥပဒေ အသစ်ရေးဆွဲရေး ပြည်သူ့ဆန္ဒ ခံယူရေး အတည်ပြုပြဋ္ဌာန်းရေး ဖွဲ့စည်းပုံနှင့် အညီ လွှတ်တော်နှင့် အစိုးရဖွဲ့စည်းရေးများကို အသင်း၏ တာဝန်ရှိသူများက စိတ်ဝင်စားကြသည်။ ထို့ကြောင့် လုပ်သားပြည်သူ့နေ့စဉ်ကဲ့သို့ သတင်းစာရောက်လာလျှင် စာမျက်နှာစေ့ ကျနသေချာစွာ ဖတ်ကြပြီး ပြောဆို ဆွေးနွေး ကြသည်။ အခြေခံဥပဒေ မူကြမ်းစာအုပ်ကိုလည်း စာပွဲပေါ်မှာ အသင့်ထားကာ အချိန်ရလျှင် စာအုပ်ဖွင့် ဖတ်ရှု ငြင်းခုံကြသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အပေါ် ပကတိ ရိုးသားစွာ ယုံကြည်ကြသူများ ဖြစ်ပါ၏။
ထိုပြောဆို ဆွေးနွေးငြင်းခုံကြရာတွင် အသင်း၏ တာဝန်ရှိသူများသာမက တခါတစ်ရံ မြို့နယ်ပါတီယူနစ်က ယူနစ်ကော်မီတီဝင်များ၊ အလုပ်သမားကောင်စီဝင်များ၊ လမ်းစဉ်လူငယ် ရေးရာမှူးများပင် ပါဝင်သည်။ သူတို့ကလည်း စက်ဘီးကိုယ်စီဖြင့် တဘက်လေး ပုခုံးပေါ်တင်ကာ မိုးကာ လက်ဆွဲအိတ်များ စက်ဘီးလက်ကိုင် ချိတ်ပြီး ပိတ်သား ဂေါက်ဦးထုပ် အဖြူလေးများ ကိုယ်စီနှင့် လက်ဖက်ရည် သောက်ရင်း ရောက်လာကြသူများဖြစ်သည်။ အကယ်၍ ကျွန်တော်နှင့် ဆုံလျှင် လက်ဖက်ရည်ခွက် ဘေးချပြီး သူတို့စကားဝိုင်းမှာ ငေးတော့တာပေါ့။
တကယ်တော့ သူတို့ စကားဝိုင်းမှာငေးတာက အခြေခံဥပဒေဆိုင်ရာ ပုဒ်ထီးပုဒ်မတွေကို စိတ်ဝင်စားလို့ နားလည်လို့မဟုတ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ အလံအသစ်ဒီဇိုင်းကို စိတ်ဝင်စားတာ၊ နိုင်ငံတော်သီချင်းအသစ်ဆိုတာကို စိတ်ဝင်စားတာ ဖြစ်သည်။ ဘာရယ်မဟုတ် အလံအသစ်ဒီဇိုင်းတွင် အနီရောင် တစ်ရောင်တည်း အောက်ခံတွင် ပင်နယံစက်သွား စပါးနှံနှင့် ကြယ်၁၄လုံး ဝန်းရံထားသည့် ပုံကို ကြိုက်နေသည်။ ဘယ်ဘက်ထောင့် က အပြာရောင် အကွက်ကိုပင် မပါစေချင်။ အလားတူ နိုင်ငံတော် သီချင်းအသစ်တွင်လည်း “အောင်လံဝင့်လို့ လွှင့်ထူခဲ့ပြီ ..” အစချီ သီချင်းကို သဘောကျသည်။ (ထိုစဉ်က အများစုမှာ ထိုသီချင်းကိုပဲ သဘောကျကြသော်လည်း မူလသီချင်းဖြစ်သည့် ကမ္ဘာမကြေ ကို မကျော်နိုင်သောကြောင့် မူလသီချင်းကိုပဲ စာသားအနည်းငယ် ပြောင်းကာ အတည်ပြုခဲ့သည်။)
လူရာဝင်ချင်တဲ့ စိတ်
————————-
ထို့ကြောင့် အခြေခံဥပဒေနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ ဆိုလျှင် ကျွန်တော်က အရွယ်နှင့် မလိုက် မပျင်းမရိတက်သည်။ တကယ်တော့ ထိုစဉ်ကာလက ကျွန်တော် မသိစိတ်က လမ်းစဉ်ပါတီအပေါ် စိတ်ဝင်စားနေပုံ ရပါသည်။ သို့သော် သေချာတာတစ်ခုက ထိုစဉ်က ဖွဲ့စည်းသည့် ရှေ့ဆောင်လူငယ် လမ်းစဉ်လူငယ် အဖွဲ့များမှာ ကျွန်တော် မပါဝင်ခဲ့တာ သေချာသည်။ ထိုအရွယ်က မိမိစိတ်အခံဖြင့် မပါဝင်ခဲ့တာတော့ မဟုတ်။ ကိုယ်တိုင်က ကျောင်းမှာ အသက်နှင့် လူကောင်အရ သေးငယ်ပြီး ကုပ်ကုပ်သာနေသောကြောင့် ကျောင်းသားကြီးများက ချန်ခဲ့ခြင်း ဖြစ်မည်။ တကယ်တော့ ဆိုရှယ်လစ်တွေ လမ်းစဉ်ပါတီတွေ မြန်မာ့နည်း မြန်မာ့ဟန်တွေကို စိတ်ဝင်စားသောကြောင့် ပါတီနိုင်ငံရေးကို စိတ်ဝင်စားတာ မဟုတ်ဘဲ အရွယ်လေး ကြီးကောင်ဝင်စ ဆိုတော့ လူရာ ဝင်ချင်တာ၊ အများနှင့် ပေါင်းစုပြီး အလုပ်တစ်ခု တာဝန်တစ်ခု ယူချင် ထမ်းချင်တာပဲ ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း) စာအုပ် ကို ဝယ်ယူပြီး ကျောင်းလွယ်အိတ်ထဲ ထည့်ထားခြင်း ဖြစ်ပါသည်။ သည်နေရာတွင် သတိရတာ တစ်ခု ပြောပါဦးမည်။ ကနဦးအစက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တဲ့။ သို့သော် နောက်တွင် ပြည်သူ့အုပ်ချုပ်ရေးပုံစံဖြစ်မည်မို့ ပြည်သူ အချင်းချင်း အုပ်ချုပ်ခြင်းဟူသော စီးပိုးသည့် သဘော မသက်ရောက်အောင် အုပ်ချုပ်ပုံ ဟူသော စကားလုံးကို ဖြုတ်ကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟု ပြောင်းလဲခဲ့သည်။ ဒီနေ့ခေတ် စကားနှင့် ပြောရသော် ဂျင်းအကြီးကြီးပေါ့။ ထားတော့။
ကိုင်း သည်တော့ ဇာတ်လမ်း ဆက်ကြဦးစို့။
သွားချည် ပြန်ချည် ဂဏှာ မငြိမ်
—————————————–
မမခင်စိန်က ကျွန်တော်နှင့် ဝင်းပေါက်မှာ တွေ့တော့ “ ကျော်ဆန်း နင့်မြင်မှ သတိရတယ်၊ ထားထားက ငါ့ကို စာရွက်လေး တစ်ရွက်ပေးထားတာ နင့်ကို ပေးလိုက်ပါတဲ့။ ငါလည်း လွယ်အိတ်ထဲ ထည့်ထားတာ မေ့နေတာ” ဟုပြောပြီး နောက်ရက်တွေမှာ မမခင်စိန်ကို မတွေ့။ သူက ဖျားနေတာတဲ့။ အိပ်ရာထဲမှာတဲ့။ ကဲဗျာ ကျွန်တော်က သူဖျားလို့ အိပ်နေသည့် သူ့အိမ်ထဲ ဝင်ပြီး မမခင်စိန် ထားထားပေးလိုက်တဲ့ စာရော လို့ ဘယ့်နှယ် မေးလို့ဖြစ်ပါ့မလဲ။ ကိုယ်တိုင်က ဘာမှ အရေးမကြီးသလို ဟန်လုပ်နေရတာလေ။ သည်တော့ မမခင်စိန်တို့ အိမ်ရှေ့ကနေ အကြောင်းမရှိ အကြောင်းရှာပြီး ဖြတ်လျှောက်လိုက်၊ သူ့အိမ် အရှေ့ဘက်က ဦးကြီးချို အလုပ်ကုတင်နားသွားလိုက်၊ အဲ့ဒီမှာလည်း ကြာကြာမနေဘဲ အပြန်မှာ မမခင်စိန် အိမ်ရှေ့ ဖြတ်လျှောက်လိုက်၊ ကျွန်တော်မှန်းသိအောင် သီချင်းလေး တစ်ပိုဒ်လောက် ခပ်ကျယ်ကျယ် ဆိုလိုက်ပေါ့။
ဒီလို သုံးလေးခေါက် လျှောက်ပြန် အသံပေးလုပ်နေတော့ ဦးကြီးချိုကလည်း မျက်စိနောက် လာဟန်တူရဲ့။ “ မောင်ကျော်ဆန်း မင်းက ဒီမှာထိုင်ပြီး ငါ့ဂျာနယ်တွေ ဖတ်မှာလား၊ အိမ်ပြန်မှာလား၊ ရေတွင်းမှာ ရေချိုးမှာလား၊ မောင်ကျော့်အိမ်ဘက်သွားမှာလား၊ အေး မင်းဒေါ်ကြီးအုန်းရင် ပြန်လာရင် အငေါက်ခံရ လိမ့်မယ်” တဲ့။
ဦးကြီးချို၏ အလုပ်ကုတင်ဘေး ခုံလေးပေါ်မှာ ထိုစဉ်က ထွက်သည့် ရှုထောင့်၊ အိုးဝေနှင့် ပြည်သူ့ကြယ် ဂျာနယ်များ ရှိသည်။ ကျွန်တော်က ဒေါ်ကြီးအုန်းရင် ဈေးရောင်ပြန်မလာခင် ဦးကြီးချိုအနား သွားဖတ်လေ့ ရှိသည်။ ဦးကြီးချို အိမ်အရှေ့ဘက်မှာက တစ်ဝင်းလုံးချိုးသည့် ရေတွင်းရှိသည်။ ရေတွင်းမြောက်ဘက် မေးတင် ကပ်ရက်က ကျော်ကျော် (ကိုကျော့်) အိမ်ရှိသည်။ ကျော်ကျော် အိမ်မှာလည်း သွေးသောက် မြဝတီ ရှုမဝ မဂ္ဂဇင်းဟောင်းများရှိလို့ ကျွန်တော် က ဓာတ်ကျသည်။
ဦးကြီးချိုက အဲ့လို အော်ငေါက်လိုက်တာ အဆိုးထဲက အကောင်းလို့ ပြောရမှာပေါ့။ မောင်ကျော်ဆန်း လို့ ငေါက်ခေါ်ခေါ်လိုက်တော့ ကပ်ရက်အိမ်ထဲမျာ နေမကောင်းလို့ အိပ်နေတဲ့ မမခင်စိန်က ကြားပါရော၊ သူက အိပ်ရာထဲက ထစ ထိုအသံကြောင့် “ဟဲ့ ကျော်ဆန်း နင့်စာရွက် လာယူဦးလေ” ဟု လှမ်းအော်သံက ဗေလုဝ နတ်စောင်းသံတမျှ သာယာလှသည်။ ကျွန်တော်က မမခင်စိန်တို့အိမ်ဘက် ခပ်သုတ်သုတ်ကူးသည်။
ဦးကြီးချိုက ကျွန်တော့်ကို မျက်စောင်းထိုး ကြည့်သည်။ မမခင်စိန်က သူ့အိမ်ပေါက်မှာ ထွက်လာပြီး လက်ထဲက စာခေါက်လေးကို လှမ်းပြသည်။ ခပ်လှမ်းလှမ်းကမို့ သေချာမမြင်သော်လည်း မမခင်စီန်က ရေအိုးစင်နားထိ ထွက်လာကာ ချောင်းဆိုရင်း “နင့် စာရွက်လေးလို့ ပြောတာပဲ၊ ထားထားက ငါ့ကို ပေးခိုင်းလိုက်တာ” ဟု ပြောရင်း စာရွက်ခေါက်လေးလှမ်းပေးကာ ရေတစ်ခွက်ခတ်သောက်သည်။
ကိုယ်ပေးလိုက်တဲ့ စာရွက်ပြာ
——————————-
ကျွန်တော့ လက်ထဲရောက်တော့ ကျွန်တော် မျက်မှောင် ကျုံ့သွား၏။ ကျွန်တော်ပစ်ချခဲ့တဲ့ စာရွက်ခေါက်လေး ပါပဲ။ ဖွင့်ဖတ်ထားပုံတော့ရသည်။ ထားထားဖွင့် ဖတ်တာလား၊ ဒါမှမဟုတ် ထားထားက ဖွင့်ပင်မဖတ်ဘဲ မမခင်စိန်ကို ပြန်အပေးမျ မမခင်စိန်ကပဲ ဖွင့် ဖတ်သလား မသေချာ။ ကျွန်တော်က ခေါင်းကို ကုပ်ရင်း “ မမခင်စိန် ဒါက ကျွန်တော့ စာရွက်လေး၊ ထားထားက ဘာလို့….” ဟူသော ကျွန်တော့် စကားမဆုံးမီမှာ မမခင်စိန်က ရေသောက်နေရာက လက်ကာပြီး ခဏစောင့် ဟူသော အမူအရာပြသည်။
ကျွန်တော်က မဖျားဘဲ ရင်တွေပူ ရေငတ်လာသလို ခံစားနေရပြီ။ မမခင်စိန်က ရေခွက်ထဲက ရေကို အပြီးသတ်သောက်ကာ ရေခွက်ကို ရေအိုးဖုံးပေါ်က သံပန်းကန်ပြားလေးပေါ်တင်ရင်း “ တစ်ညက နင်နဲ့ မောင်ဒွေး သူတို့ အိမ်ရှေ့ဖြတ်အလျှောက်မှာ နင့်ဆီက ဒီစာရွက်လေး ကျကျန်ရစ်တာ သူကမြင်လို့ ကောက်ပြီး သိမ်းထားတာတဲ့။ နောက်ရက် နင်တို့ လာရင်ပြန်ပေးမလို့ စောင့်နေတာ မလာလို့ မပေးဖြစ်တာတဲ့။
ဒါကြောင့် အရေးကြီးတဲ့ စာရွက်လားမသိဘူးဆိုပြီး ဖွင့်ကြည့်တော့ စာရင်းတွေမှတ်ထားတာတွေ့တော့ အရေးကြီးလောက်တယ်ဆိုပြီး ငါကို ပြန်ပေးခိုင်းတာ၊ ငါလည်း သူ့ရှေ့မှာတင် ဖွင့်ကြည့်တော့ စာရင်းတွေတွေ့လို့ ဒါဆို သူ့အစ်မ မခင်လှ စာရွက်နေမှာ မခင်လှက သူ့မောင်ကတဆင့် သမဝါယမ က ကိုအေးကြီးကို ပေးခိုင်းတာ ကျရစ်တာနေမှာ ..” ဟု ဆိုတော့ ကျွန်တော်လည်း ဂြိုဟ်သားစကားများကို ကြားရသလို ဘာမှ နားမလည်နိုင်တော့။
ဘာပြန်ပြောရမှန်းမသိတော့ ငါစာရွက်မှားပြီးများ ပေးလိုက်မိတာလားဟူသော သံသယစိတ်ဖြင့် မမခင်စိန် ပြန်ပေးသည့် စာရွက်ခေါက်လေးကို အမြန်ဖွင့် ကြည့်မိသည်။ သေသေချာချာကြည့်လိုက်မှ အလိုလေးဟု အော်ကာ ရင်ပတ်စည်တီးပြီး ငိုရမလို၊ သို့မဟုတ် အမ်မလေး ထားထားရယ် ဟု ဆိုကာ အော်ရယ်ရမလား ဝေခွဲ မရနိုင်တော့။
စာဖတ်သူ မိတ်ဆွေများ မှတ်မိကြပါရဲ့လား။ အဲဒီညက ထားထားပေးဖို့ စာကို ဈေးချို အောက်လိုင်း စီရုံပေါက် စာရေးကိရိယာဆိုင်က ဝယ်သည်။ အပြာနုရောင် စာရွက်လေးတွေပါသည့် စာရေးပက်လေး။ ထိုစာရေးပက်က စာရွက်လေးမှာ ပိုင်းလော့ဖောင်တိန်ထဲ ပတ်ကား မင်ပြာ ထည့်ပြီး စာကို သေချာရေးသည်။ ဘာတဲ့ မိတ်ဆွေတို့တောင် သဘောကျတယ်ဆိုတဲ့ စာသား တိုတိုလေး၊
“ထားထား ကို ချစ်လို့ပါ၊
ဒို့အချစ်ကို ၅၂၈ လို့ ဈေးမဆစ်နဲ့၊
ဒို့ ချစ်တာက ၁၅၀၀”
အဲ့ဒီစာကို ထားထားဆီ ပေးတဲ့ညက မပေးခင်လည်း ရင်တုန် ပန်းတုန်မို့ ဆောင်းတွင်းကြီးမှာ ချွေးတောင်ပြန်ရဲ့။ စာခေါက်လေး အိပ်ထဲထည့်ပြီး ၂ယောက်ထဲ သွာတဲ့ ကျန်တစ်ယောက် (ကိုမောင်ဒွေး) မရိတ်မိအောင် ဣန္ဒြေ ဆယ်ရတော့ ချွေးက ထပ်ထွက်၊ ဟောဗျာ သူ့အိမ်ရှေ့မရောက်ခင် သူရှိပါ့မလာဓ သူ့အိမ်ရှေ့ရောက်လို့ သူရှိပြန်တော့ ပွဲစားကြီးရပ်နေလို့ ချွေးပြန်၊ ပွစြားကြီး ပြန်ဝင်သွားတော့ သူ့အစ်မများထွက်လာဦးမလားဆို ချွေးတွေ ထပ်နစ်၊ ဘယ်သူမှ ထွက်မလာတော့ အခွင့် အရေးကောင်းပြီဆိုပြီး စာလေးပစ်ချမယ်ဆိုတော့ ဘေးက ကိုမောင်ဒွေး လှမ်းကြည့်ပြီး ချွေးနစ်၊ ကိုမောင်ဒွေးက ထိုးမုန့်သည် အပျိုကြီးမမ က လှမ်းနှုတ်ဆက်လို့ တဘက်လှည့်ချိန် ရင်ခုန်နှုန်း က ဒုံပျံမမာ စိတ်လှုပ်ရှားပြီး ချွေးတွေ နစ်နေတဲ့ အိတ်ထဲက ချွေးစိုနေတဲ့ စာခေါက်လေး လှမ်းပစ်ချလိုက်ရတာလေ။ စာခေါက်လေး ကျတဲ့ သူတို့ အိမ်ရှေ့က သမံတလင်းကလည်းအိမ်ရှေ့ ကျုံးရေကန်ဘေးလေ။
ငိုချင်းဆိုင်းလေးနဲ့
———————
ကိုင်း.. မိတ်ဆွေတို့ ကျွန်တော့် စာခေါက်လေး မယ်မင်းကြီးမ ဒေါ်ထားထား ဖွင့်ဖတ်တော့ ပိုင်းလေားဖောင်တိန်နဲ့ ပတ်ကားမင်နဲ့ ရေးထားတဲ့ စာလုံးတွေက ချွေးတွေနစ် ရေစိုပြီး ကွက်တိကွက်ကြားလေ။ “ထားထား ကို ချစ်လို့ပါ” ဆိုတဲ့စာက ထဆင်ထူးပဲ သုည ၂လုံးလိုလို မပီမသကျန်ပြီး ကျန်စာလုံးတွေက မှင်ပျံ့လို့ ဖတ်မရ။ ဟော နောက်တစ်ကြောင်းစီက “ဒို့အချစ်” တို့ “ ဒို့ ချစ်တာက” တို့ ဆိုတဲ့ စာလုံးတွေကလည်း ဖတ်မရတော့။ စာရွက်ခေါက်နေရာ ရောက်နေတဲ့ “၅၂၈” နဲ့ “၁၅၀၀” တော့ ဖတ်လို့ ရရဲ့။
ဒါကြောင့် ပြန်ပေးလိုက်တဲ့ စာရွက်က ဖတ်ရနိုင်ဖွယ် စာကြောင်းလေးကို ကျောက်စာ အဖြေရှာသလို ဆက်စပ်ဖတ်ကြည့်တော့ “ဈေးမဆစ်နဲ့..” ရယ်၊ “၅၂၈” ရယ်၊ “၁၅၀၀” ရယ်ပဲ ကျန်တော့ သဗျို့။ ကျွန်တော်က နဖူး မရိုက်မိအောင် ဟန်ဆောင်လိုက်ရချိန်မှာ မမခင်စိန်က “ ထားထား အဲ့ဒါ သူ့အစ်မက ကိုအေးကြီးကို ဆန်ဈေးဆစ်တာ မရဘူး လို့ အကြောင်းပြန်တာနေမှာ၊ ဒါပေမယ့် ၁၅၀၀ တန်က ဆန်အိတ်တော့ မဖြစ်လောက်ဘူး၊ ဘာပဲပြောပြော အရေးကြီးတဲ့ စာရင်းနေမှာ ငါပြန်ပေးလိုက်ပါမယ်လို့ ပြောလိုက်တယ်။ တော်သေး နင့် စာရွက်ကို ထားထားတွေ့လို့သာပေါ့ .” တဲ့။ ကိုင်း မိတ်ဆွေတို့ ငိုချင်းဆိုင်းနဲ့သာ ကားလိပ်ချ လိုက်ပါတော့ဗျာ။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW