ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေပေးတဲ့ စက်ရုံအရောက် ကြံတတန်စျေးဟာ နည်းတဲ့အတွက် ကြံတောင်သူတွေ သိန်းထောင်ချီ အရှုံးပေါ်မယ့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
သကြားစက်ရုံ ၊ ဝန်ကြီးဌာန ၊ ကြံနဲ့သကြား အသင်းအပါအဝင် ကြံတောင်သူတွေ စုပေါင်း ညှိနိူင်းမှုအရ စက်ရုံက ကြံတတန်ကို စက်ရုံအရောက်စျေးအဖြစ် ၁၁၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၅၀၀၀ ကျပ်နဲ ဝယ်ယူဖို့ သဘောတူညီ သတ်မှတ်လိုက်ပြီး ယခု ဖေဖော်ဝါရီလထဲမှာပင် စက်ရုံတွေ လည်ပတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကြံတောင်သူတွေအနေနဲ့ ကြံသယ်ကားခ ( မိုင်အနီးအဝေး ) ၁၅၀၀၀ မှ ၅၄၀၀၀ ကျပ်ဝန်းကျင် ၊ ကြံခုတ်ခ ၂၀၀၀၀ ကျပ် ၊ ကြံတင်ခ ၁၅၀၀၀ ကျပ် ၊ ကြံစိုက်ပျိုးမှု ကုန်ကျစရိတ်က တတန်ကို ၆၅၀၀၀ အထက်ရှိတဲ့အတွက် စုစုပေါင်း ကြံတတန်ကို စက်ရုံအရောက်စျေး ၁၁၅၀၀၀ အထက်မှ ၁၅၀၀၀၀ ကျပ်အထက် ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် တောင်သူတွေမှာ ကြံတတန်ကို အများဆုံး ၃၅၀၀၀ ကျပ်လောက်အထိ အရှုံးပေါ်မှာဖြစ်လို့ ကြံတန်ချိန် ထောင်နဲ့ချီ ထွက်ရှိမယ့် တောင်သူကြီးတွေအနေနဲ့ဆိုရင် သိန်းထောင်ချီပြီး အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော် ကိုယ်ပိုင် ၇၈ ဧက စိုက်ပျိုးထားပြီး ကြံတန်ချိန် ၁၁၅၀၀ စာချုပ်ထားပါတယ် ။ ကျွန်တော်ဆိုရင် မိုင် ၄၀ ကျော်ပါတယ်။ အရင်းတောင်မရပါဘူး ။ရှုံးပါတယ်။ ကြံ ကျန်ရင်ပိုရှုံးပါတယ်။ ဧကများရင် ပိုရှုံးတယ် ။ ကြံတန်အထွက်များပြီး ရင်းနှီးမြုပ်နှံမှု့များတဲ့ တောင်သူပိုရှုံးတာပေါ့။ စက်လည်စေချင်နေပြီ ။ စက်လည်မယ့် အချိန် မိုးကျလာရင် တောင်သူက ခုတ်သားအလုပ်သမား အခက်အခဲရယ် စျေးနူန်းအခက်အခဲရယ် ကြံပြီးအောင် ဘယ်လိုမှကို မလုပ်နိုင်တဲ့ အနေအထားတခု ဖြစ်သွားပြီ ။ ” လို့ ဝေမာ စက်ရုံအပိုင်နယ်မြေထဲက ကြံစိုက်တောင်သူ ကိုသက်က ပြောပါတယ်။
ဒါအပြင် သကြားစက်ရုံတွေက တောင်သူတွေ ထွက်ရှိသမျှ ကြံအားလုံးကို.ဝယ်ယူခြင်းမရှိဘဲ တန်ချိန် အကန့်အသတ်နဲ့သာ ဝယ်ယူမယ့် အခြေအနေရှိတာကြောင့် တောင်သူတွေ အနေနဲ့ ပိုပြီး အရှုံးကြီးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
စက်ရုံက မဝယ်ဘဲ ကျန်ရှိတဲ့ ကြံတွေကိုတော့ တောင်သူတွေအနေနဲ့ ဖျက်ဆီးပစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“စက်ရုံအရောက် ၁၁၅၀၀၀ စျေးပေးပါတယ်။ ရှုံးပါတယ်။ တတန်ကို ၃၅၀၀၀ ကျပ်ရှုံးပါတယ်။ ဒါပေမယ့် လုံးဝစက်မလည်ရင် ဆုံးရှုံးမှာနဲ့ တွက်ရတာပေါ့။ကျွန်တော်က ကြံဧက ၁၅၀ စိုက်ထားပါတယ်။ ကြံတန်ချိန် ၃၅၀၀ နဲ့ ၄၀၀၀တန်ကြား ထွက်မှာပါ ။ကျွန်တော်တို့က စျေးလည်းနည်း ၊ ကြံလည်းအကုန်မရောင်းရတော့ အရှုံးများပါတယ်။ သိန်းတထောင်ကျော်မက ရှုံးမယ့်သဘောပါ ။စက်ရုံက ကြံကိုအကုန်မဝယ်ပါဘူး ။ တောင်သူတွေကြံစိုက်တယ်ဆိုတာ စက်ရုံတွေရှိလို့ စိုက်တာပါ။ ကြံကျန်တာဟာစက်ရုံမှာ တာဝန်ရှိပါတယ်။ စက်ရုံကတာဝန်ယူရမှာပါ။ ” လို့ MSD စက်ရုံနယ်မြေထဲက ကြံစိုက်တောင်သူ ဦးမောင်က ပြောပါတယ်။
သကြားစက်ရုံတွေအနေနဲ့ကတော့ လက်ရှိဖြစ်နေတဲ့ နယ်မြေ အခြေအနေတွေအရ သကြားသယ်ယူရာမှာ သယ်ယူစရိတ် များခြင်း စတဲ့ အခြေအနေ အခက်အခဲတွေကြောင့် ကြံစျေးကို လျှော့ချဝယ်ယူရတာ ဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။
လက်ရှိ သကြားစက်ရုံတွေနဲ့ တောင်သူတွေ ညှိနိူင်းမှု အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ” စျေးတော့ သတ်မှတ်လိုက်ပြီ ။ အမြင့်ဆုံး ၁၂၅၀၀၀ သတ်မှတ်လိုက်တယ်။ ဒီနှစ်က အကုန်လုံးက အခက်အခဲတွေနဲ့ဆိုတော့ တရက်ထက်တရက် နောက်ကျမှာစိုးလို့ စက်ရုံတရုံ မလည်ရင် ကြံတန်ချိန် ၈၀၀၀ နဲ့ ၁၀၀၀၀ ကြားဆုံးရှုံးမှာလေ ။တတန်ကို ၁၂၀၀၀၀ နူန်းနဲ့ ကြံတန် ၁၀၀၀၀ ဆိုရင် ငွေပမာဏအများကြီးလေ။ဒါကြောင့် စက်ရုံ ခပ်မြန်မြန်လည်ဖို့လုပ်တာ ။ အခုကတော့ စက်ရုံက တော်တော်များများ ဝယ်မယ့်သဘောတော့ရှိပါတယ်။ ကြံအကုန်မဝယ်ရင်တော့ တောင်သူတွေနစ်နာတာပေါ့ ။ ” လို့ ပြောပါတယ် ။
ကသာခရိုင်မှာ ကြံစိုက်တောင်သူ ထောင်နဲ့ချီရှိပြီး ကြံတန်ချိန် သိန်းနဲ့ချီ ထွက်လေ့ရှိကြောင်း ၊ ယခုနှစ်ကြံရာသီမှာ ကြံစိုက်တောင်သူ အားလုံးနီးပါး အရှုံးနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပုံမှန်ကာလဆိုရင် ကသာခရိုင်မှာ နိုဝင်ဘာလမှာ ကြံကြိတ်ဝါရားသီစတင်ပြီး ဧပြီလမှာ ကြံရာသီကုန်ဆုံးပြီဖြစ်ကြောင်း ၊ ဒီနှစ်မှာတော့ ဖေဖော်ဝါရီ လဝက်ရောက်တဲ့အထိ စက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကြံရာသီချိန်တုန်းကလည်း ကသာခရိုင်ထဲက ကြံတောင်သူတွေအနေနဲ့ သိန်းရာနဲ့ချီပြီး အရှုံးပေယ်ခဲ့ရတယ်လို့ သိရပါတယ်။ ကသာ ခရိုင်မှာ ဝေမာ စက်ရုံ ၊MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ နဲ့ MES တို့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ် ကြံရာသီမှာ သကြားစက်ရုံ အများစုက စက်ရုံအရောက်ကြံတတန်စျေးကို ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်စျေးပေးဝယ်ယူပြီး ကြံကြိတ်ဝါးနေကြတာ ဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – တောင်သူ
