စစ်ကိုင်းတိုင်းအတွင်း စစ်သားသစ် အပြိုင်စုဆောင်းနေ

စစ်ကိုင်း၊ ဖေဖော်ဝါရီ – ၁၆- ၂၀၂၆
Voice Of Myanmar
စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသတွင်းလက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ် နှစ်ဘက်စလုံးက လူသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသတွင်းလက်နက်ကိုင်တွေက လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတဦးက ” လက်ရှိမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းက မင်းသမီးကျေးရွာ၊ ရွာသာကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာတွေမှာ အဲ့ဒီအဖွဲ့တွေက ကျေးရွာတင်မက လယ်တောတွေ အထိပါ လိုက်လံပြီး ဖမ်းဆီးခေါ်ဆောင်ပြီး ဒေသခံရွာသားတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွေ ပြုလုပ်လို့ စိုးရိမ် ထိတ်လန့် နေရပါတယ်” လို့ ပြောပါတယ်။
အစိုးရတပ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေက စစ်သားစုဆောင်းနေသလိုပဲ အစိုးရတပ်ဘက်ကလည်း စစ်သားသစ်စုဆောင်းနေတဲ့အကြောင်း စစ်ကိုင်းမြို့ခံတဦး ပြောပြတာက
” စစ်ကိုင်းမြို့ပေါ်လို ရပ်ကွက်တွေနဲ့ မြို့အဝင် အထွက်လို နေရာတွေမှာ ထွေအုပ်၊ ရဲ၊ နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တချို့ ပူးပေါင်းပြီးတော့ ရံဖန်ရံခါ လူသစ်စုဆောင်းမှုတွေ လုပ်လေ့ရှိတဲ့အတွက် မန္တလေးနဲ့ စစ်ကိုင်းကို အလုပ်အသွားပြန် လုပ်ကိုင်နေသူတွေနဲ့ ယာဥ်လိုင်းပြေးဆွဲနေသူတွေက စိုးရိမ်မှုတွေ မြင့်တက်နေပြီး သတိထားသွားလာရတာ” လို့ မြို့ခံတဦးက ပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းအတွင်းကို သွားလာ ကုန်သွယ်နေကြတဲ့ ကုန်ကားတွေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က အခွန်ကောက်တာနဲ့ လမ်းလွှဲတွေ ပြုလုပ်ပြီးတော့ ပိုက်ဆံတောင်းခံနေတာတွေ ရှိနေတယ်လို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်နေတဲ့ ယာဥ်မောင်းသူတွေဆီက သိရပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးတိုင်းကို ဝင်ထွက်လို့ရတဲ့ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းနဲ့ မန္တလေးတိုင်း အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး ကောက်ခံမှုတွေရှိနေတာကြောင့်လည်း ပြည်သူတွေကြား ဝေဖန်းမှုတွေ မြင့်တက်နေပါတယ်။
စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်က မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ခရီးသွားထောက်ခံစာ ပါမှ ကားလက်မှတ်ရောင်းချပေးဖို့ ကားဂိတ်တွေကို ညွှန်ကြားထားပေမယ့် ထောက်ခံစာမပါပဲ လက်မှတ်ရောင်းနေတာတွေရှိတာကြောင့် ထောက်ခံစာမပါတဲ့သူတွေကို စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး လက်မှတ်အရောင်း ဂိတ်ခွဲအားလုံးကို ၁၃/ ကမန၊ လရန၊ နမတ၊ သပန၊ ကကန (နိုင်)၊ ၉/မကန(နိုင်)၊ ၅/ မရန၊ မမန၊ ရဘန (နိုင်)၊ ၈/ မကန(နိုင်) နဲ့ ၁၁ / မှတ်ပုံတင်ကိုင်ဆောင်ထားသူအားလုံးအတွက် ကားလက်မှတ်ကို ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာပါမှ ရောင်းချပေးဖို့ ထုတ်ပြန်ထားပါတယ်။
တချို့ ဖမ်းဆီးခံရသူတွေထဲကို သိန်းရာချီ အကုန်ကျခံ ပြီးပြန်ထုတ်လို့ရတာ ရှိသလို တချို့သူတွေကိုတော့ အဆက်အသွယ် မရပဲ သင်တန်းတက်ပြီး သက်ဆိုင်ရာ တပ်ကို ရောက်ခါမှ မိသားစုနဲ့ အဆက်အသွယ် ပြန်ရသူတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းထဲက နေ လာတဲ့ ခရီးသည်တင်ယာဥ်တွေကို ဧရာဝတီတံတား (ရတနာပုံ) တံတားထိပ် မန္တလေးတိုင်းအဝင်ဘက်ခြမ်း နှာပေါက်ဂိတ် လို့ခေါ်တဲ့ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ခရီးသွားထောက်ခံစာမပါသူ အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW