နိုင်ငံကူးလက်မှတ်ကို E-Passport စနစ် ပြောင်းလဲနိုင်ရေး စီစဉ်နေ

ဖေဖော်ဝါရီ ၁၄ – ၂၀၂၆
SN (VOM)
နိုင်ငံကူးလက်မှတ်ကို Digital Passport / E-Passport တွေအဖြစ် လုံခြုံရေး အဆင့်မြှင့်တင် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိ ထုတ်ပေးနေတဲ့ နိုင်ငံကူးလက်မှတ်တွေဟာ စက်နဲ့ဖတ်ရှုနိုင်တဲ့ Machine – Readable Passport (MRP) အဆင့်သာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် (UV) အမှတ်အသားတွေနဲ့ ဟိုလိုဂရမ် (Hologram) လုံခြုံရေးစနစ်တွေကိုသာ အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီစနစ်အပေါ် အတုအပ ပြုလုပ်မှုတွေ ကာကွယ်နိုင်ဖို့နဲ့ လုံခြုံရေးအဆင့် မြှင့်တင်ဖို့ လိုအပ်လာတာကြောင့် E – Passport စနစ်ကို ပြောင်းလဲဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“E-Passport ဆိုတာက မှတ်ပုံတင်ကနေ စမတ်ကတ်ကို ပြောင်းလိုက်သလိုပါပဲ။ Passport စာအုပ်ထဲမှာ Microchip (အီလက်ထရွန်းနစ် ချစ်ပ်) အပြားလေးတခု မြှုပ်နှံ ထည့်သွင်းထားတာပါ။ အဲ့ဒီ Chip ထဲမှာ ကိုင်ဆောင်သူရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ ဓာတ်ပုံအပြင် Biometrics လို့ခေါ်တဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ (ဥပမာ – လက်ဗွေရာ၊ မျက်နက်ဝန်း အမှတ်အသား) ပါ တခါတည်း Digital စနစ်နဲ့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။
အဲဒီလို Chip ပါလာတဲ့အတွက် Scan ဖတ်လိုက်တာနဲ့ လူတယောက်ရဲ့ အချက်အလက်အကုန် (Biometrics အပါ) ပေါ်လာမှာဖြစ်ကာ ဓာတ်ပုံခွာကပ်ပြီး လူစားထိုးတဲ့ “ကပ်ခွာ” ကိစ္စတွေကိုလည်း လုံးဝ ပြုလုပ်လို့ မရတော့သလို အတုအပ လုပ်ဖို့ လုံးဝနီးပါး မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က “မြန်မာပတ်စ်ပို့တွေကို အတုလုပ်တာက ကျားဖြန့်တွေ အများဆုံးပဲ။ မြန်မာပတ်စ်ပို့ အတုတွေ ရာချီနဲ့ ထိုင်းကိုဝင်တာတွေ ရှိတယ်။ E-passport က မြန်မာက ပြောင်းသင့်တာ ကြာပြီ။ အာဆီယံမှာ မြန်မာလောက်ပဲ ကျန်တော့တာ။ မှတ်ပုံတင်တွေကိုလည်း အခုလိုပဲ လုပ်ပေးသင့်တယ်” လို့ ပြောပါတယ်။
ဒါအပြင် တဖက်မှာလည်း ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် မြန်မာနိုင်ငံကူးလက်မှတ် ဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲနေတယ်လို့ သိရပြီး အပြီးသတ်အဆင့် ရောက်ရှိသွားပြီ ဖြစ်တယ်လို့ ဥပဒေရေးရာ ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ (မူကြမ်း) နဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိ အသုံးပြုလျက်ရှိတဲ့ ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် (၃၄) နဲ့ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကူး လက်မှတ်အက်ဥပဒေဟာ လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေမှု မရှိတော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဲဒီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင် အသုံးပြုခြင်း၊ မိမိ နိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲပြီး အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို တခြားသူကို အသုံးပြုစေခြင်း စတဲ့ မဟုတ်မမှန် လိမ်လည် ဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ဖို့ ဥပဒေအသစ်ကို ရေးဆွဲရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW