ဖေဖော်ဝါရီ ၁၆ – ၂၀၂၆
SN (VOM)
ကရင်နီပြည်နယ်အတွင်းရှိ ဖားဆောင်းမြို့ကို မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန် ကြေညာထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အစိုးရတပ်က ဓာတ်ပုံတွေနဲ့တကွ အသိပေး ထုတ်ပြန်ထားတာဖြစ်ပြီး နယ်မြေလုံခြုံရေးနဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လက်ရှိ မြေပြင်မှာတော့ ဖားဆောင်းမြို့အတွင်းက ၎င်းတို့ရဲ့ တပ်စခန်းနဲ့ မြို့ရဲ့ ဧရိယာ တချို့ကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်တယ်လို့ သိရပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“တမြို့လုံးကို အပြည့်အဝ ပြန်ထိန်းနိုင်တာတော့ မဟုတ်သေးပါဘူး။ သံလွင်မြစ်ကူးတံတားကိုလည်း ပြန်မရသေးပါဘူး။ တံတားကိုရဖို့ ဒရုန်းတွေလွှတ်ပြီး တိုက်နေတုန်းပါပဲ။ မြေပြင် နှစ်ဖက် ထိတွေ့မှုက ပြင်းထန်နေတုန်းပါ။ လေကြောင်းကလည်း မြို့ထဲကို ဆက်တိုက် ပစ်နေတာရှိတယ်။ နှစ်ဖက်စလုံးလည်း အထိအခိုက်များတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ သံလွင်တံတား (ဖားဆောင်း) ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ မပိုင်းမှစတင်ကာ တံတားပေါ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ အစိုးရတပ်ရင်း နှစ်ခု အနက် ခြေလျင်တပ်ရင်း (ခလရ – ၁၃၄) ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က လက်နက်ကိုင်တပ်တွေက သိမ်းပိုက်ရရှိထားပြီး နောက်ဆုံးလက်ကျန် ခလရ – ၁၃၅ တပ်ရင်းကို ဆက်လက် ထိန်းချုပ်နိုင်ဖို့ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အစိုးရတပ်တွေဟာ ဖားဆောင်းမြို့နဲ့ အဲဒီဒေသတဝိုက်ကို ပြန်လည် ထိန်းချုပ်နိုင်ရေး လိုအပ်တဲ့ ပြင်ဆင်စုဖွဲ့မှုတွေ ဆောင်ရွက်ကာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ကစပြီး ဘောလခဲ – ထူးချောင်း – ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အနောက်ဘက်ခြမ်းမှ စတင်ကာ အဆင့်ဆင့် ခြေကုပ်ယူ နယ်မြေ ရှင်းလင်းခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ဆောင်ရွက်ခဲ့တာမှာ လက်နက်ကိုင်တပ်တွေ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တဲ့ ထူးချောင်းတံတား နေရာတဝိုက်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှာ ဦးစွာ ထိန်းချုပ်နိုင်ခဲ့ကာ ဆက်လက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကို စစ်နည်းဗျူဟာမြောက် စစ်ကြောင်းတွေခွဲကာ တဆင့်ပြီးတဆင့် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာတော့ လက်နက်ကိုင်တပ်တွေရဲ့ အမာခံ ကျေးရွာကြီးတွေဖြစ်တဲ့ နမ့်ကစ်ကျေးရွာနဲ့ ပါပုကျေးရွာတို့ကို ခက်ခက်ခဲခဲ တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီနောက် ဖားဆောင်းမြို့ကို ဆက်လက်ရှင်းလင်း ချီတက်ခဲ့တာမှာ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ အဲဒီမြို့ကို တပ်မတော် စစ်ကြောင်းတွေက အပြီးတိုင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ဖားဆောင်းကိုရဖို့ အစိုးရတပ်က တပ်ရင်းသုံးရင်းပေါင်းပြီး ပြန်ထိုးစစ်ဆင်နေတာပါ။ ဖားဆောင်းကို လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ အစိုးရတပ်ရော ခုချိန်ထိ အလုံးစုံ မသိမ်းနိုင်သေးပါဘူး။ စစ်ရေး တင်းမာနေတုန်းပါပဲ။ တိုက်ပွဲအရှိန် ဆက်မြှင့်လာဖို့ ရှိနေပါတယ်” လို့ နောက်ထပ် စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
လက်ရှိမှာ အစိုးရစစ်ကြောင်းဟာ ပိတ်ဆို့ခံထားရတဲ့ ခလရ – ၁၃၅ ကို မြေပြင်စစ်ကူ ပေးနိုင်ရေး အပါအဝင် သံလွင်တံတားကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
ခလရ ၁၃၄ နဲ့ ၁၃၅ ဟာ ဓားလွယ်ခုတ် အနေအထားရှိကာ တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင် ကွာဝေးတယ်လို့သိရပြီး ဘောလုံးကွင်း လေးကွင်းနီးပါး အကျယ်ရှိတဲ့ အဲဒီတပ်နှစ်ခုထဲမှာ ခံစစ်တွေ အခိုင်အမာ ပြင်ထားတယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့ရဲ့ လက်ရှိ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ လက်နက်ကိုင် တပ်တွေဘက်က သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဖားဆောင်းမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ်ရှိကာ အနောက်ဘက်ခြမ်းမှာတော့ ကရင်ပြည်နယ် သံတောင်ကြီး၊ တောင်ဘက်ခြမ်းမှာ ဖာပွန်နဲ့ မြောက်ဘက်ခြမ်းမှာ ဘောလခဲမြို့နယ်တို့ တည်ရှိပါတယ်။
Photo – သတင်းမှန်ပြန်ကြားရေး
