ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်အစော ၃ နာရီ ၃၇ မိနစ် လောက်မှာ စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ မီးလောင်မှုအတွင်းမှာ အဆိုပါ နေအိမ်ပိုင်ရှင်တွေဖြစ်တဲ့ အသက်ကြီးပိုင်း ညီအစ်မနှစ်ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။
” အိမ်နဲ့ဆိုင် တွဲထားတဲ့အိမ်ပါ ။ အမျိုးသမီးနှစ်ယောက်က အထဲမှာပဲဆုံးနေတာ ။ သူတို့က အသက်တွေကြီးနေပါပြီ ၆၀ ကျော်လောက်တွေလို့ သိရတယ်။ မီးလောင်တာက အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ပဲ ပြောကြတယ်။ ဘယ်ကဘယ်လို ဖြစ်လဲဆိုတာတော့ အတိကျမသိရသေးဘူး ။ ” လို့ မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တဲ့ ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေး အသင်းဝင်တယောက်က ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ အမျိုးသမီးနှစ်ယောက် ရုပ်အလောင်းကိုတော့ အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှုကိုတော့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး နဲ့ ရွှေရောင်းသမိုင်းလူမှုကယ်ဆယ်ရေးအသင်းတို့က ပူးပေါင်းငြိမ်းသတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဒီကနေ့ မနက် ၁၀ နာရီ ၂၄ မိနစ်မှာ ရန်ကုန်တိုင်း ၊ ခရမ်းမြို့နယ်၊ ကျုံမရေကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့သလို လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဆိပ်ကမ်းသာလမ်းမှာလည်း ကိုင်းတောမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရွှေရောင်သမိုင်း
