အစိုးရတပ်ရဲ့ နယ်​မြေရှင်းလင်း​ရေးစစ်ကြောင်းကြောင့် မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၆
SS (VOM)
မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေအတွင်း တိုက်ပွဲ ဖြစ်ပွားနေသလို မော်လမြိုင်၊ မုဒုံနဲ့ ရေးမြို့နယ်တို့မှာလည်း စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အစိုးရတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ တသောင်းကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
“တရွာပြီး တရွာကို စစ်ကြောင်း ဝင်လာနေတာဆိုတော့ တိုက်ပွဲတွေကတော့ ဆက်တိုက်ပဲ။ နောက်ပိုင်း ပိုပြီး ပြင်းထန်လာနိုင်ခြေ ရှိတယ်။ လူထိခိုက် သေဆုံးတာတွေလည်း ရှိနေတော့ ဒေသခံတွေ အကုန်လုံးလိုလို ဘေးလွတ်ရာ ရှောင်နေကြပြီ” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ရဲ့ စစ်ကြောင်း ဝင်ရောက်နေတဲ့ ကျေးရွာတွေဟာ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၁) သထုံခရိုင်နဲ့ နယ်မြေတွေဖြစ်ပြီး အဲဒီ စစ်ကြောင်းတွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတို့ရှိ ရွာပေါင်း ၁၉ ရွာမှ ဒေသခံ တသောင်းသုံးထောင်နီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဖြစ်တဲ့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဘီးလင်းမြို့နယ်မှာလည်း အစိုးရတပ်က စစ်ကြောင်း သုံးကြောင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘီးလင်းတိုက်ပွဲအတွင်း အစိုးရတပ်က လူအင်အားနဲ့ လက်နက်ခဲယမ်း အများအပြား အသုံးပြုတိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု များပြားလာနေတယ်လို့ သိရပါတယ်။
“ဒရုန်းနဲ့ လက်နက်ကြီးတွေကတော့ ဆက်တိုက်ပါပဲ။ ဘီးလင်းက ရွာတွေကတော့ ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာနေကြရတယ်။ တိုက်ပွဲတွေကတော့ ဘယ်သူကမှ မဖြစ်စေချင်ကြတော့ပါဘူး။ နယ်မြေ သိမ်းတာကလည်း သိမ်းလိုက်၊ ပြန်ပေးလိုက်ရနဲ့ ဆိုတော့ မထူးပါဘူး။ ကြားထဲက ကိုယ့်အိမ်ကို ပစ်ပြေးရတဲ့သူတွေပဲ ဒုက္ခတွေ တသီတသန်းကြီး ဖြစ်နေရတာ။ ပြည်သူတွေလည်း တော်တော်ကို လက်ပန်းကျနေပါပြီ။ စားဖို့တောင်မရှိ၊ နေစရာလည်း ပျောက်ကုန်ပြီ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒါအပြင် သထုံမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းကစပြီး ရန်ကုန် – မော်လမြိုင် ကားလမ်းတလျှောက် ကျေးရွာတချို့မှာ တိုက်ပွဲ မကြာခဏဖြစ်ပွားနေသလို ရေးမြို့နယ် မြောက်ပိုင်းဒေသမှာလည်း အစိုးရတပ်ရဲ့ စစ်ကြောင်းကြောင့် နှစ်ဖက်စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ မွန်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရတပ် သတင်းပြန်ကြားရေး တာဝန်ရှိသူတွေဘက်ကတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ စစ်ရှောင်စာရင်းအရ သထုံခရိုင်အတွင်းမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသူ တသိန်းခွဲနီးပါး ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW