စစ်ကိုင်း၊ ဖေဖော်ဝါရီ – ၁၈- ၂၀၂၆
SA(VOM)
စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာရှိတဲ့ တောတောင်ဘီလူးချောင် အတွင်းက ဆီသိုလှောင်တဲ့နေရာမှာ ဆိုင်ကယ်က နေ ဆီထုတ်ရင်း ဒီကနေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မီးလောင်ခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် စက်သုံးဆီ ထည့်ထားတဲ့ ၅ ဂါလံ ပုံး ၄၀ ဝန်းကျင် လိုက်ထရပ်ကားတစီး နဲ့ ဆိုင်ကယ်ငါးစီး မီးလောင်ကျွမ်းခဲ့ပြီး ၆ နာရီ ၁၆ မိနစ်အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးလောင်ပြင်ကို ရောက်ရှိခဲ့သူကနေ သိရပါတယ်။
” တောတောင်ဘီလူးချောင် ဆိုတာ စစ်ကိုင်းနဲ့ မင်းကွန်းကို သွားတဲ့ လမ်း စစ်ကိုင်းတောင်ခြေမှာရှိတာပါ လမ်းဘေးမှာ ဓာတ်ဆီရောင်းတဲ့ဆိုင်ရှိတယ်၊ လိုင်စင်ရ အရောင်းဆိုင်တော့မဟုတ်ဘူးအခုလောင်တာက ချောင်ထဲက စက်သုံးဆီ သို လှောင်တဲ့ နေရာမှာ ဖြစ်သွားတာ ” လို့ မြို့ခံတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်စဥ်နေရာကို စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၃)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သီတဂူရေအလှူတော်မှ ရေသယ်ယာဉ်(၁)စီး၊ အိုးဘိုလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- MFSD/ CJ
