ဝါးတရာစက်မှုဇုန် အထည်ချုပ်စက်ရုံ မီးလောင် ရုပ်အလောင်း နှစ်လောင်း တွေ့ထားပြီး ငြိမ်းသတ်​နေရဆဲ

ဖေဖော်ဝါရီ ၁၈ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ မီးလောင်နေမှုဖြစ်စဉ်မှ ရုပ်အလောင်း နှစ်လောင်း တွေ့ရှိထားတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ် အလုပ်သမားသမဂ္ဂ (SPTTGU ) က ကနဦး အသိပေးချက် ထုတ်ပြန်ထားပါတယ်။
ဝါးတရာစက်မှုဇုန်ထဲက M-Brother အထည်ချုပ်စက်ရုံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ဝန်းကျင်မှ စတင်ကာ Level 2 အဆင့် မီးလောင်မှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အတွင်း လတ်တလော တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေဟာ စက်ရုံ အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပြီး စက်ရုံ တရုံလုံးလည်း လောင်ကျွမ်းသွားပြီ ဖြစ်တယ်လို့ SPTTGU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ မီးလောင်မှုဖြစ်စဉ်ဟာ လက်ရှိမှာတော့ အချိန် ၄ နာရီကျော် ကြာမြင့်လာနေပြီဖြစ်ပြီး ဆက်လက် မီးငြှိမ်းသတ်နေရဆဲ ဖြစ်တယ်လို့ မီးလောင်ပြင်ကို ရောက်ရှိနေသူ တယောက်က ပြောပါတယ်။
“မီးအရမ်းများတယ်။ အတွင်းထဲ လှိုက်လောင်နေတာဆိုတော့ ခက်ခက်ခဲခဲ ငြှိမ်းနေရတယ်။ လောလောဆယ် နှစ်လောင်း တွေ့ထားတယ်။ အထဲမှာ ပိတ်မိနေတဲ့သူတွေလည်း ရှိတယ်‌ပြောတယ်။ ဘေးက စက်ရုံကိုလည်း ကူးနေပြီ။ စပြီးလောင်တာကတော့ အထည်ချုပ်စက်ရုံရဲ့ မီးပူဌာနကနေ မီးခိုးတွေ စထွက်လာတာလို့ ဝန်ထမ်းတွေက ပြောတယ်။ အတိအကျတော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ မီးလောင်မှုဖြစ်စဉ်ကို နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ Level 1 ယာဉ်အုပ်စု၊ နေ့လယ် ၁ နာရီ ၃ မိနစ်ဝန်းကျင်မှာ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီ ၃၈ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပြီး အပြီးသတ် မီးငြှိမ်းသတ်နိုင်မှု ဖြစ်စဉ်ကိုတော့ လက်ရှိအချိန်အထိ ဖော်ပြထားခြင်း မရှိသေးပါဘူး။
လက်ရှိ မီးလောင်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းအခြေအနေကို VOM က ဆက်လက် စုံစမ်းနေပြီး ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW