ဆူးငှက်
မီးတစ်လုံး ၁၀ တဲ့၊ ဒါပေမယ့်
——————————–
ကျွန်တော့် အဘက လူကြည့်တော့သာ ခပ်ပျော့ပျော့ပေမယ့် အတော်ခေါင်းမာသည့် သဘောရှိသည်။ ဝင်းထဲမှာ အိမ်တိုင်းလိုလိုက ရွှေဘိုဘုန်းကြီးကျောင်းက မီးလုံးတစ်လုံး ငွေ၁၀ကျပ်နှင့် သွယ်ကာ လင်းလင်းချင်းချင်း ဖြစ်နေကြပြီ။ ကျွန်တော်က စာမေးပွဲနားနီးလို့ မီးလုံး၂လုံး ငွေ ၂၀ဖိုးလောက် သွယ်ချင်သည်။ ကြိုးကလည်း သိပ်မကုန်တော့။ ကိုကိုစိန်လှိုင် အိမ်အထိ မီးကရောက်နေတော့ ၅ကိုက်လောက်ဆို အဆင်ပြေသည်။ ပလပ်ခေါင်းဖိုး၊ ခလုတ်ဖိုး၊ မီးသီးဖိုးနှင့် ဆို ငွေ ၂၀၀ လောက်နှင့် ရသည်။ ဒါပေမယ့် အဘက မီးသီးမီးချောင်းတွေနဲ့ အန္တရာယ်များပါတယ်ကွာ ဟု ဆိုကာ ငြင်းမြဲငြင်းသည်။ စာမေးပွဲအတွက် မင်းစာကြည့်နိုင်အောင် စီစဉ်ပေးပါ့မယ်ဟု ဆိုကာ ပါပါကြီး(ဦးလေးဦးဉာဏ်သိန်း) ဆီက ငွေ ၃၀၀ ကျပ်တန် အောက်လင်းဓာတ်မီး တစ်လုံးကို တစ်လ ၅၀ပေးနှင့် ဝယ်လိုက်သည်။
အောက်လင်းဓာတ်မီး ဆိုသည်မှာ ရေနံဆီထည့် လေထိုးပြီး ရေနံဆီအငွေ့နှင့် လေနှင့် ရောထားသော mixture ကို မီးတောက်လောင်စေကာ ထိုမီး၏ အပူနှင့် သတ္တုစပ်များကို လောင်ကျွမ်းစေ၍ အလင်းထုတ်လွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အောက်လင်းဓာတ်မီး၏ အလင်းရောင်က သာမာန် ရေနံဆီ မီးအိမ် အလင်းထက် အဆများစွာ လင်းသည်။ အောက်လင်းဓာတ်မီး တစ်လုံး ထွန်းထားပါက ကျွန်တော်တို့ လို ၂ခန်း၃ခန်း အိမ်လောက်တော့ ပူနေအောင် လင်းသည်။ အောက်လင်းဓာတ်မီးကို ထိုစဉ်က ကျွန်တော့် အနေနှင့် မစိမ်းလှပေ။ ဝင်းပေါက်ရှိ ဦးပုင်္ကမ်းယာဆိုင်ကလည်း အောက်လင်း ဓာတ်မီး သုံးသည်။ ထိုစဉ်ကာ ဈေးချို ညဈေးတန်း၏ ဆိုင်ခန်းအားလုံးလိုလိုကလည်း အောက်လင်းဓာတ်မီး သုံးကြသည်။ ညတိုင်လျှင် နာရီစင်ကြီးအောက်က အရှေ့အနောက် တောင်မြောက် ဝဲယာ ဆိုင်တွေက ရာချီသော အောက်လင်းဓာတ်မီး မြစ်ပြင်ကြီးက အဝေးဧည့်များအဖို့ အထူးအဆန်း ဖြစ်သည်။ ထိုစဉ်က ညဈေးတန်းမှ မဟုတ် ညဖွင့်သည့် ဆိုင်အများစုက အောက်လင်းဓာတ်မီးပဲ သုံးကြသည်။
ကျွန်တော်က ညနေတိုင်လျှင် ဝင်းပေါက်ထွက်ကာ ဟိုမျှော် သည်မျှော် လုပ်လေ့ရှိတော့ ကျွန်တော် ထွက်ချိန်တွင် ဦးလေးပု၏ အောက်လင်းဓာတ်မီး ထွန်းချိန် ဖြစ်သည်။ အောက်လင်းဓာတ်မီး၏ အောက်ခြေ အိုးထဲသို့ ရေနံဆီ ဖြည့်ရသည်။ ထို့နောက် လေထိုးသည့် ဘားလေးက လေထိုးရသည်။ လေပေါင်ချိန်ပြည့်တော့ မီးစာအောက်က ခွက်ကလေးထဲ နှုတ်သီးရှည် ဘူးလေးနှင့် အရက်ပျံထည့်ကာ မီးရှို့လိုက်တော့ ပြာလဲ့လဲ့ မီးညွန့်လေးတက်ပြီး ရေနံပိုက်နဲ့ မီးစာကို ပူစေသည်။ မီးစာကလည်း ချည်သားကျဲကျဲနှင့် အိတ်ကလေးပုံစံ ဖြစ်သည်။ ထိုအိတ်လေကိုမှ Thorium နဲ့ Cerium nitrate ရောစပ်ထားသော အရည်စိမ်ထားသဖြင့် မီးစာကို မီးညှိလိုက်သည်နှင့် ချည်သားအိတ်လေးက ရှုံ့ပြီး မီးလောင်သွားသော်လည်း စိမ်ထားသည့် သတ္တုများက စုခဲကာ အဖြူရောင်ခေါင်းပွ အခဲလေး ဖြစ်သွားသည်။ ထို အခဲလေးကိုမှ ရေနံဆီငွေ့မီးတော်ကနှင့် အပူပေးလိုက်သောအခါ အလွန်တောက်ပသော အလင်းကို ရရှိခြင်း ဖြစ်ပါ၏။
အောက်လင်းဓာတ်မီးဆိုတာ
——————————-
တကယ်တော့ အောက်လင်းဓာတ်မီးကို ထိုစဉ်ကညပိုင်း ထွက်သော ဈေးဆိုင်များ၊ အငြိမ့်များ၊ ဇာတ်များနှင့် အလှူ မင်္ဂလာဆောင်စသော အခမ်းအနားများတွင် အသုံးများသည်။ အိမ်သုံးအနေနှင့် သုံးကြတာ အလွန်နည်းပါသည်။ ပြောကြစို့ ဆိုလျှင် ထိုအိမ်တွင် သာရေးနာရေး ရှိမှသာ သုံးကြသည်။ တည့်တည့် ပြောရလျှင် ထိုအိမ်တွင် အလှူအတန်း ဘာသံမှ မကြားဘဲ အောက်လင်းဓာတ်မီးရောင် မြင်ရလျှင် နာရေးရှိလို့ ဖြစ်သည်။ အခု ကျွန်တော်တို့ အိမ်က မတ်လဆန်း ကတည်းက အောက်လင်းဓာတ်မီး တထိန်ထိန် ဖြစ်နေပါပြီ။ အဘယ် သာရေး၊ အဘယ် နာရေးမှ ရှိလို့ မဟုတ်။ ၁၀တန်းကျောင်းသား ကျွန်တော်မောင်ကျော်ဆန်း စာကျက်ဖို့ ဖခမည်းတော်၏ အစီအမံ ဖြစ်ပါသည်။ ထို့ကြောင့် မန္တလေး၏ နွေဦးပေါက် မတ်လဆန်း၏ အပူရှိန်တွင် အောက်လင်းဓာတ်မီးက ရေနံဆီ အပူငွေ့အောက် ချွေးဒီးဒီဒကျမျှ စာကြည့်ရပါတော့သည်။
ထိုစဉ်က ညနေတိုင်လျှင် အဘက အောက်လင်းဓာတ်မီး အိုးထဲတွင် ရေနံဆီ ရှိမရှိ စစ်သည်။ ထို့နောက် လေထိုး အရက်ပျံထည့် မီးညှိ အပူပေး စသည့် လုပ်ငန်းစဉ်အတွက် သားအဖနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ဆင်နွှဲရသည်။ အကယ်၍ မီးကမလင်း အဆင်မပြေလျှင် ကျွန်တော်က ဦးလေးပုဆိုင် ပြေးကာ ခေါ်ရသည်။ ဦးလေးပုက ရောင်းလက်စ ကွမ်းယာကို အမြန်ယာပြီး သုတ်သုတ် လိုက်၍ မီးအိမ်ကို စစ်သည်။ လေမပြည့်လို့ ရေနံပိုက်မပူလို့ မီးစာမကောင်းလို့ စသည်ဖြင့် စစ်ပေးကာ သူကိုယ်တိုင် ထွန်းညှိပေးသွားသည်။ နောက်တော့ ဦးလေးပုကို မခေါ်ရတော့။ အဘသာမက ကျွန်တော်လည်း အောက်လင်းဓာတ်မီးကို ထွန်းညှိတတ်သွားသည်။ မီးစာကအစ လဲတတ်သွားပါသည်။ ညပိုင်း မီးလင်းအားလျော့လာလျှင် မီးအိမ်ကို ချိတ်ထားသည့်နေရာက ချကာ လေထပ်ထိုးတတ်လာပါသည်။
ဇာမဏီမိတ်တဲ့
——————-
အဘကတော့ သူ့အောက်လင်းဓာတ်မီးကို အတော်သဘောကျနေသည်။ “ကိုဉာဏ်သိန်းက သူဝယ်ပြီး ကတည်းက တစ်ခါပဲ ထွန်းရသေးတာကွ၊ မီးစာတောင် မလဲရသေးဘူး။ ပြီးတော့ ဒီတံဆိပ်က နာမည်ကြီးလို့လည်း ပြောတယ်။ ဇာမဏီက လာတာတဲ့ ဟု ပြောသည်။ ဟုတ်လောက်သည်။ အိမ်သို့လာသည့် ဧည့်သည် အချို့က ဒီမီးက ကောင်းတယ်ဟု ပြောကြသည်။ ကျွန်တော်က “ အဘ အောက်လင်းမီး တန်မတန်ကို ပြင်ဆိုင်သွားမေးကြည့်ရအောင်” ဟု ကျွန်တော်က ပြောတော့ မျက်စောင်းထိုးသည်။ ကျွန်တော်က သဘောရိုးနှင့် ပြောခြင်းပါ။ ဘုရားကြီးသွားတော့ စာတိုက်ကွေ့အချိုး လမ်းအနောက်ဘက်မှာ “အောက်လင်းဓာတ်မီး အမျိုးမျိုး ပြုပြင်သည်” ဆိုတဲ့ ဆိုင်းဘုတ်နှင့် ဆိုင်ကြီးကို တွေ့ထားသောကြောင့် ဖြစ်ပါသည်။
သို့သော် အဘ အောက်လင်းမီးက တကယ်ကောင်းပါ၏။ ပြင်ဆိုင်သို့လည်း တစ်ခါမှ မရောက်လိုက်ပါ။ ကျွန်တော်က အကယ်၍ လိုရမယ်ရအနေနှင့် တစ်ယောက်ယောက်ကများ မင်းတို့ အောက်လင်းမီးက ဘာအမျိုးအစား လဲဟု မေးသော် ဖြေနိုင်ရန်အတွက် အောက်လင်းမီး၏ ရေနံဆီအိုးဘေးက တံဆိပ် နာမည် နှင့် ထုတ်လုပ်သည့် နိုင်ငံအမည်များကို ရူပဗေဒ ပြဋ္ဌာန်းစာအုပ် နောက်ကျောအတွင်းမှာ သေသေချာချာမှတ်ထားပါသည်။ တံဆိပ်က Petromax တဲ့။ ထုတ်လုပ်သည့် နိုင်ငံက Germany တဲ့။ အပေါ်က မီးစာ အတိုးအလျော့ ညှိသည့် ခေါင်းလေးပေါ်မှာလည်း Petromax , Regd , Original ဟုပါရှိသည်။
အောက်လင်းမီးတလှည့်၊ မီးချောင်းတလှည့်
————————————————
မတ်လဆန်း၏ အပူမှာ အောက်လင်းဓာတ်မီး အလင်းရောင် အပူရှိန်နှင့် စာကြည့်ရတာ အဆင်တော့ မပြေလှ။ သို့သော် အဘ အောက်လင်းမီးကြီး မထွန်းပါနဲ့တော့ဗျာ၊ ကျွန်တော့်ဘာသာ မှန်အိမ်လေးနှင့်ပဲ ကြည့်တော့မယ် ဟုလည်း ပြောမဖြစ်။ သူ့ရှိတာလေးနှင့် အဆင်ပြေအောင် လုပ်ပေးတာကို ကလန်ကဆန်လုပ်တယ်ဟု အဆူအငေါက်ခံရဦးမည်။ တကယ်တော့ ဟုတ်ပါသည်။ အဘတို့မှာ လုံးခနဲ ခဲခနဲ ထုတ်သုံးဖို့က ငွေ အဆင်သင့် မရှိ။
ထို့ကြောင့် ပါပါကြီး (ဦးလေးဉာဏ်သိန်း) ဆီက အောက်လင်းဓာတ်မီးဖိုး ၃၀၀ ကို တစ်လ ၅၀ သွင်းရတော့ သွင်းသည့် ရက်စွဲနှင့် ငွေ ၅၀ ဟူသော စာရင်းအား ကျွန်တော့် အခန်း အဝင်ပေါက် တံခါးအပေါ်မှာ မြေဖြူနှင့် ရေးမှတ်ထားသည်။ (ထိုစာသားလေးက မပျက်တော့၊ မမခင်လှတို့က အိမ်ကို မြို့သစ်သို့ ပြောင်းရွှေ့ဆောက်တော့ အပေါ်ထပ်က အခန်းမှာ ထိုစာသားလေးကို လွန်ခဲ့သော ၃နှစ်ကျော် ကပင် မပျက်မစီး တွေ့နေရဆဲ ဖြစ်သည်။ လွန်ခဲ့သော နျစ် ၄၀ကျော်က အဘ လက်ရေးလေးပေါ့)။
သည်တော့ အဘနှင့်လည်း အဆင်ပြေအောင် ကျွန်တော်လည်း ချွေးတပြိုက်ပြိုက် မကျရအောင် ကိုကိုစိန်လှိုင်တို့ ကလေးတွေနှင့် သူ့မိသားစု မအိပ်ခင် ည၉နာရီလောက်အထိတော့ အိမ်မှာပဲ အဘ အောက်လင်းမီးနှင့် ကြည့်သည်။ ကိုကိုစိန်လှိုင်တို့ အိပ်ရာ ဝင်ကြတော့ သူတို့ အိမ်ရှေ့ စာပွဲနှင့် ရသေ့ကျောင်း ပေါ်ခေါင်မိုး က ၄ပေမီးချောင်းကြီးကို မပိတ်စေဘဲ ထိုနေရာတွင် သန်းခေါင်ကျော်ထိ ကြည့်သည်။ အိပ်ချင်ပြီဆိုတော့ ကိုကိုစိန်လှိုင်တို့ အိမ်မကြီးတံခါးကို အသာလှပ်ကာ မီးပိတ်၊ တံခါးပြန်ပိတ်ပြီး ကိုယ့် အိပ်ရာကိုယ် ဝင်သည်။
သည်လိုနှင့် စာမေးပွဲဖြေတော့ ဖြေပြီးသည့် ဘာသာရပ်တွေက အပီပိုင်တယ်ဟုလည်း ပြော၍မရ။ မဖြေနိုင်ဘူးဟုလည်း ပြော၍မရ။ သို့သော် ဖြေပြီးသမျှဘာသာတွေကို မှန်မမှန်တော့ ပြန်မစစ်ရဲ။ ကျွန်တော့်အရင် စောစီးစွာ ၁၀တန်းအောင်သွားကြသော ကိုမန်းမောင်တို့ ကိုကိုဦး(ကိုဇော်မျိုးဦး) တို့ကတော့ အဖြေတွေ ပြန်စစ်ပေးချင်ကြသည်။
သို့သော် ကျွန်တော်က ဝေ့လည်ကြောင်ပတ် လုပ်နေသည်။ ထို့ကြောင့် ဖြေခဲ့ရသော စာမေးပွဲက မအီမလည်ကြီးပေါ့။ ကဲ အောင်စာရင်း ထွက်မှ သိရမှာပေါ့။ ဤသို့ဖြင့် ၁၀တန်းစာမေးပွဲကို ဖြေပြီးခဲပပါပြီ။ ဖြေနိုင်လားဟု မေးတဲ့ သူတိုင်းကိုတော့ မဆိုးပါဘူးပေါ့။ သို့သော် ကျွန်တော်က ဖြေနိုင်တယ် ပြောစေကာမူ အတန်းပိုင်ဆရာမ ဒေါ်ခင်မြမြအေး ကတော့ စာမေးပွဲ မတိုင်မီ ၅လလောက်ကတည်းက ကျွန်တော့်ကို နိမိတ်ဖတ်ခဲ့ပါ၏။
စာမေးပွဲ အတွက် ကြိုတင် ဂေဇက်
————————————-
ထိုနေ့က မနက်စောစော အတန်ထဲမှာ ကျွန်တော်ရောက်နှင့်နေသည်။ အခြားကျောင်းသားတွေ မရောက်ကြသေး။ ကျွန်တော်က ကျွန်တော့်ခုံမှာ ဖုံခါ ဖုံသုတ်၊ ဆရာမစာပွဲကိုလည်း သန့်ရှင်းရေးလုပ်ပြီး ကျောင်းခေါ်ချိန်စာအုပ်နှင့် နေ့စဉ်သင်ကြားမှု ဒိုင်ယာရီ စာအုပ်တွေကို ဆရာမ စာပွဲပေါ် အသင့်တင်ထားသည်။ ထို့နောက် စာအုပ်ကိုဖွင့်ပြီး မနေ့က အိမ်စာပေးလိုက်၍ တွက်ရန် တစ်ပုဒ် ကျန်နေသော ရူပဗေဒ ပုစ ္ဆာကို တွက်နေသည်။ ထိုစဉ် ဆရာမဒေါ်ခင်မြမြအေးက အတန်းထဲသို့ ဝင်လာသည်။ ကျွန်တော်က ဆရာမ စားစရာ တစ်ခုခု ဝယ်ခိုင်းစရာရှိလို့ လာသည်ဟု ထင်ကာ မတ်တတ်ရပ်ရင်း နှုတ်ဆက်ပြီး ဆရာမ ဘာဝယ်ပေးရမလဲဗျ ဟု မေးတော့ မရှိပါဘူး၊ မင်းဆီလာတာ၊ ထိုင်ပါ။ ဆရာမမေးမယ်၊ မင်းဒီနှစ် စာမေးပွဲ ဖြေမှာလား တဲ့။
အလိုလေး အံ့အားသင့်စရာ မေးခွန်းကို မထင်မှတ်ဘဲ ကြားလိုက်ရလို့ ကျွန်တော် ဘာဖြေလို့ ဖြေရမှန်းမသိ ကြောင်အမ်းကာ ဆရာမကြီး ကြည့်နေမိသည်။ ဆရာမမျက်နှာက ဒေါသ အရိပ်အရောင် မရှိဘဲ ပြုံးလဲ့လဲ့နှင့် အစ်မကြီးတစ်ယောက်က မောင်တစ်ယောက်ကို မေးနေသည်နှင့် တူသည်။ ကျွန်တော့်ဆီက အဖြေမရတော့ ဆရာမက ထိုင်ပါ၊ ကျော်ဆန်း၊ ဆရာမပြောတာ သေချာ နားထောင်ပါ။ မင်း ဒီနှစ်စာမေးပွဲ မဖြေနဲ့၊ အောင်မှာမဟုတ်ဘူး။ နောက်နှစ်ကျတော့ ဆရာမ ညီမတစ်ယောက်လည်း ၁၀တန်းတက်ရမှာ၊ ဒီတော့ မင်းလည်း ဆရာမအိမ်မှာ လာနေ၊ ဆရာမ ခိုင်းသလို လုပ်၊ စာကြည့်ချိန် နားချိန် အိပ်ချိန်တွေကို Time table နဲ့ နေရမယ်။ မင်း ဂုဏ်ထူးတွေ ထွက်ပြီး သေချာပေါက် ဆေးကျောင်း တက်ရမယ်။ ဘယ့်နှယ်လဲ။ လုပ်နိုင်မလား။ ဒီနှစ် မဖြေနဲ့၊ မအောင်မယ့်အတူတူ တစ်နှစ်ပုပ်သွားလိမ့်မယ် တဲ့။
ကျွန်တော် ချွေးတွေ ပြန်လာသည်။ ကျွန်တော် သတ္တိမရှိ၊ ကျွန်တော် အမြင်မကျယ်။ ကိုယ့်အမျိုးအိမ်ကိုပင် ခဏတဖြုတ်မျှ အလည်မသွားဝံ့သည့် ကျွန်တော့အတွက် ဆရာမအိမ်မှာ တစိမ်းတွေနှင့် နှစ်ပေါက် အတူနေရမည် ဆိုတော့ မတွေးဝံ့လောက်အောင် ကြို၍ကြောက်နေသည်။ ထို့ကြောင့် ကျွန်တော် ဆရာမကို မရဲတရဲ မော့ကြည့်ပြီး ပြောလိုက်တာက “ဆရာမ ကျွန်တော် ဒီနှစ် ဖြေကြည့်ချင်သေးတယ် ဆရာမ” ဟူလို။ ဆရာမက အေးလေ.. မင်းသဘောပေါ့၊ ကဲ..ကဲ.. အဲ့ဒါပြောမလို့ပါဟု ဆိုကာ ပြန်သွားသည်။
ဆရာမက နံရံကပ်စာစောင် ထုတ်စဉ်က ကျွန်တော့် အစမ်းစာတွေ သရော်စာတွေကို ဖတ်ကာ အောင်မှတ်မက ဂုဏ်ထူးမှတ် နီးနီးပေးခဲ့သည်။ ထို့အတူ နံရံကပ်စာစောင်က ကျွန်တော့် သရုပ်ဖော် ပန်းချီကိုတော့ အောင်မှတ်ပေး သော်လည်း ဂုဏ်ထူးမှတ်နှင့် အလှမ်းကွာနေသေးသည်။ ဟော.. အခု တကယ့် ကျောင်းစာ စာမေးပွဲမှာတော့ ကျွန်တော့်ကို ဒီနှစ်အတွက် ဘာသာရပ်အားလုံး မင်နီတားလိုက်သည့် သဘောဖြစ်သည်။ သည့်နောက် ဆရာမကလည်း ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကျွန်တော့်ကို ဘာမှ ထပ်မပြောတော့။ ကျွန်တော်ကလည်း ဆရာမကို ဘာမှ ထပ်မပြောဖြစ်တော့။ ဤသို့ဖြင့် အခု ၁၀တန်းစာမေးပွဲကြီး ဖြေပြီးခဲ့ပါပကောလေ။
ဆူးငှက်
