သူတို့အိမ် အခန်း – ၆၀

 

ဆူးငှက်

 

အစ်မပေးမုံရွာသား
————————-

ကျွန်တော့်ကို အတော်များများက အခုထိ မုံရွာသားပဲ ထင်ကြသည်။ လွန်ခဲ့သော နှစ်၂၀ကျော် ကာလက မန္တလေးသီချင်းတစ်ပုဒ်နှင့် ပတ်သက်၍ ငြင်းကြခုန်ကြရာတွင် ကျွန်တော်နှင့် ဆန့်ကျင်ဘက် ငြင်းခုန်သူတို့က ကျွန်တော်သည် မန္တလေးသားလည်း မဟုတ်ကြောင်း၊ ကြီးမှ မန္တလေးရောက်လာပြီး မန္တလေးအကြောင်း ပြောနေခြင်း ဖြစ်ကြောင်း စသည်ဖြင့် စွပ်စဲကာ မဂ္ဂဇင်းစာမျက်နှာပေါ်မှာထိ ရေးသားကြသည်။ ကျွန်တော် ရေးခဲ့သလိုပါပဲ၊

ကျွန်တော့် ဖခင် ဦးပေါလူ နှင့် မိခင် ဒေါ်ချောရင်တို့မှာ မုံရွာခရိုင် ဘုတလင်မြို့နယ် သဖန်းကျေးရွာမှာ မွေးဖွားသည်။ သူတို့ ၁၆နှစ်ကျော်အရွယ် အိမ်ထောင်ကျပြီးနောက် မန္တလေးသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ သားသမီး ၅ယောက် ထွန်းကားခဲ့ရာ အကြီးဆုံးအစ်မ နှင့် နံပတ် ၃ အစ်မက ကမ္ဘာစစ်နှင့် ပြည်တွင်းစစ်ကာလမို့ သဖန်းရွာသို့ ပြန်၍ မွေးသည်။ နံပတ် ၂ အစ်မ၊ နံပတ် ၄ အစ်မနှင့် နံပတ် ၅ ကျွန်တော်တု့ိ ၃ယောက်က မန္တလေးမှာမွေးသည်။ အခုထိလည်း မန္တလေးမှာနေထိုင်သည်။ ဒါကိုပဲ ကျွန်တော့်ကို မန္တလေးသားဟု အသိအမှတ်ပြုချင်ကြပုံ မရကြ။ ထားပါတော့။

နောက် တစ်ချက်၊ ကျွန်တော့်ကို မုံရွာသားဟု ထင်မှတ်ကြသူများက ကျွန်တော်သည် အတန်းတင် စာမေးပွဲကြီးများ ပြီးသည်နှင့် မုံရွာကားပေါ်တက်ကာ မုံရွာက အစ်မအိမ်သို့ သွားသည်။ ထို့နောက် ၁လတန်သည် ၂လတန်သည် နေပြီး သင်္ကြန်မကျမီ အကြို့ အရင်တစ်ရက်လောက်မှ မန္တလေးပြန်သည်။ တစ်ခါတရံ သင်္ကြန်တွင်းမှာပင် မုံရွာမှာနေပြီး မေလကုန်ခါနီးမှ ဇွန်၁ရက် ကျောင်းဖွင့် အမီ ပြန်သည်။ သည်တော့ မုံရွာသားပေါ့။ မည်သည့်မြို့သားဖြစ်စေ ဇီဇာမကြောင် ပါ။ သို့သော် မှားနေသော အချက်အလက်ကိုတော့ အမှန်အတိုင်း ဖြစ်စေချင်သည်။

ထို့ကြောင့် ၂၀၀၀ခုနှစ်က မုံရွာ ဆုတောင်းပြည့်ဘုရားကြီးစာကြည့်တိုက်က ကျင်းပသော စာပေဟောပြော ပွဲတွင် ဆရာကံချွန်၊ ဆရာနေဝင်းမြင့်နှင့် ကျွန်တော်က ဟောပြောရတော့ ကျွန်တော့် အလှည့်တွင် “ကျွန်တော်ဟာ မန္တလေးမှာမွေး မန္တလေးမှာကြီး မန္တလေးမှာ နေထိုင်သော်လည်း အစ်မပေးမုံရွာသား ဖြစ်ကြောင်း” ပြောခဲ့သည်။

ညောင်လေးပင်သား လူထုဦးလှက မန္တလေးသူ လူထုဒေါ်အမာနှင့် အကြောင်းပါပြီး မန္တလေးသို့ ရောက်လာကာ မန္တလေး၏ မြို့မိမြို့ဖ ဖြစ်လာတော့ လူထုဦးလှက “ကျွန်တော်က မယားပါ မန္တလေးသားပါ” ဟု ပြောခဲ့ဖူး သောကြောင့် ကျွန်တော်ကလည်း ကျွန်တော့် အစ်မများဖြစ်သော မမခင်ရီ နှင့် မမခင်ဝင်းနွယ် တို့ကို မုံရွာသားများ ဖြစ်ကြသည့် ဦးလှဘော် နှင့် ဦးဇော်ဝင်း(ဇော်ပုလဲ) တို့ထံ ပေးလိုက်ရသောကြောင့် အစ်မပေးမုံရွာသားဖြစ်ပါကြောင်း အရွှန်းဖောက် ပြောခဲ့ခြင်းသည်။

တကယ်တော့ မုံရွာမှာက မမခင်ရီ နှင့် မမခင်ဝင်း ပဲ ရှိတာတော့ မဟုတ်။ ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်သော ကိုမောင်ဝင်း ရှိသည်။ ထို့နောက် ဒေါနခြံထဲတွင် အမျိုးအရင်းတွေဖြစ်သော ငွေငန်းရက်ကန်းနှင့် ဆေးဆိုးပန်းရိုက် မိသားစု ရှိသည်။ ဒါ မုံရွာက အရင်းအချာများဖြစ်သည်။ ငွေငန်းမိသားစု၏ ဦးစီးပဲ့ကိုင်က ဦးအောင်ဘော် ဒေါ်ဒေါ်သန်း တဲ့။ သဖန်းဇာတိများ ဖြစ်ပါ၏။ တစ်နည်း ပြောရသော် သဖန်းရွာ၏ ဆွေကြီးမျိုးကြီးများလည်း ဖြစ်ကြသည်။ ကျွန်တော်က ဦးကြီးဦးအောင်ဘော် ဒေါ်ဒေါ်သန်းဟု ခေါ်ပါသည်။ ကျွန်တော်တို့နှင့် ဆွေမျိုးစပ်ကြစို့ဆိုလျှင် ဒေါ်ဒေါ်သန်း၏ ဖခင်က ဦးဘလှိုင်တဲ့။ ဦးဘလှိုင်၏ ဖခင်က ဦးဘခင်တဲ့။ ဦးဘခင်နှင့် အဘ၏ ဖခင် ဦးလူနီက ညီအစ်ကိုတော်သည်။

ထို့ကြောင့် အဘနှင့် ဦးဘလှိုင်ကလည်း ညီအစ်ကိုပေါ့။ သည်တို့ ကျွန်တော်တို့နှင့် ဒေါ်ဒေါ်သန်းက မောင်နှမတော်သည်။ ထို့ကြောင့် ဒေါ်ဒေါ်သန်းက အဘကို ဦးလေးလူဟုခေါ်သည်။ ကျွန်တော့် အစ်မများ ဖြစ်သော မမခင်ရီတို့ မမခင်လှတို့ မမခင်မြတို့က ဒေါ်ဒေါ်သန်းကို မမသန်းဟုခေါ်သည်။ ဒါအမှန်ပါပဲ။ မမခင်ဝင်းနှင့် ကျွန်တော်ကသာ ဒေါ်ဒေါ်သန်း ခေါ်ကြသည်။

 

အပေးအကမ်း ရက်ရောသူ
——————————-

ဦးကြီးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းမှာ သားသမီး ၇ယောက်ရှိသည်။ အားလုံးခေတ်ပညာတတ်များ၊ အရာရှိများ၊ လုပ်ငန်းရှင်များ ဖြစ်ကြသည်။ ဒေါ်ဒေါ်သန်း အမေ ဒေါ်အုန်းတင်က လှဂုဏ်ရည် ဓာတ်ပုံတိုက် ဦးကြီးဦးလှတင်၏ ဇနီး ဒေါ်ဒေါ်လုံးနှင့် ညီအစ်မတော်ပြန်သည်။ ထို့ကြောင့် ဒေါ်ဒေါ်သန်းက မန္တလေးလာလျှင် လှဂုဏ်ရည်မှာပဲ တည်းသည်။ ဒေါ်ဒေါ်သန်းများ မန္တလေးလာလျှင် မန္တလေးရှိ သဖန်းမျိုးနွယ်စုက လူကြီးလူငယ် ကလေးမကျန် ပျော်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ဒေါ်ဒေါ်သန်းက အလှူအတန်း အပေးအကန်း ရက်ရောသည်။ ငွေငန်းမှာက စက်ရက်ကန်းများ ရှိတော့ မုံရွာစောင်များ ထုတ်လုပ်သည်။

ထို့ကြောင့် မန္တလေးရှိ သဖန်းနွယ် မိသားစုများကို တစ်နှစ်လျှင် ၂ကြိမ်တိုင် စောင်အသစ်များ လှူသည်။ ထို့ပြင် မန္တလေးသို့ လာတိုင်း သက်ကြီးရွယ်အိုများကိုလည်း ငွေဖြင့် ကန်တော့သည်။ ကလေးများကို လည်း လူစေ့လူငှ မုန့်ဖိုးပေးသည်။ အပျို အအို မိန်းမတွေကို ဆေးဆိုးပန်းရိုက်ထည် အစများနှင့် ယောက်ျားလေးများအတွက်လည်း စက်ယက်ကန်းထွက် ပုဆိုးများဝေငှသည်။ တစ်နှစ်တွင် ငွေငန်းက ဇင်အဖြူပေါ်၌ အညိုအနက် ဒီဇိုင်း ဆေးဆိုးပန်းရိုက်ထုတ်လုပ်ရာ လူကြိုက်များသဖြင့် မန္တလေးရှိ သဖန်းနွယ်တိုင်း ထိုဒီဇိုင်းနှင့် ဂျာကင်ဖြစ်စေ၊ အင်္ကျီဖြစ်စေ လူတိုင်းရှိသည်။

အကယ်၍ ဘုရာပွဲမှာ ဈေးထဲမှာ ကားဂိတ်မှာ ဘူတာရုံမှာ ထိုဒီဇိုင်းနှင့် အင်္ကျီဝတ်ထားသူတွေ့ပါက သေချာပေါက် သဖန်းနွယ် သဖန်းမျိုးဖြစ်သည်။ ကျွန်တော်က ထိုဒီဇိုင်းနှင့် ဇင်စကို အဖုံးပါ အိတ်၂လုံးနှင့် လက်တိုအင်္ကျီချုပ်ဝတ်ရာ အဝတ်အစား ဝါသနာပါသူတိုင်းက ဘယ်ကလာတဲ့ အင်္ကျီလဲဟု မေးပြီး ကိုင်ကြည့်ကြ၏။ ဘယ်ရမလဲ မုံရွာဆေးဆိုးပန်းရိုက်ထည်လို့ မပြောပေါင်၊ ကျွန်တော့် ဦးလေးက သင်္ဘောသားလေဟုပဲ ခပ်တည်တည်ပြောလိုက်သည်။ ဟုတ်တယ်လေ ဘယ်နိုင်ငံက လို့မှ မပြောတာ၊ ကျွန်တော့် ဦးလေးက သင်္ဘောသားလေ လို့ပဲပြောတာ..။

 

သတင်းတွေနဲ့ ခေတ်ရှေ့ပြေးနေတယ်
——————————————

တကယ်တော့ ဦးကြီးဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းက သဖန်းရွာမှာပဲ မွေးပြီး အတန်းပညာ အများကြီး မသင်ခဲ့ရပေမယ့် လေ့လာမှု အမြင်ကျယ်မှု အစုအဆောင်း လုပ်ရည်ကိုင်နှင့် စေတနာတို့ကြောင့် မြို့မျက်နှာဖုံး လုပ်ငန်းရှင်ကြီးအဖြစ် သားကောင်းသမီးကောင်းများ ထွန်းတောက်စေခဲ့သည်။ ရွာမှာမွေး မုံရွာမှာအခြေချသော်လည်း ခေတ်ရှေ့ပြေးသည်။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာအုပ်တွေကို ဇနီးမောင်နှံ၂ယောက်စလုံးဖတ်သည်။ ဦးကြီးက ရက်ကန်းနှင့် ဆေးဆိုး ပန်းရိုက် ပညာကို မိရိုးဖလာနှင့် မတင်းတိမ်ဘဲ အမရပူရ ဆောင်းဒါးယက်ကန်းကျောင်းတွင် တက်ရောက် သင်ယူခဲ့သည်။

ထို့ပြင် ရန်ကုန်အထိ တက်၍ ဆေးဆိုးပန်းရိုက်လုပ်ငန်းချဲ့ထွင်တော့ ယခုအချိန်ထိ နာမည်ကျော် ပန်းချီဆရာကြီး အချို့ပင် ဦးကြီး၏ ဆေးဆိုးပန်းရိုက် တပည့်တွေ ဖြစ်ခဲ့ဖူးသည်။ သည်တော့ ဦးကြီးက စက်မှု လုပ်ငန်းပိုင်းနှင့် နည်းပညာ၊ ဒေါ်ဒေါ်သန်းက စာရင်းအင်း စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုအပိုင်းများ နိုင်နင်းစွာ တာဝန်ယူခဲ့ကြသောကြောင့် ကြီးပွားခဲ့ကြခြင်း ဖြစ်သည်။ ကျွန်တော် အားကျတာက ငွေငန်းမောင်နှံသည် စာဖတ်ရုံမျှမက ထိုစဉ်ကတည်းက ရေဒီယို ကို မပြတ် နားထောင်သည်။ အထူးသဖြင့် ဘီဘီစီ၊ ဗွီအိုအေ၊ အောလ်အင်ဒီယား၊ ပီကင်းအသံ ကို မပြတ်နားထောင်သည်။ ထို့ကြောင့် သူတို့ဆီရောက်လျှင် ထိုစဉ်က အစိုးရထုတ်ပြန်သည့် သတင်းသာမက သတင်းမှန် သတင်းရင်းမြစ် သတင်းထူး သတင်းဦးများလည်း အံ့သြစွာ ကြားရသည်။

ထိုစဉ်က မုံရွာရောက်လို့ ဒေါနခြံက ငွေငန်းသို့သွားလျှင် ဦးကြီးအောင်ဘော် ကို မတွေ့ရတာ များသည်။ ဦးကြီးက မုံရွာမြောက်အစွန် အောင်ချမ်းသာရပ်က စက်ရုံမှာပဲ အနေများသည်။ ထို့ကြောင့် ဒေါ်ဒေါ်သန်းနှင့့်ပဲ အတွေ့များကာ ထိုသတင်းများကို ဒေါ်ဒေါ်သန်းကိုယ်တိုင် နားထောင်ပြီး ပြောပြခြင်း ဖြစ်သည်။ အကယ်၍ ညပိုင်းသွားလျှင် အလုပ်စာပွဲမှာ မျက်မှန်ကြီး တဝင်းဝင်းနှင့် စာရင်းမှတ်ရင်း ရေဒီယို နားထောင်နေတတ်သည်။ နောက်ပိုင်းတွင် ဒေါ်ဒေါ်သန်းနှင့် တွေ့လို့ သတင်း အသစ်အဆန်းများ ပြောလျှင် ဘီဘီစီက ဗွီအိုအေက အောလ်အင်ဒီးယား က ပီကင်းအသံက ဟုသာမက မီတာ ၆၀ က ဟုလည်း ပြောသံမကြာမကြာကြားရတော့ (ထိုစဉ်က) မီတာ ၆၀ကို ကျွန်တော်မသိပါ။

ဦးကြီးအောင်ဘော်က တစ်ခုသာသည်။ သူက သတင်းတွေ စာအုပ်တွေသာ မက အဖုံးနီနှင့် စာအုပ်လေးတွေကို လက်ကိုင်ထားကာ အမြဲဖတ်သည်။ တစ်နှစ်တင် သဖန်းရွာက ရေတွင်းကြီး၂တွင်းကို အကြီးစား ပြင်ဆင်ရမည့် အခြေအနေဖြစ်နေသည်။ သည်ရေတွင်းကြီးများကလည်း ရွာတောင်ဘက် သဲချောင်းထဲမှာရှိကာ တစ်ရွာလုံး၏ လူရောနွားရော အားထားရာဖြစ်၏။ တွင်းကြီးများက အတောင် ၆၀နီးနီးနက်သည်။ ထိုတွင်းကြီး၂တွင်းက အပေါ်တန်းတွေ အုတ်ရိုးဘောင်တွေလည်း ပျက်နေသည်။ သမံတလင်းကလည်း တစ်စစီဖြစ်ကာ သတိထားနင်းနေ ရသည်။ တွင်းထဲက နံရံတွေကလည်း စီထားသည့် ကျောက်များပြိုတာပြို အက်တာအက်ဖြစ်နေသည်။ ဘေးမှာလည်း သုံးသည့် ရေဆိုးတွေက မစီးဘဲ အိုင်ကာ ဗါက်ထနေသည်။ ထိုရေတွင်းကြီးတွေ ပြင်မယ့်သူမရှိ။

 

ကျေးလက် ဘုံအဖွဲ့ပိုင် ရေတွင်း
————————————-

တစ်နှစ်တစ်ခါ ရွာပြန်ပြီး လှူကြတန်းကြသည့် ရန်ကုန် မန္တလေးက သဖန်းနွယ်များကလည်း ဘုရားတည် ကျောင်းဆောက် ထီးတင် သိမ်လှူပဲ လုပ်ကြသည်။ ရေတွင်းကို လှည့်မကြည့်ကြ။ ထိုအခါ ဦးကြီးဦးအောင်ဘော်က ထိုရေတွင်းကြီး၂တွင်းကို အကြီးစားပြင်ဆင်သည်။ နံရံတွေ၊ တွင်းဘောင်တွေ သမံတလင်းတွေ တန်းတွေကို အခိုင်မာဆုံး ပြင်ဆင်သည်သာမက ရေဆိုးများကိုလည်း အလဟဿ မဖြစ်စေဘဲ အညစ်အကြေးများကို စစ်ကာ နွားသောက် ရေကန်အဖြစ်လည်း တည်ဆောက်ပေးသည်။ သည်လိုနှင့် ရေတွင်းကြီး၂တွင်းက အကောင်းအမွန် အသစ်အလွင်ဖြစ်ကာ ရွာလူထုအတွက် အထူးအဆင်ပြေသွားသည်။

ထိုအခါ ရွာက ဆရာတော်က ဦးအောင်ဘော်ကို ထိုအလှူအတန်း ကုသိုလ်အတွက် ရေစက်ချပွဲပြုလုပ်ပြီး ရေတွင်းမှာ အလှူရှင်နာမည် ကမ္ပည်းထိုး ချိတ်ဆွဲဖို့ မိန့်သည်။ ထိုအခါ ဦးကြီးက ရေတွင်းအတွက် ငွေသိန်းချီ အကုန်အကျခံခဲ့ပါပြီ။ တပည့်တော်တို့ မိသားစု သံသရာအကျိုးအတွက်ဆိုပြီး ရေစက်ချဖို့ ထပ်အကုန်မခံတော့ပါဟု ပြန်လျှောက်ကာ ရေတွင်းမှာပဲ ကမ္ပည်းထိုခဲ့သတဲ့။ ထိုကမ္ပည်းက “ ဤရေတွင်းကြီးများသည် တစ်ချိန်တွင် သဖန်းရွာ ကျေးလက်ဘုံအဖွဲ့က ပိုင်ဆိုင်မည့် ရေတွင်းဖြစ်သည်။ ထို့ကြောင့် ဤရေတွင်းများကို ထိန်းသိမ်းပြုပြင်ရေးတာဝန်မှာ ကျေးရွာသားတိုင်း၏ တာဝန် ဖြစ်သည်” တဲ့။ အဲလို…

 

ဟွန်ဒါ မမ၊ သိပ်လှတယ်ဗျ
—————————–

ဦးကြီးဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်း က သားသမီး ၇ယောက်ထွန်းကားသည်။ ၇ယောက်လုံးက ဘွဲ့ရ ပညာတတ်များ ဖြစ်သည်။ အကြီးဆုံးသားက ဘွဲ့ရကာ စာရေးဆရာ နီမင်းဆွေ မို့ သဖန်းမျိုးနွယ်ထဲက ပထမဆုံး စာရေးဆရာဖြစ်သည်။ ထို့ပြင် ဝန်ကြီးဌာန တစ်ခုတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။ သမီးတွေထဲက မမကြည်နှင့် မမရီကပါ ကျွန်တော်တို့ထက် စောစီးစွာ မန္တလေးတက္ကသိုလ်က ဘွဲ့ရသည်။ နောက် သမီးတွေသားတွေဖြစ်ကြသော မနုနု၊ မအေးအေး၊ ကိုမြင့်စိုး၊ မဌေးဌေးတို့ကလည်း မန္တလေးတက္ကသိုလ်က ရန်ကုန် တက္ကသိုလ် က မုံရွာတက္ကသိုလ်က စသည်ဖြင့် ဘွဲ့တွေ ရကြသည်။

ငွေငန်း၏ သမီးပျိုများက ထိုခေတ်ထိုအခါက မုံရွာမှာ ထင်ရှားသတဲ့။ အဘယ်ကြောင့် ဆိုသော် မုံရွာတွင် မိန်းကလေးအနေနှင့် စူပါကပ်ဆိုင်ကယ်ကို ပထမဆုံးစီးသူများ ဖြစ်လို့တဲ့။ ထို့ကြောင့် ထိုစဉ်ကာလက သူတို့ကို ဟွန်ဒါကြည်၊ ဟွန်ဒါရီ လို့ ခေါ်ကြသတဲ့။ ဦးကြီးဦးအောင်ဘော်နှင့် ဒေါ်ဒေါ်သန်းက ဤသို့ ခေတ်မီခဲ့သည်။ မြန်မာ မိန်းခလေးပေမယ့် နေရာတကာ ခြေတစ်လှမ်း ကုဋေတစ်သန်းနှင့် မလိုအပ်ဘဲ ပိပြားမနေနှင့် ခေတ်နှင့် ရင်ဘောင်တန်းကာ လုပ်ကိုင်နိုင်ရမယ်ဟု သမီးများကို သွန်သင်ထားသည်။ ထိုသို့ သွန်သင်ခဲ့လို့ အထိန်းအသိမ်းမရှိ နေချင်သလို နေရမယ်လို့လည်း မအောက်မေ့နှင့် လိုအပ်သည့်နေရာမှာ အားနာစရာမလို စည်းကမ်းလည်း တင်းကျပ် ခဲ့သည်။

 

ညအိပ်ချင်ရင် ဇရပ်ဝိုင်းသွား
——————————-

ကျွန်တော့်ကို အစ်ကို ဝမ်းကွဲတစ်ယောက်က ပြောပြဖူးသည်။ သူတို့ လူပျိုပေါက်လောက်က မုံရွာသို့ ၂ယောက်သား သွားကြပြီး ညနေ နေဝင်ချိန်လောက်မှ ဒေါနခြံက ငွေငန်းကို အိတ်လေးတွေ ကိုယ်စီ လွယ်ပြီး ဝင်ကြတာတဲ့။ ဟိုရောက်တော့ ဦးကြီးဦးအောင်ဘော်နဲ့ တွေ့တော့ ဟ.. မင်းတို့ မိုးချုပ်နေပြီ၊ ဘယ်ကပြန်လာကြတာလဲ လို့ မေးသတဲ့။ သူတို့ကလည်း အကြံအစည်နဲ့မို့ ကျွန်တော်တို့ ဖိုဝင်းတောင်က ပြန်လာကြတာပါ။ မိုးချုပ်ပြီး ကားမမှီတော့လို့ပါ။ ဒီမှာပဲ ညအိပ်ကြမလို့ပေါ့။ ဒါမှ ငွေငန်းမှာ ညအိပ်ရင်း ဦးကြီးဦးအောင်ဘော်သမီးတွေနဲ့ တွေ့ရ စကားပြောရမှာကိုး။

ဒါပေမယ့် ဦးကြီး ဦးအောင်ဘော်က သြော်.. ကားမမှီလို့ ညအိပ်မယ်ဆိုရင် မင်းတို့နှယ် ဒီထိ အဝေးကြီးလာနေရတယ်ကွာ၊ ရန်အောင်မန်း ကားဂိတ်ဘေးမှာ ဇရပ်ဝိုင်းဆိုတာ ရှိတယ်။ အကျယ်ကြီး၊ အိပ်ပါလေ့၊ မနက် ကားထွက်ချိန် ဇရပ်ပေါ်ကနေ ကားပေါ် လှမ်းတက်လိုက်ရုံတင်၊ သွားကြ မြန်မြန်သွားကြ၊ မိုးချုပ်ရင် ဒီဘက်အရပ်တွေက မကောင်းဘူး။ လို့ ပြောပြီး နှင်လွှတ်လိုက်တာတဲ့၊ ဒို့မှာ အိတ်လေးတွေဆွဲပြီး ကုပ်ချောင်းချောင်းနဲ့ ပြန်ခဲ့ရတာဟု ဝမ်းကွဲ အစ်ကိုတစ်ယောက်က ပြောပြဖူးသည်။ ဦးကြီး ဦးအောင်ဘော်က ရွာဆွေရွာမျိုးပေမယ့် အားမနာ၊ သမီးတွေကို သူ့နေရာနှင့်သူ စည်းကမ်းတွေရှိသည်။

 

တော်တော်လှသည့် ညီအစ်မ ၄ဖော်
————————————–

တကယ်တော့ ကိုယ့် အစ်မတွေမို့ အားမနာတမ်းပြောပါမည်။ သူတို့ ငွေငန်းညီအစ်မ တတွေမှာ အချောဆုံးက မမရီဖြစ်သည်။ ကိုယ်နေဟန်ထား၊ အသားအရေ၊ အသွယ်အလျ၊ မျက်ခုံး မျက်လုံး နှာတံ အတော်လှသည်။ ဆံပင်ကလည်း ဖြောင့်စင်း ရှည်လျား..။ တစ်နှစ်တင်ကများ မှတ်မှတ်ရရ ၈၁လမ်းရှိ လှဂုဏ်ရည် ဓာတ်ပုံတိုက်ရှေ့မှာပေါ့။ ကျွန်တော်၊ ကျွန်တော့်အစ်မ မမခင်ဝင်း၊ မမသန်းလှတို့က မုံရွာက မမကြည်နဲ့ မမရီတို့ ရောက်သည် ဆိုတာကြောင့် သူတို့တည်းသည့် လှဂုဏ်ရည်အိမ်သို့ သွားကြသည်။ ကျွန်တော် အမှတ်မမှားဘူး ဆိုလျှင် ၈၂လမ်းနှင့် ၂၈လမ်းထောင့်က မြို့မရုံမှာ ကယ်လီရိုပတ်ထရာဇာတ်ကားပြနေလို့ ညနေ၆နာရီပွဲ ကြည့်ရန် ချိန်းကြခြင်းဖြစ်သည်။

ထိုသို့ ရုပ်ရှင်ရုံမသွားမီ မမရီ၊ မမသန်းလှ၊ မမခင်ဝင်းနှင့် လှဂုဏ်ရည်အိမ်၏ တောင်ဘက်က ကပ်ရက်အိမ်က မမအတွမ်း (ဒေါ်ခင်စောဦး) တို့ ၄ယောက်သား အိမ်ရှေ့မှာ ရပ်၍ စကားပြောနေကြသည်ကို အခု ပြန်စဉ်းစားလျှင် အခု မြင်ယောင်လာသည်။ ၄ယောက်စလုံးက အတော်လှကြ ချောကြတာပဲ။ ငါ့အစ်မတွေ လှပုံက အတော်ရှားတယ်ဟု ကောက်ချက်ချမိသည်။ ဟုတ်တာပေါ့ မမရီကလည်း ချော၊ မမသန်းလှကလည်း ချော၊ ကျွန်တော့် အစ်မကလည်း ချော၊ ကျွန်တော်တို့ သဖန်းမျိုးများနှင့်ရော အခု အစ်မများနှင့်ပါ ညီအစ်မအရင်းကဲ့သို့ ယခုတိုင် ခင်မင် သံယောဇဉ်ကြီးသည့် မမအတွမ်း (ဒေါ်ခင်စောဦး)ကလည်း ချော..။ အချောအလှ ၄ဦး ဆုံတွေ့နေတာ အခုခေတ်လို ဖုန်းကင်မရာတွေ ပေါရင် အရပ်၈မျက်နှာက မှတ်တမ်းတင်ဖိမှာ သေချာသည်။ အခုတော့ သက်သေမပြနိုင်တော့။ ထပ်၍ မှတ်မိသေးတာက ထိုည က ထို အပျိုချောများ ကယ်လီယို ပတ်ထရာ မကြည့်လိုက်ရ။ လက်မှတ်ရဖို့ ဝေးစွ၊ ရုံနားပင် မကပ်နိုင်ခဲ့။ စည်လိုက်သည့် ဖြစ်ခြင်း။

မမကြည်နှင့် မမရီက မုံရွာက ၁၀တန်းအောင်ပြီး ထိုစဉ်က ခွဲတမ်းအရ မြစ်ကြီးနားကောလိပ်တွင် ၂နှစ်နေရသည်။ ထို့နောက် တတိယနှစ်ရောက်မှ မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ တက်ရသည်။ မန္တလေးတက်တော့ အဆောင်မှာနေကြသည်။ သို့သော် စနေ တနင်္ဂနွေဆိုလျှင် ဒေါင်းရိုးက မမဝင်းရီတို့ အိမ်မှာ ညအိပ်သည်။ သူတို့လာလျှင် ကျွန်တော်တို့ ကိုမောင်ဒွေးတို့ ကိုမန်းမောင်တို့က သွားလည်ကြသည်။ သူတို့ညဈေးတန်းသွားလျှင်လည်း လိုက်ပို့ကြသည်။ သည်လိုနှင့် တတိယနှစ်မှာပဲ ထင်ပါရဲ့ တက္ကသိုလ်က စာမေးပွဲတွေလည်းပြီးပြီ။

 

မထင်မှတ်ဘဲ ကြေးနန်းစာ
——————————-

အခါတိုင်း ကျောင်းပိတ်သည်နှင့် နောက်ရက်မှာ မုံရွာပြန်တတ်သော ကိုယ့်အစ်မနှစ်ယောက် က မပြန်ကြသေး။ မုံရွာက သူတို့ သူငယ်ချင်းတွေတဲ့၊ ကိုကျော်သန်းတဲ့၊ ဒါပေမယ့် သူ့ကို ကိုသော်ဟုပဲ ခေါ်ကြသည်။ နောက်တစ်ယောက်က ကိုမိုးကျော်တဲ့။ သူတို့လည်း ရောက်နေကြသည်။ ၂ယောက်စလုံးက မင်းသားတွေ၊ ကိုသော်က သွားတက်လေးနှင့် လူပုံက ညက်သည်။ ကိုမိုးကျော်က ရွှေမန်းတင်မောင်သား ဆန်းဝင်းနှင့် တူသည်။ ၂ယောက်စလုံးကလည်း ရောက်ပြီး တစ်ရက် ၂ရက် အတွင်းမှာပင် ကျွန်တော်တို့နှင့် ခင်သွားကြသည်။ သည်လိုနှင့် သွားကြ စားကြ ရယ်မောကြနှင့် ၃ရက်လောက်နေတော့ ဦးကြီးကောင်းရင်လိပ်စာနှင့် ကြေးနန်းတစ်စောင် ညနေစောင်းမှာပဲ ရောက်လာသည်။

ကြေးနန်းကို ဖွင့်ဖတ်လိုက်တော့ ဦးကြီးကောင်းရင်လည်း မျက်လုံးတွေ ပြာကာ မေ့လဲမတတ်ဖြစ်သွားသည်။ မောင်ကောင်းရင် ဘာတဲ့လဲ၊ ဘာတဲ့လဲ ဟု အမောတကောမေးသည့် ကြီးဒေါ်သိန်းရော၊ မျက်နှာချင်းဆိုင်က ကြီးဒေါ်ဒေါင်းရော ဦးကြီးကောင်းရင်အဖြေကြောင့် တက်မတတ်ချက်မတတ် အော်ငိုကြသည်။ ဦးကြီးကောင်းရင်က ချက်ချင်းပင် အဘကိုလာပြောတော့ အဘမှာ ဟာဟုပဲ ရေရွတ်နိုင်ကာ ခေါင်းငိုက်စိုက် ကျသွာ၏။ သတင်းက တမုဟုတ်ချင်းပြန့်သွားသည်။ အခု ချက်ချင်းလိုက်ဖို့က ကားတွေ မရှိတော့။

ထို့ကြောင့် မနက်၄နာရီ ကားဦးနှင့် လိုက်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဦးကြီးကောင်းရင်က ကဲ.. ကိုပေါလူ ခင်ဗျားတူမတွေကိုတော့ ခင်ဗျားပဲ သွားပြီး အသိပေးလိုက်ပါဗျာ၊ ပြီးတော့ မနက်ကျ သူတို့ကိုလည်း ခင်ဗျားပဲ ခေါ်ခဲ့လိုက်ပါဟု ပြော၏။ ဝင်းထဲက အိမ်တိုင်းမှာ ထိုအကြောင်းပဲ ပြောကာ စုပ်တသပ်သပ် ဖြစ်နေကြ၏။ အဘက ကျွန်တော့်ကို ခေါ်ပြီး မမဝင်းရီတို့ အိမ်သွားကာ မမကြည်နှင့် မမရီကို ဖြည်းဖြည်းချင်း အသိပေးလိုက်သည်။ ကြားကြားချင်း ညီအစ်မနှစ်ယောက်လုံး တက်မတတ် ချက်မတတ်ဖြစ်ကာ မမဝင်းရီတို့က မနည်းထိန်းကြရ၏။ သူတို့ နှစ်ယောက်ကိုလည်း မနက် ၃နာရီလောက်ကတည်းက အဆင်သင့် လုပ်ထားဖို့ အဘက သေချာ မှာ၍ အိမ်သို့ ပြန်ကာ မနက်အတွက် ပြင်ဆင်ရသည်။

တစ်ဝင်းလုံးမှာ မအိပ်နိုင်ကြသေး၊ ပြောလို့ ဝမ်းနည်းလို့ မဝသေး။ သြော်.. ဝမ်းနည်းကြ နှမြောကြမှာပဲလေ။ တစ်ရွာလုံးက ချစ်ခင်၊ တစ်ရွာလုံးက လေးစားကြသူလေ၊ အသက်က ဘာရှိဦးမလဲ။ သူ့အတွက်သာမက အလွန် စိတ်ရင်း စေတနာကောင်းကာ အားလုံးက ချစ်ခင်သော ဒေါ်ဒေါ်သန်းအတွက်ပါ ဝမ်းနည်းကြရသည်။ ဦးကြီးကောင်းရင်ထံ ညနေစောင်းက ရောက်လာသော ကြေးနန်းစာက ‘မုံရွာငွေငန်း ကိုအောင်ဘော် ဆုံးပြီ၊ အမြန်လာ” တဲ့။

 

တစ်ဆွေလုံးတစ်မျိုးလုံးပူ
————————-

ထိုနေ့ညက ဘယ်သူမှ မအိပ်နိုင်ကြ၊ တစ်ညလုံးငုတ်တုတ်၊ မနက် ၃နာရီထိုးတော့ အထုပ်ကလေးတွေ ဆွဲပြီး ဦးကြီးကောင်းရင်၊ ဦးကြီးစာဗျောနှင့် အဘတို့က မမကြည်နှင့် မမရီကို ခေါ်ကာ သွားနှင့်သည်။ ချက်ချင်းတော့ သင်္ဂြိုဟ်မှာ မဟုတ် ၃ရက်တော့ အနည်းဆုံးထားလိမ့်မည်၊ ရန်ကုန် မန္တလေး ဘုတလင် မုံရွာ သူ့မိတ်က နည်းတာမှ မဟုတ်တာ၊ ထို့ပြင် သားအကြီးဆုံး ကိုကိုမြင့်ဆွေကလည်း သံဖြူဇရပ်မှာ တာဝန်ကျနေတော့ စောင့်ရဦးမည်။ ထို့ကြောင့် ကျန်သူများက နောက်ရက်တွေမှ သွားမည့်သူ၊ သင်္ဂြိုဟ်သည့်နေ့မှ သွားမည့်သူ စသည်ဖြင့် ပြောကျန်ရစ်သည်။ မနက်လင်းတော့ မင်္ဂလာဈေးနာက အရှေ့ဝင်းအမျိုးတွေဆီ သတင်းပို့ကြ၊ လှဂုဏ်ရည်မှာ သတင်းပို့ကြ၊ သဖန်းကျောင်း ဦးသုမနထံ သွားလျှောက်ကြ၊ ပုဂံတိုက် စိန်ရွှေရတနာကျောင်း ဆရာတော် ဦးဥတ္တမကိုလျှောက်ကြနှင့် ကြားလိုက်ရသည့် ဆရာတော်များ ကပင် အံ့အားသင့် စိတ်မကောင်း ဖြစ်ကြရသတဲ့။

တစ်နေကုန် မုံရွာက ထပ်ရောက်လာမည့် ကြေးနန်းကို မျှော်ကြရသည်။ ဦးကြီးကောင်းရင်က မုံရွာရောက်လျှင် သင်္ဂြိုဟ်မည့်နေ့ကို ကြေးနန်းရိုက်လိုက်မယ်ဟု မှာသွားခဲ့တာကိုး။ ဒေါ်ဒေါ်ဒေါင်းကဆိုလျှင် သေချာမှာလိုက်ရက်နဲ့ ကြေးနန်းက မလာသေးဘူးဟု မျက်ရည်သုတ်ရင်း တဖွဖွပြောလို့။ ဦးကြီးဘထွန်းကတော့ သင်္ဂြိုဟ်မယ့်ရက် မဆုံးဖြတ် ရသေးလို့ နေမှာပါ မိဒေါင်းရာဟု လှမ်းနှစ်သိမ့်သည်။ သည်လိုနှင့် ညနေဝင်ခါနီးမှ ကြေးနန်းမျှော်တာ နားလိုက်ကြရသည်။ သည်အချိန်မှတော့ ကြေးနန်းလာတော့မှာ မဟုတ်တော့။ မနက်ထပ်မျှော်ရုံပေါ့ဟု စိတ်လျှော့ကြသည်။ လှဂုဏ်ရည် ကလည်း မီးသတ်ရုံကတဆင့် မုံရွာမီးသတ်ကို လှမ်းချိတ် မေးမြန်းခိုင်းတာ အဆင်မပြေသေးဘူးတဲ့။

သည်လိုနှင့် မိုးစုပ်စုပ်ချုပ် မီးခွက်ထွန်းကြတော့ ဝင်းထိပ် ကင်းတဲဘက်က ဦးကြီးကောင်းရင် ဦးကြီးစာဗျောနှင့် အဘတို့ ၃ယောက်သား အိတ်ကိုယ်စီ လွယ်ပြီး စိုက်စိုက်စိုက်စိုက်နှင့် ဒရွတ်တိုက် လာနေတာကို ကိုထွန်းကြွယ်က ဒေါ်အေးခင်ဆိုင်ထဲက လှမ်းမြင်ကာ ပြေးထွက်ကြိုရင်း မေးသည်။ ထိုစဉ် ဦးကြီးစာဗျောက သူ့ဝသီအတိုင်း ခုန်၍ခုန်၍ က ရင်း “ ကိုအောင်ဘော်၊ မသေပါဘူးတဲ့ဗျာ၊ သူ့သမီးတွေ ကျောင်းပိတ်တာ ချက်ချင်းပြန်မလာကြလို့ ပြန်လာတဲ့နည်း သုံးလိုက်တာပါတဲ့ဗျာ” ဟု သီချင်းလို လုပ်ဆိုကာ ကွေးနေအောင် က သည်။

ထို့နောက် ဝင်းအနောက်ဘက်ကနေ တစ်ဝင်းလုံး ကြားအောင် “ မသေဘူးတဲ့ဟေ့ မလိုက်ကြနဲ့တော့၊ သူ့သမီးတွေ ပြန်လာအောင် ညာပြီးကြေးနန်းရိုက်တာတဲ့ဟေ့၊ ကြေးနန်းရိုက်လိုက်တာ မသန်းတောင် မသိဘူးတဲ့ဟ’” ဟု ဦးကြီးစာဗျောက ကရင်းခုန်ရင်း တစ်လမ်းလုံး တကြော်ကြော်အော်သွာတော့မှ အားလုံးမှာ တဝါးဝါးတဟားဟား ရယ်နိုင်ကြတော့သည်။ အဲ့လို ဦးကြီး ဦးအောင်ဘော်…။

 

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW