အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပြော

ဖေဖော်ဝါရီ ၁၉ – ၂၀၂၆
SS (VOM)

အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ကပြဖျော်ဖြေ သရုပ်ဖော်မှုတွေမှာ မသန်စွမ်းမှုကို သရော်ထားတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိရတဲ့အတွက် ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။

လက်ရှိ လူမှုကွန်ရက် Tiktok ပေါ်မှာ ပျံ့နှံ့နေတဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေမှုတွေဟာ မသန်စွမ်းသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ၎င်းတို့ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ရတဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။
“ဒါနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို တင်ပြသွားမှာပါ။ အရေးယူ ဆောင်ရွက်သင့်တာနဲ့ သူတို့တကယ် ဆောင်ရွက်မှာနဲ့ တူချင်မှလည်းတူမှာပေါ့။ အဲဒါတော့ လူကြီးတွေ စဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီဘက်မှာတော့ မသန်စွမ်းတွေကတော့ ဒီကိစ္စကို လာပြောကြတာ သုံးရက်ရှိပြီ။ သူတို့ စိတ်မကောင်းကြောင်း၊ မခံမရပ်နိုင် ဖြစ်ရကြောင်းပေါ့။ ဒါတွေကို ကာကွယ် စောင့်ရှောက်ဖို့ ဆိုတာကို အမြဲ တောက်လျှောက် တင်ပြ တောင်းဆိုနေတာတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် မသန်စွမ်းသူတွေရဲ့ ဆန္ဒနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက် ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကတော့ တာဝန်ရှိ ပုဂ္ဂိုလ်တွေပေါ်မှာပဲ မူတည်တယ်လို့ သူက ပြောပါတယ်။
“ဒီလုပ်ရပ်က မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်သွားတာပါ။ လောလောဆယ်တော့ သူတို့ဘက်က သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ဆက်သွယ်လာခြင်း မရှိသေးပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို စာပို့ အကြောင်းကြားဖို့အတွက် ကျွန်တော်တို့ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မနေ့က အစည်းအဝေးတွေထိုင်တယ်၊ ပြင်ဆင်တယ်ပေါ့။ ဒီနေ့ပဲ စာပို့ပါတော့မယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ မသန်စွမ်းမှုကို သရော်ထားတဲ့ ဗီဒီယိုကိုလည်း ဆက်လက် မျှဝေ (share) တာတွေ မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပြီး ရှုတ်ချတဲ့ သဘောထက် ပိုမိုပျံ့နှံ့သွားကာ မသန်စွမ်းသူတွေအပေါ် အမြင်တမျိုး ဖြစ်သွားစေနိုင်တာကြောင့်လို့ ဆိုပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ လက်ရှိမှာ ထင်မြင်ယူဆချက် အမျိုးမျိုးနဲ့ ဝေဖန်မှုတွေလည်း မြင့်တက်နေတာဖြစ်ပြီး ဒီလို ဝေဖန်ပြောဆိုမှုတွေဟာ အပြုသဘော ဆောင်တာတွေလည်း ရှိသလို အပြုသဘောမဆောင်တဲ့ မှတ်ချက်တွေလည်း ရှိနေတာတွေ့ရပြီး ဒီလို ပြောဆိုမှုတွေကတော့ သူတို့ရဲ့ လွတ်လပ်ခွင့်သာ ဖြစ်တယ်လို့ ဦးမြတ်သူဝင်းက ပြောပါတယ်။
“‌ဒီအဖြစ်အပျက်က စိတ်မကောင်းတော့ ဖြစ်ရတာပေါ့။ နောက်ကိုလည်း ဒါမျိုး မဖြစ်စေချင်ပါဘူး။ အရင်တုန်းကလည်း ဖြစ်တယ်၊ အခုလည်း ဖြစ်တာပဲဆိုတဲ့ အသုံးအနှုန်းတွေ၊ သူများတွေလည်း လုပ်တာပဲ၊ သူ့ကျမှ ဆိုတာတွေ တွေ့ရတယ်။ သူများလုပ်တာကို ကိုယ်မလုပ်မိဖို့ဘဲ အရေးကြီးပါတယ်။ အရင်တုန်းကဆို လူရွှင်တော်ကို လူပြက်လို့ ခေါ်ခဲ့ကြတယ်။ အဲဒီလို ခေါ်တာ မကြိုက်ဘူးဆို ပြင်ရတာ၊ ပြောင်းရတာပဲ။ မသန်မစွမ်းကိုလည်း မသန်စွမ်းလို့ ပြောင်းခဲ့ကြတာပဲ” လို့ သူက ပြောပါတယ်။
ဒါကြောင့် အခုလို ချို့ယွင်းအားနည်းမှု ရှိတာကို လှောင်ပြောင်တယ် ဆိုတာဟာ မတော်တဆ ဖြစ်တာမျိုးမဟုတ်ဘဲ ရည်ရွယ်ပြီး လူရွှင်တော်တွေတင်မက မင်းသား၊ မင်းသမီးတွေ ကိုယ်တိုင်ကပါ လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လုပ်ရပ်မျိုးတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
“ကျွန်တော်တို့က အဖျော်ဖြေခံနဲ့ အလှောင်ပြောင်ခံ သတ္တဝါတွေ မဟုတ်ဘူး၊ လူတွေလေ။ ဒီလူတွေကို ထည့်သွင်းပြီး လှောင်ပြောင်တာမျိုးကတော့ မသန်စွမ်းတွေ မခံမရပ်နိုင် ဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ။ ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းမှာ ဒါတွေကို ဆင်ခြင်ရမယ်။ ကျင့်ဝတ်ဆိုတာ ရှိတာကိုး။ အနုပညာသည်တွေကတောင် ပိုပြီးတော့ ဒါတွေ ထိန်းသိမ်းရမယ့်အပိုင်းတွေ ရှိတယ်။ လက်လွတ်စပယ် လုပ်တာတွေက နောက်ဆက်တွဲ ဘာတွေဖြစ်မယ်ဆိုတာ လူတွေက မသိသေးဘူး ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ လက်ရှိ လူမှုကွန်ရက်ပေါ်မှာ တွေ့နေရတဲ့ မှတ်ချက်တွေထဲမှာ တဖက်က ဇာတ်သဘင်အဖွဲ့ကို တမင် ရည်ရွယ်ပြီး တိုက်ခိုက်တယ် ဆိုတာမျိုးအထိ ရေးသားနေကြတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်နဲ့ စီးပွားဖက်လည်း မဟုတ်ဘူး၊ လုပ်ငန်းတူလည်း မဟုတ်ဘူး၊ ပြိုင်ဘက်လည်း မဟုတ်ပါဘူး။ ကျွန်တော့်မှာ ပြိုင်ဘက်လည်း မရှိပါဘူး။ ဘာမှ တိုက်ခိုက်လိုခြင်းလည်း မရှိပါဘူး။ ဒါပေမယ့် သူများတွေလုပ်လို့ ကိုယ်လိုက်လုပ်တယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလေ။ အခုလိုတွေ ဖြစ်တာကိုတော့ မသန်စွမ်းသူ အားလုံးက စိတ်မကောင်းဖြစ်ကြရတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၅၀ ကျော်မှာ မသန်စွမ်းသူ ဦးရေဟာ ၁၀ သန်းကျော် ရှိနေတာဖြစ်ပြီး ၅ ပုံ ၁ ပုံကျော် ရှိနေတာဖြစ်တဲ့အတွက် အခုလို ဖြစ်ရပ်နဲ့ပတ်သက်လို့ မသန်စွမ်းသူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအားလုံးကို စိတ်မကောင်းဖြစ်စေတယ်လို့ သူက ပြောပါတယ်။
အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့လည်း ဖျော်ဖြေပွဲခုမှာ လူရွှင်တော် ဖြိုးဖြိုးကနေ ပရိသတ်ထဲက ကလေးငယ်တယောက်ကို ချီပိုးပြီး မဖွယ်မရာ စနောက်ခဲ့လို့ သဘင်အစည်းအရုံးက သတိပေးကာ ခံဝန်ထိုးခဲ့ရပါသေးတယ်။
ဒါအပြင် မန္တလေးမြို့မှာ ဖျော်ဖြေချိန်ကလည်း ဘာသာသနာကိုစော်ကားတဲ့ပြတ်လုံးတွေ ပြတ်လို့ဆိုပြီး ဝေဖန်ကြတာကြောင့် လူရွှင်တော်ဖြိုးဖြိုးက ထပ်မံ တောင်းပန်ခဲ့ရပါသေးတယ်။
ဒါအပြင် မသန်စွမ်းသူတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ အသိပေးစာ ထုတ်ပြန်ထားတာမှာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေအနေနဲ့ မသန်စွမ်းသူတွေကို နှိမ့်ချ၊ လှောင်ပြောင်သရော်တဲ့ ပြကွက်တွေကို ရေးသား၊ ညွှန်ကြား၊ သရုပ်ဆောင်မှုတွေ မပြုလုပ်ဘဲ ရှောင်ကျဉ်ကြဖို့ မေတ္တာရပ်ခံသတိပေးထားပါတယ်။
လက်ရှိ အနုပညာတင်ဆက် ဖျော်ဖြေမှုတချို့မှာ မသန်စွမ်းသူတွေကို နှိမ့်ချ လှောင်ပြောင်တဲ့ သဘောမျိုးနဲ့ တင်ဆက် ဖျော်ဖြေမှုတွေကို တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရုပ်ရှင်ဆင်ဆာအဖွဲ့ အနေနဲ့ မသန်စွမ်းသူတွေ နှိမ့်ချ၊ လှောင်ပြောင်သရော်တဲ့ သရုပ်ဆောင်ကွက်တွေကို သရုပ်ဆောင်ပြသခြင်း မပြုကြဖို့ တားမြစ်ထားပြီး ဖြစ်တယ်လို့ အသိပေး ကြေညာထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW