ထိုင်းရောက် CDM မြန်မာလုပ်သားတွေကို CI စာအုပ်ထုတ်မပေးတဲ့ အခြေအနေဖြစ်ပေါ်နေ

ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၆
CC (VOM)
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးရာမှာ CDM ပြုလုပ်ထားသူတွေကို စာအုပ်ထုတ်မပေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။
CI စာအုပ် ပြုလုပ်သူတွေထဲကမှ CDM တွေကို မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်တာမျိုးရှိပြီး စာအုပ်ကိုတော့ ထုတ်ပေးခြင်း မရှိဘူးလို့ သိရပါတယ် ။
” အခု CDM တွေကို စာအုပ်ထုတ်မပေးပါဘူး ။ စာအုပ်သက်တမ်းကုန်မှာမို့လို့ စာအုပ်သွားလဲတာကို သူတို့မှာ CDM စာရင်းရှိနေပြီးသား ။ လာခေါ်ပြီးတော့ မြန်မာသံရုံးက လူကြီးကမေးတယ် ။ ဘယ်ဌာန ရုံးမှာလုပ်လဲမေးတယ် ။ပြီးတော့ CDM စာရင်းဝင်နေတယ် လုပ်လို့မရဘူး ။မလုပ်ပေးဘူး ပြောတယ်။မေးမြန်းတာပဲလုပ်ပြီး စာအုပ်မလုပ်ပေးဘူး ။ အရင်က စာရင်းတွေမရှိသေးဘူးတဲ့။ ၂၀၂၄ မှာမှ စာရင်းပို့ထားတယ် ပြောတယ်။ ” လို့ CI စာအုပ် မရခဲ့တဲ့ ထိုင်းရောက် CDM မြန်မာလုပ်သား တယောက်က ပြောပါတယ် ။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ စတဲ့ မြို့ ငါးမြို့မှာ CI စင်တာတွေ ဖွင့်လှစ်ပြီး မြန်မာလုပ်သားတွေကို CI စာအုပ် ထုတ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” စာအုပ်အသစ်လဲတာကို CDM လုပ်ထားလို့ Black list ပါနေလို့ ဆိုပြီး စာအုပ်အသစ်ထပ်လဲမပေးဘူး ။လူ ၁၀၀ ကျော်သွားတာ ကျွန်တော် တယောက်ပဲ မရခဲ့တာ ။ လက်ဗွေနဲ့မျက်လုံး scan ဖတ်တာမှာ CDM ဆိုတာပေါ်တယ်။ CI စာအုပ်မရှိရင်တော့ နယ်ကျော်သွားလာလို့ မရဘူးပေါ့ ။ ” လို့ နောက်ထပ် ထိုင်းရောက် CDM တယောက်က ပြောပါတယ်။
CDM မြန်မာလုပ်သားတွေကို CI စာအုပ်ထုတ်မပေးတာကြောင့် စာအုပ်ပြုလုပ်ဖို့ ပွဲစားကို ကြိုတင် ပေး သွင်းထားတဲ့ ငွေကြေးအတွက် CDM တွေမှာ ပေးသွင်းငွေတဝက်ဆုံးရှုံးခြင်း ၊ နယ်ကျော်သွားလာခွင့်လည်း ဆုံးရှုံးရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
” ပွဲစားက တဝက်ပဲ ပြန်ပေးတယ်။ ဘတ် ၇၀၀၀ ဆိုရင် ၃၅၀၀ ပြန်ပေးတယ်။ ဆဲဗင်းအခွန်သွင်းထားပြီးသားဖြစ်တာရယ် စာရွက်စာတမ်းဘာညာအတွက်ပေါ့။ ” လို့ သူက ထပ်မံ ပြောပါတယ် ။
အလုပ်သမားသံအရာရှိရုံးက ကြေငြာထားတာကတော့ CI စာအုပ်ပြုလုပ်ခမှာ ဘတ် ၂၆၇၀ ကျပ်သာ ကျသင့်မှာဖြစ်ကြောင်းနဲ့ CI လုပ်လိုသူတွေအနေနဲ့ နီးစပ်ရာ 7-Eleven ဆိုင်တွေမှာ စာအုပ်ဖိုး ၂၆၇၀ ဘတ်ကို အရင်ပေးသွင်းပြီး ငွေသွင်းချိန်မှာပဲ မိမိသွားလိုတဲ့ စင်တာနဲ့ ရက်စွဲကို ရွေးချယ်နိုင်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ CI စာအုပ်ပြုလုပ်ဖို့အတွက် ပွဲစားတွေက ထိုင်းဘတ် ၁၅၀၀၀ ကျပ်အထိ တောင်းခံမှုရှိနေတယ်လို့ သိရပါတယ်။
ဒီနှစ်မှာ CI စာအုပ် အသစ်လဲလှယ်မှုနဲ့ သက်တမ်းတိုးမယ့် အလုပ်သမားအရေအတွက် နှစ်သိန်းငါးသောင်းမှ သုံးသိန်းဝန်းကျင် ရှိနိုင်ပြီး စာအုပ်အသစ် လျှောက်ထားမဲ့သူတွေကလည်း သိန်းဂဏန်းရှိနိုင်ကြောင်း ၊ အဲဒီထဲမှာ CDM တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ထိုင်းရောက်မြန်မာနိုင်ငံသား

Related posts

Leave a Comment

VOM News

FREE
VIEW