သူတို့အိမ် အခန်း – ၆၁

 

ဆူးငှက်

 

 

ဈေးသစ် ဘုန်းကြီးလမ်း
————————-

ကျွန်တော် မုံရွာရောက်လို့ ဆူးလေကုန်းက မမခင်ရီတို့တိုက်သို့ နေလျှင် မနက်မမတို့ ဈေးထွက်ရာသို့ လိုက်သွား တတ်သည်။ သူတို့ဆိုင်က ဈေးသစ် ဘုန်းကြီးလမ်းမှာရှိသော ရွှေရတနာဆိုင်ဖြစ်သည်။ များသောအားဖြင့် မမခင်ရီက နေ့လယ်ပိုင်း ဈေးသို့ ထမင်းချိုင့်နှင့် အတူလာလေ့ရှိသည်။ မနက်စောစော ဆိုင်ဖွင့်တာက ကိုမောင်ဝင်း ဖြစ်သည်။ ကိုမောင်ဝင်းနှင့် ကျွန်တော်လည်း တစ်ခါတည်း လိုက်သွားသည်။ နောက်ပိုင်း ဈေးသစ် မျက်နှာစာတန်း မှာလည်း တစ်ဆိုင် ထပ်ဖွင့်တော့ ထ်ုဆိုင်မှာ ကိုမောင်ဝင်း ထိုင်လို့ သူနှင့်ပဲ လိုက်သွားသည်။ ဘုန်းကြီးလမ်းဆိုင်မှာ မမခင်ရီနှင့်အးလမ်းတူ ရှိနေလျှင် မမက ရွှေချိန်တာ သင်ပေးသည်။ ကျွန်တော့်ကို ကောင်တာထဲက ရွှေထည် ပစ္စည်းတွေကို တစ်ထည်ချင်း ချိန်ခိုင်းသည်။

ဘုန်းကြီးလမ်းဆိုင်သို့ လိုက်ဖြစ်လျှင် များသောအားဖြင့် ဆိုင်နောက်က ပန်းထိမ်ဖိုခန်းမှာပဲ အနေများသည်။ ပန်းထိမ်ဖိုခန်းမှာ ပန်းထိမ်ဆရာတွေ ရွှေအခဲလေးမှသည် ကျိုဟယ် ထုဟယ် နှက်ဟယ် ဖြတ်ဟယ် နန်းဆွဲဟယ် တံစဉ်းနဲ့ တိုက်ဟယ်နှင့် လက်စွပ်လေး၊ နားကပ်လေး၊ စိုက်ဘီးလေး၊ ဆွဲပြားလေး ဖြစ်သွားတဲ့ လုပ်ပူံ ကိုင်ပုံတွေကို ပိုပြီး စိတ်ဝင်စားသည်။ ပန်းထိမ်ဆရာတွေ ထိုသို့ ရွှေထည်တွေ ပြုလုပ်ရာတွင် ကျွန်တော်က ဖားဖိုကို ဆွဲပေးရတာ သဘောကျသည်။ မမတို့ ဆိုင်က ပန်းထိမ်ဆရာတွေက ဦးဘဌေး၊ ဦးသန်းငွေ၊ ကိုခင်မောင်အေး၊ ကိုရီ၊ ကိုမောင်ဝင်း၊ ကိုကျော်ဝင်း တို့ပဲ မှတ်မိတော့သည်။ နောက် ဆူးလေကုန်းအိမ်မှာလည်း ပန်းထိမ်ဖိုရှိသည်။ အိမ်ရောက်တော့လည်း ပန်းထိမ်ဖိုထဲက ပန်းထိမ်ဆရာတွေနှင့်ပဲ အနေများသည်။

 

မန္တလေးမြို့စွန်က တစ်နေရာ
———————————-

ကျွန်တော်က လက်မှု အနုပညာပြုလုပ်ခြင်း ဝါသနာထုံသည်နှင့် ပတ်သက်ပြီး တစ်ခုပြောပါဦးမည်။ ဆယ်တန်း စာမေးပွဲအပြီး တစ်နေ့မှာ စက်ဘီးလေးလည်း ဖြစ်ဖြစ်မြောက်မြောက် စီးဖြစ်နေတော့ ခပ်ဝေးဝေးတစ်နေရာသို့ ကျွန်တော် စက်ဘီးလေးနှင့် ရောက်သွားသည်။ ထိုနေရာက မန္တလေး၏ တောင်ဖျား အစွန်းမှာရှိသည်။ မန္တလေးဟု ဆိုရသော်လည်း ထိုနေရာက အညာကျေးလက်လေးနှင့် တူသည်။ လမ်းတွေက မြေလမ်းများသည်။ ရှိသည့် ကျောက်လမ်းကလည်း လမ်းဧရိယာကျယ်သော်လည်း ကျောက်လမ်းလေးက ကား၂စီးရှောင်သာရုံလေးပေါ့။ ထိုရပ်ကွက် လေးမှာ ဝင်းခြံတွေက ကျယ်သည်။ ဝင်းထဲမှာ မန်ကျည်းပင်ကြီးတွေ၊ ကုက္ကိုပင်ကြီးတွေရှိပြီး လမ်းဘေး မှာလည်း ထနောင်းပင်ကြီးတွေ ရှိသည်။ ရပ်ကွက်လည်းက လူနေကျဲသည်ဟု ဆိုရသော်လည်း အားလုံးလိုလိုက ကိုယ့်အိမ်ကိုယ့်ဝင်းထဲက လုပ်ငန်းခွင်တွေထဲမှာပဲ မနက်လင်းကတည်းက ရောက်ကုန်ကြလို့ လမ်းပေါ် လူသိပ်မတွေ့ရတာ ဖြစ်သည်။ လမ်းဘေး ထနောင်းရိပ်က လက်ဖက်ရည်ဆိုင်လေးမှာ ၃ဦး ၄ဦးခန့် ထိုင်သောက်နေကြသော်လည်း လက်ဖက်ရည် ဖျော်ခုံရှေ့မှာ ပါဆယ်ယူပြီး လုပ်ခန်းခွင်ရောက်မှ မျှသောက်ကြဖို့ ချိုင့်လေးတွေနှင့် လာဝယ်သူ ၄ဦး၅ဦးခန့်လည်းရှိသည်။ ဝင်းတွေ ခြံတွေအတွင်း လုပ်ငန်းခွင်တွေဆီက ထုသံနှက်သံ ဖြတ်သံတောက်သံတွေကိုလည်း လမ်းပေါ်အထိ ကြားနေရပါ၏။

ထိုနေရာထိုရပ်ကွက်လေးသို့ ကျွန်တော် အရင်က ၃ခေါက်လောက်တော့ ရောက်ဖူးသည်။ ပထမ အခေါက်က ဦးဇော်ဝင်း(ဇော်ပုလဲ) မမခင်းဝင်းတို့ ဇနီးမောင်နှံနှင့် ဖြစ်သည်။ သူတို့ပြုစုနေသော ကဗျာလွတ်စာအုပ်၏ အတွင်း စကက်ချ်ပုံတွေအတွက် ဖြစ်သည်။ ထိုစဉ်က ၂၉လမ်းထိပ် အင်းဝအအေးဆိုင်မှ အမှတ် ၈ ဘတ်စ်ကားစီးပြီး တမ္ပဝတီ တရုတ်သင်္ချိင်းတွင် ဆင်းကာ အရှေ့ဘက်သို့ လမ်းလျှောက် ဝင်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ သွားသည့်နေရာက အရှေ့ဘက်သို့ တော်တော်လေး လမ်းလျှောက်ဝင်ပြီး စောစောက ပြောသည့် ရပ်ကွက်လေးဆီ ရောက်သည်။ တောင်မြောက်တန်းနေသည့် ကျောက်လမ်းလေးကိုကျော်ကာ ရှေ့ဆက်လိုက်တော့ ညွှန်းလိုက်သည့် အတိုင်း ထနောင်းပင်ကြီးတွေနှင့် ဝင်းကျယ်ကြီးထဲမှာ လှပခေတ်မီသော ၂ထပ်တိုက်လေး တွေ့လိုက်သည်။

တိုက်ရှေ့ဖက်နံရံမှာ ဇီးကွက်ရုပ်ဒီဇိုင်းနှင့် အလှဆင်ထားသည်။ တိုက်နှင့် ဝင်းပေါက်ကြားမှာ စက္ကူပန်းပင်တွေ အလှကြီးလ ှနေသည်။ အတော်အတန်ကျယ်သော ဝင်းကြီးထဲက ထိုတိုက်၏ အရှေ့ဘက်မှာ အလုပ်တဲကြီးရှိသည်။ အလုပ်တဲနှင့် တိုက်ကြားက သစ်ပင်ရပ်တွင် ရသေ့ကျောင်းခံရှည် တစ်လုံးပေါ်၌ ရှေးမြန်မာ အမျိုးသမီးကြီးများ ဝတ်ဆင်သော လည်ဂျာ ဂေါက်စင်း ရင်ဖုံး အင်္ကျီနှင့် ကတ္တီပါအညိုရင့် ထဘီနှင့် ဘီးဆံပတ်နှင့် အသက် ၆၀ကျော် အရွယ် ခံ့ညားလှ၊ နန်းဆံလှ သိမ်မွေ့လှသော အမေကြီးတစ်ဦးက ထိုင်နေသည်။ ကျွန်တော်တို့က မေးလိုက်တော့ အထဲသို့ အသံပြုကာ ကျွန်တော်တို့ကိုလည်း တိုက်ထဲ ဝင်ထိုင်ဖို့ လှမ်းပြောသည်။

 

အနုပညာတွေ ထုံမွှန်းတဲ့ နေရာ
——————————–

တိုက်ထဲ ဝင်လိုက်သည်နှင့် တိုက်နောက်ဘက်မှ မျက်မှန်နှင့် စွပ်ကျယ်နှင့် ခပ်ကိုင်းကိုင်းပိန်ပိန် အသက်၂၀ကျော် ဝန်းကျင် တစ်ယောက် ထွက်လာကာ “ မခင်ဝင်းတို့ ရောက်လာကြပြီလား၊ ကိုဇော်လည်း ပါတာကိုး၊ မနေ့က ဆရာဆီရောက်တော့ ဆရာက ပြောပါတယ်။ မခင်ဝင်းတို့ လာလိမ့်မယ်ဆိုတာ၊ ကျွန်တော်က အဖေ့ကိုလည်း ပြောထားလို့ အဖေကလည်း ဝမ်းသာနေတာတဲ့။ ထိုပုဂ္ဂိုလ်သည် ကျွန်တော် လေးစားသော ပန်းချီဆရာ ကာတွန်းဆရာ ပန်းပုဆရာ မောင်ဝင်းမောင်(တမ္ပဝတီ) ပေါ့။ သူပြောသည့် ဆရာ ဆိုသည်မှာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ဖြစ်သည်။ အဖေ ဆိုသည်က ပန်းပုဆရာကြီး ဦးကျော်ငြိမ်း ဖြစ်သည်။

ဆရာကြီးဦးကျော်ငြိမ်းက ထိုစဉ်ကာလ မန္တလေးပန်တျာကျောင်း တွင် ပန်းပုနည်းပြဆရာအဖြစ် တာဝန်ယူထားသည်။ ထို့နောက် မမတို့နှင့် ကိုဝင်းမောင် က အလုပ်စကားတွေ ပြောနေကြ၏။ မမတို့ စာအုပ်အတွက် လိုအပ်သော အတွင်းပုံတွေ သူရေးပါမယ်တဲ့။ ကျွန်တော်ကတော့ တိုက်အတွင်း ရှိုးကေ့ပေါ် နံရံပေါ်က ပန်းပုရုပ်လုံးတွေ ခေတ်အလိုက် ကနုတ်ပန်းတွေ ရှေးဟောင်းပစ္စည်းတွေကို တမေ့တမော ကြည့်နေမိသည်။ ခဏနေတော့ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းလည်း နောက်က ဝင်လာပြီး မမတို့နှင့် ပန်တျာကျောင်း အကြောင်းတွေ ပြောနေကြသည်။ ကိုဎင်းမောင်က ရှေ့မှာ ထိုင်နေတာက အမေလေ၊ ဒေါ်ဇွန်းတဲ့ ဟု မိတ်ဆက်ပေး၏။

 

 

အေးချမ်းမှု ဝါသနာ အနုပညာ နှင့် ခမ်းနားမှု
——————————————————

ကျွန်တော်က တိုက်ရှေ့ကတဆင့် အရှေ့ဘက် အလုပ်တဲကြီးထဲ ဝင်ကြည့်သည်။ အမျိုးစုံသော သစ်သားပန်းပုထည်တွေကို ပန်းပုဆရာများက တက်ညီလက်ညီ ထုလုပ်နေကြ၏။ ကျွန်တော် သည်နေရာကို အတော် မြတ်နိုးသွားသည်။ အေးချမ်းမှု ဝါသနာ အနုပညာ နှင့် ခမ်းနားမှု။ ကျွန်တော် ထိုသို့နေချင်ပါသည်။ ထိုနေရာသို့ နောက်ထပ် ၂ကြိမ် ထပ်ရောက်ဖြစ် ပါသည်။ သည်၂ခါစလုံးက မမခင်ဝင်းနှင့်ပဲ ဖြစ်သည်။ ဒုတိယ အခေါက်က ကိုဝင်းမောင်တို့ ဝင်း၏ အနောက်နားက ကျောက်လမ်းမှာ ဂိတ်ထိုးသည့် အမှတ်၆ ဘတ်စ်ကားနှင့် ဖြစ်သည်။ တတိယ အခေါက်ကတော့ ဘုရားကြီးလည်း ဝင်စရာ ရှိ၍ မောင်နှမ နှစ်ယောက် စက်ဘီးတစ်စီးနှင့် ဖြစ်သည်။ တတိယအခေါက် ရောက်တော့ ကျွန်တော်နှင့် ကိုဝင်းမောင် အတော်အသင့် ရင်းနှီးသွားပါပြီ။ သူကလည်း ကျွန်တော်က မြန်မာမှုကို စိတ်ဝင်စားတာ သိသွားသည်။

ထို့ပြင် ဆရာကြီးဦးမောင်မောင်တင်၏ ပွဲကုန်းအိမ်မှာလည်း ဆုံဖူးတော့ ကျွန်တော်က သမိုင်းနှင့် သုတေသနကိုလည်း ဝါသနာပါ ကြောင်း သဘောပေါက်နေသည်။ စကားတွေ လက်ဆုံကျဖြစ်သည်။ အဓိက က ကျွန်တော်က သိလိုတာတွေ မေးခြင်းပဲ ဖြစ်ပါ၏။ ကျွန်တော်က ဆွေးနွေးနိုင်ခြင်းမဟုတ်ပါ။ သည်တော့ ကိုဝင်းမောင်က ကြုံရင် အိမ်ဘက်လည်း ဝင်ပါဗျ။ သီးသန့်လည်း လာလို့ရပါတယ်။ စကားပြောလို့ရတာပေါ့ဟု ဆိုဖူးတာကြောင့် ၁၀တန်းစာမေးပွဲ အပြီး ကျွန်တော် တစ်ယောက်တည်း တမ္ပဝတီရပ်သို့ စက်ဘီးနှင့် ထွက်ခဲ့သည်။ မွန်းလွဲ ၂နာရီလောက်နေမှာပေါ့။ တမ္ပဝတီရောက်တော့ ကိုဝင်းမောင်ကို အဆင်သင့်တွေ့ရသည်။ ပို၍ အခန့်သင့်လိုက်ပုံက သူသည် တိုက်နောက်ဖက်မှာ ၂ပေအရွယ် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု နမူနာကို ပလာစတာနှင့် ပုံဖော်နေစဉ် ဖြစ်သည်။ ရုပ်တုက ပြီးလုလို့ လက်စသပ်နေပါပြီး ကျွန်တော်က ဘေးမှာထိုင်ရင်း ပထမဆုံး မြင်ဖူးခြင်းမို့ မျက်တောင်မခတ် ကြည့်နေမိသည်။

 

ကျောင်းစာသင်ရမယ့် အရွယ်
——————————–

ထိုစဉ် ကိုဝင်းမောင်၏ ဖခင်ဖြစ်သူ ပန်းပုဆရာကြီး ဦးကျော်ငြိမ်းက အနားရောက်လာကာ ရပ်ကြည့် နေသည်။ ကိုဝင်းမောင်က သူ့ဖခင်ကို ကျွန်တော့်အားရည်ညွှန်း၍ သူက မခင်ဝင်းရဲ့ မောင်လေ၊ ပန်းချီပန်းပု စိတ်ဝင်စားတယ် ဟု အရုပ်ကို အချောသပ်နေရင်း ပြောသည်။ ဆရာကြီးက သြော်..ဟု ခေါင်းညိတ်ပြီး ဒါနဲ့ ဘယ်အရပ်ကနေလာတာလဲဟု မေးလို့ အိမ်တော်ရာ ဘုရားတောင်ဘက် အရပ်ကပါဟု ပြန်ဖြေလိုက်သည်။ ဆရာကြီးက အတော်လှမ်းတာပဲ။ နေပူကြီးထဲ လာရရှာတယ်။ ဒါနဲ့ ဘယ်နှတန်းရောက်ပြီလဲဟု ဆက်မေးသည်။

ကျွန်တော် ၁၀တန်းဖြေထားတာပါခင်ဗျ ဆိုတော့ လူလေးရယ် ပညာရေးက အရေးကြီးပါတယ၊် လောလောဆယ် ကျောင်းစာကို အာရုံစိုက်ပါကွဲ့၊ ဒီပန်းချီတို့ ပန်းပုတို့ဆိုတာ အချိန်မရွေး သင်လို့ရပါတယ်။ ကျောင်းစာက သူ့အရွယ် သူ့အတန်းနဲ့ သင်ရတော့ အခုငယ်စဉ်မှာ ကျောင်းစာသင်ပါကွယ်။ ဘွဲ့ရပြီ ဆိုတော့မှ ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်တွေ သင်ပါ လုပ်ပါလေ့ကွယ်။ ဒို့သား မောင်ဝင်းမောင်လည်း တက္ကသိုလ်က ဘွဲ့ရပြီးမှ ဒီအလုပ်တွေ လုပ်တာပါ၊ ကဲ..ကဲ.. နေလေး ချိုတုန်းပြန်လိုက်ဦး၊ ခရီးက ဝေးတယ်ကွဲ့ဟု ပြောသည်။ ကျွန်တော်လည်း ဆရာကြီးဦးကျော်ငြိမ်းကို ကန်တော့၊ ကိုဝင်းမောင်ကို နှုတ်ဆက်ကာ စက်ဘီးလေးနှင့် ပြန်ခဲ့တော့သည်။ ဒီအရွယ်မှာ ပညာရေးက အရေးကြီးပါတယ် ဟူသော ဆရာကြီးအသံကို အပြန်လမ်းတလျောက် ကြားယောင်နေမိသည်။ ကျွန်တော် ၁၀တန်းအောင်မှ ဖြစ်မည်လေ။ ၁၀တန်းအောင်ချင်ပါပြီ။

 

ပွဲစားတန်းလမ်း၊ နဂါးရုံဘုရားအနီး
————————————-

သည်တစ်ခေါက် မုံရွာရောက်တော့ ဦးဇော်ဝင်း(ဇော်ပုလဲ) နှင့် မမခင်ဝင်းတို့ အိမ်မှာပဲ နေဖြစ်သည်။ သူတို့ကလည်း သားသမီး ၂ယောက် ထွန်းကားနေပြီ။ အကြီးမိန်းကလေးက ရွှေစင်ဇော်ဝင်းတဲ့။ အငယ်သားလေးက သီဟဇော်ဝင်းတဲ့။ အကြီးက ၃နှစ်၊ အငယ်က ၁နှစ်ကျော်ရှိဦးမည်။ သူတို့အိမ်က ဘုရားကြီးရပ်ကွက် ပွဲစားတန်းလမ်း နဂါးရုံဘုရားအနီးမှာ ဖြစ်သည်။ ဦးဇော်ဝင်း၏ ဖခင်ကြီး လက်ငုတ် မြန်မာတိုင်းရင်းဆေး ဆေးတိုက်ဖြစ်ပြီး မျက်စိအထူးကုသကာ အလင်းရောင်ဆေးတိုက် အမည်ဖြင့် ထင်ရှားသည်။ ရပ်ကွက်က မုံရွာဆုတောင်းပြည့် ဘုရားကြီးနှင့် နီးပြီး ကုန်သည်ရပ်ကွက် ဖြစ်သည်။

အိမ်နားဝန်းကျင်မှာ ငါးငိ ငါးခြောက်ပွဲရုံတွေရှိသည်။ မြောက်ဘက် နည်းနည်းသွား လိုက်တော့ ဈေးဟောင်းအမည်ဖြင့် ဈေးရှိသည်။ အိမ်၏ အနောက်ဘက် တစ်အိမ်ကျော်မှာ ဘုရားကြီးလမ်းရှိသည်။ ဘုရားကြီးလမ်း၏ တောင်ဘက်ထိပ်က ဆုတောင်းပြည့်ဘုရားကြီး၊ အိမ်နှင့် ၁ပြလောက်ပဲ ဝေးသည်။ ဘုရားကြီးလမ်း၏ မြောက်ဘက် ထိပ်မှာက ရွှေစည်းခုံဘုရားရှိသည်။ နည်းနည်းတော့ လှမ်းသည်။ ၅ပြ၆ပြလောက်ရှိမှာပေါ့။ အိမ်နှင့် မျက်နှာချင်းဆိုင် မှာ နဂါးရုံဘုရားကို ဖူးတွေ့ရသည်။

အလင်းရောင်ဆေးတိုက်မှာနေတော့ ညနေတိုင်လျှင် ကိုမောင်ဝင်းက စက်ဘီးလေးနှင့် ရောက်လာ သည်။ သူရောက်လာမှ ဒေါနခြံက ငွေငန်းအိမ်သွားတာ၊ ဆူးလေကုန်းက မမခင်ရီအိမ်သွားတာ ဘုရားသွားတာ စသည်ဖြင့် ထွက်ဖြစ်သည်။ ဒါကလည်းတစ်ခါတစ်လေမှ။ များသောအားဖြင့် အိမ်တွင်း အောင်းဖြစ်သည်။ ထိုအိမ်မှာ နေစဉ် အပေါ်ထပ်က မြောက်ဘက်ဆုံးအခန်းမှာနေဖြစ်သည်။ အောက်မှာက မီးဖိုခန်းပေါ့။ အပေါ်ထပ်မှာလည်း ရှေ့က အိမ်မကြီးနှင့် လှေကားခြားနေသည့် အခန်းဖြစ်သည်။

ထိုအခန်းက မြောက်ဘက်မှာ အခြားအိမ်များ၏ နောက်ဖေးမို့ အဆောက်အအုံတွေမရှိတော့ လေရသည်။ အထူးသဖြင့် အလင်းရောင်ဆေးတိုက်မှာ ဦးဇော်ဝင်းက မန္တလေးတက္ကသိုလ်က မြန်မာစာဖြင့် ဝိဇ္ဇာဘွဲ့ရကာ ကဗျာဆရာမို့ စာအုပ်တွေ အိမ်နှင့် အပြည့်ရှိသည်။ အောက်ထပ် အဝင်စ ဘယ်ညာ မှန်ဗီရိုတွေထဲမှာလည်း စာအုပ်၊ အပေါ်ထပ် အခန်းနံရံအပြည့် စင်တွေမှာလည်း စာအုပ်၊ ကျွန်တော့် အခန်းထဲက ထင်းရှူးသေတ္တာကြီး ၂လုံးထဲမှာလည်း စာအုပ်။

ထို့ကြောင့် ကျွန်တော် ရောက်ကတည်းက ဘယ်မှ မထွက်ဖြစ်ဘဲ စာအုပ်တွေကိုသာ တစ်အုပ်ပြီး တစ်အုပ် ဖတ်ဖြစ်သည်။ တက္ကသိုလ်ဘုန်းနိုင်၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ မဟာဆွေ၊ ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ မောင်ထင်၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ ခင်ဆွေဦး၊ ခင်နှင်းယု၊ ဒဂုန်ခင်ခင်လေးတို့၏ စာအုပ်များ၊ သမိုင်းစာအုပ်များ၊ သိမ်ဖြူ ဆေးကျမ်းများ စသည်ဖြင့် အတော်ဖတ်ဖြစ်သည်။ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်နှင့် ကနဦးထုတ်သည့် ပေဖူးလွှာ၊ နဝဒေး စသည့် မဂ္ဂဇင်းတွေကလည်း အတော်စုံသည်။

မနက်လင်းတာနှင့် ဈေးဟောင်းဘက် (သို့မဟုတ်) တရုတ်တန်းလမ်းဘက်သို့ ထွက်ကာ မုန့်စား ဈေးဝယ်ပြီး ကျွန်တော်က အပေါ်ထပ်တက် စာဖတ်သည်။ ထမင်းစားချိန် တခေါက်ဆင်း၊ ရေချိုးချိန် တခေါက်ဆင်းပြီး ပြန်တက် စာပြန်ဖတ်သည်။ ညနေ ၅နာရီလောက် ကိုမောင်ဝင်းလာမှ သွားစရာရှိလျှင်သွား၊ သွားစရာမရှိလျှင် အိမ်အပေါ်ထပ် ၂ယောက်သားတက်ကာ အပေါ်ထပ် အိမ်ရှေ့ဘက် ပြတင်းပေါက်က တံခါးတွေဖွင့်ပြီး သင်ဖြူးဖျာပေါ် ဝမ်းလျားမှောက်ကာ စကားပြောကြရင်း လမ်းတစ်ဘက်ကို မျှော်မှန်း တမ်းတကြတော့၏။

အိမ်ရှေ့က ပွဲစားတန်းလမ်းက ပေ၂၀လောက် ရှိသည့် လမ်းကျဉ်းလေးဖြစ်သည်။ အိမ်တွေကလည်း လမ်းနှင့် ကပ်သည်။ အိမ်ကအဆင်း လမ်းပဲပေါ့။ အိမ်နှင့် ပွဲစားတန်းလမ်းပဲခြားသည့် တဘက်အိမ်က ၃ခန်းပတ်လည် လောက်ရှိသည့် ၂ထပ်နံကပ်တိုက်ဖြစ်သည်။ အောက်ထပ်အားလုံးက ဝင်ပေါက် တံခါးတွေချည်းဖြစ်သည်။ ထို့ကြောင့် မျက်နှာစာက ကျယ်သည်။ ထိုအိမ်က ဈေးသစ်တွင် ကျူလီယာကုန်စုံရောင်းချလို့ ညနေဈေးသိမ်းမှ ပြန်လာသည်။ ပြန်လာတာနှင့် အောက်ထပ်က တံခါးတွေ အားလုံးဖွင့်သည်။

သူတို့အိမ်မှာ အိမ်ရှင် ဇနီးမောင်နှံနှင့် ဖခင် အဖိုးကြီးရှိကာ သမီးက ၃ယောက်ရှိသည်။ သမီးကြီးက အိမ်ထောင်ကျပြီး သည်မှာမနေ၊ သမီးလတ်နှင့် သမီးငယ်ရှိသည်။ သမီးလတ်က အတော်ချောသည်။ ဆံပင်က တံခေါက်ကွေးထိ ရောက်သည်။ အရပ်က မနိမ့်မမြင့်၊ မျက်ခုံးမျက်လုံးက အိန္ဒိယ နွှယ်သည်။ ညနေစောင်းလျျှင် အနီးဝန်းကျင်က အပျိုမလေးတွေ အားလုံး ထိုအလတ်မကို အကြောင်းပြုပြီး ထိုအိမ်ရှေ့က လှေကားပေါ် ရောက်လာကာ စကားပြောကြ၊ အချဉ်ပေါင်းစားကြ၊ တခါတစ်ရံ လမ်းပေါ်ထိတက်ပြီး ကစားကြသည်။

 

 

အပေါ်ထပ်နှင့် အောက်ထပ်ဇာတ်လမ်း
———————————————

အရှေ့ဘက် ကပ်လျက် ဘီစကွပ်နှင့် မုန့်စုံဆိုင်က အရပ်မြင့်မြင့် ခပ်သွယ်သွယ် တရုတ်မလေး၊ ထိုအိမ်၏ တောင်ဘက် ဘယဆေးဆိုင်က ခပ်ဟော့ဟော့ ညီအစ်မ ၃ဖော်၊ ကျွန်တော်တို့ အိမ်၏ နောက်ဖေးနှင့် ဖင်ချင်းပေါက် ဘုရားကြီးလမ်း ငါးခြောက်ပွဲရုံက ခပ်သေးသေး ခေတ်ဆန်ဆန်နှင့် အမြဲတမ်း မိတ်ကပ်နှင့် နှုတ်ခမ်းနီ မပြတ်သူလေး၊ ထို့ပြင် မျက်နှာချင်းဆိုင်အိမ်မှာ ကျောင်း ပိတ်စဉ် လာရောက်နေသည့် ကလေးမြို့က ခပ်ယဉ်ယဉ် ချောချော ၉တန်းကျောင်းသူလေး။ ကဲဗျာ.. အဲ့သည် မချောတွေ အားလုံး ညနေစောင်းတာနှင့် ထိုအိမ်ရှေ့ လှေကားပေါ် ညနေ၆နာရီလောက် ကတည်းက အလျှိုအလျှို တစ်ယောက်မကျန် ရောက်လာကြပြီး ည ၉နာရီခွဲ ၁၀နာရီလောက်မှ ပြန်ကြတာဆိုတော့ ကျွနိတော်တို့ ညီအစ်ကို၂ယောက်လည်း ညနေစောင်းကတည်းက အိမ်အပေါ်ထပ်တက်၊ တံခါးတွေ အကုန်ဖွင့် ဖျာလေးခင်း ဝမ်းလျားမှောက် စကားပြောချင်ယောင်ဆောင်ကာ တစ်ဖက်အိမ် လှေကားပေါ် ကသိုင်းရှုကြတော့တာပေါ့။

သူတို့က ထုံးစံအတိုင်း စကားတွေ ပြောကြရင်း ငြင်းကြလျှင်၊ ထိုငြင်းသည့် အကြောင်းအရာကို ကျွန်တော်တို့က သိပါက ဒီဘက် တံခါးမျက်နှာပြင်မှာ အဖြေကို မြေဖြူနှင့် ရေးပြ အဆုံးအဖြတ်ပေးတာမျိုူးလည်းရှိသည်။ ဒီလောက် စူပါအချောတွေချည်း တပြုံတခေါင်းဖြစ်နေလို့ ကျွန်တော်တို့ ညီအစ်ကိုမှာ ဘယ်သူ့ရွေးရမှန်းမသိ စိုးနှောင့် ဗျာပွေ ဖြစ်နေသည်ဟု ထင်ကြပါသလား။ ကျွန်တော်တို့ ညီအစ်ကိုက တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်မို့ သစ္စာရှိပါသည်။ ဘယ်သူက ဘယ်လိုမြှုဆွယ်ပါစေ စိတ်မတိမ်း စိတ်မယိမ်းခဲ့ပါ။ ကျွန်တော်က မျက်နှာချင်းဆိုင်အိမ်က ဆံပင်ရှည်ရှည် အိန္ဒိယဆင်လေးပေါ့။ ကိုမောင်ဝင်းက မုန့်တိုက်က အရပ်ရှည်ရှည် တရုတ်မ လေးပေါ့။ သည်ရွေးချယ်ထားမှုက မပြောင်းမလဲ ခိုင်မာခဲ့ပါသည်။

တစ်ခုတော့ရှိသည်။ ဦးဇော်ဝင်း(ဇော်ပုလဲ) က မုံရွာမှာ လူရိုသေရှင်ရိုသေ နေထိုင်သူ ကဗျာဆရာ စာရေးဆရာ၊ ရပ်ကွက်ထဲမှာလည်း ရလက ဥက္ကဋ္ဌ။ ထို့ကြောင့် ကျွန်တော်တို့က သူ့အိမ်အပေါ်ထပ်ကနေ ပေါက်ကရလုပ်လို့မရ။ မတော် တိုင်လိုက်လျှင် ငါးပါးမှောက်လိမ့်မည်။ ထို့ကြောင့် ဘေးမှာလည်း စာအုပ်တွေ အဆင်သင့်ချထားကာ ဦးဇော်ဝင်း အိမ်ပေါ်တက်လာလျှင် စာဖတ်ချင်ယောင် ဆောင်ရသေး၏။ သို့သော် ဦးဇော်ဝင်းက ကဗျာဆရာ၊ စာရေးဆရာလေ၊ အရိပ်အကဲ မသိဘဲလား၊ ချက်ဆို နားခွက်က မီးတောက်ပြီးသားလေ။

ကလေးမလေး တွေက ညတိုင်း ထုတ်ဆီးတိုးကစားကြတော့ လိုတာထက် ပိုပြီးအသံထွက်တာ၊ ဟန်လေးနဲ့ ကစားကြတာ၊ နာချင်ယောင်ဆောင်ကြတာ စတဲ့ မပွင့် တပွင့် အမူအရာရော၊ မ သံပေးတဲ့ အခြေအနေရော သိသာနေတော့ မမခင်ဝင်းကို ပြောသတဲ့။ ဒီကောင်မလေးတွေ အကုန်လုံးက ငါ့တပည့်တွေပါ။ အရင်က အခုလို ကစားကြဖို့ မပြောနဲ့ ငါ့မြင်ရင်ကို အကြကြီး မထိုင်ကြတာတွေ၊ ဧကန္တတော့ နင့်မောင်တွေကို လာပိုးနေကြတာနေမှာ တဲ့။ ကျွန်တော်တို့ယောက်ဖ က အဲ့ဒီလောက် ခေတ်ရှေ့ပြေးတာ။

 

ယမင်းရွှေစင် တို့ ရေကစားကြမယ်
————————————

သည်တော့ ဦးဇော်ဝင်းကလည်း တစ်နွေလုံး မြင်နေရတော့ မျက်စိနောက်တယ် ထင်ပါရဲ့။ အဲ့ဒီနှစ် သင်္ကြန်မှာ သူ့အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်ကြား နဂါးရုံဘုရား အပေါက်မှာ ရေပက်အသင်း ထောင်ပေးလိုက်ပါလေရော။ နာမယ်က ယမင်းရွှေစင် တဲ့။ သင်္ကြန်မတိုင်ခင် ၂ပတ်လောက်ကြိုပြီး အိမ်ရှေ့မှာ ၃ထပ်ပြားကြီးပေါ် ရေပက်မယ့်သူတွေ စာရင်းပေး နိုင်ပြီဆိုတော့ အဲ့ဒီကလေးမတွေ အားလုံး သူတို့ သူငယ်ချင်းတွေကိုပါ ခေါ်ပြီး စာရင်းပေးကြသည်။ ယောက်ျားလေးဆိုလို့ ဟို တောင်ဘက်ဖျားက တစ်ယောက်ပဲပါသည်။ သူကလည်း မိန်းမလျာလေး။ သည်တော့ ကျွန်တော်တို့ ညီအစ်ကို၂ယောက်လည်း လက်မလည်ဘူးပေါ့။ စာရင်းမှတ်ရ၊ ငွေကောက်ရ ပြောပါတယ်။

ကလေးမလေးတွေ အားလုံးလိုလိုက ဦးဇော်ဝင်းတပည့်တွေဆိုတော့လည်း ညနေစောင်းတာနဲ့ အရင်လို မျက်နှာချင်းဆိုင်အိမ်က လှေကားရင်း မထိုင်ကြတော့။ ကျွန်တော်တို့ အိမ်ထဲထိ ရောက်လာကြပြီး ဆရာကြီး ဆရာမ ဘာလုပ်ပေးရမလဲ ဆိုတာမျိုး၊ ဈေးထဲမှာ တမူးထည် အဆင်သစ်လေးတွေ ရောက်တယ်၊ အင်္ကျီရော ထဘီရော ဝမ်းဆက်စာမှ ဘာမှ မကျဘူး ဆိုတာမျိုး၊ ဆရာကြီး သမီးတို့အိမ်မှာ ကူဘိုတာ အင်ဂျင်တစ်လုံးရှိတယ် အဖေက ယူသုံးပါလို့ မှာလိုက်တယ် ဆိုတာမျိုး၊ ဆရာမ မဏ္ဍပ်မှာ ဖွင့်ဖို့ သီချင်းတွေ လိုမှာပေါ့။ စက်က ငှားရမှာလား ငှားရင် သမီးအစ်ကိုက ဈေးအသက်သာဆုံးနဲ့ လုပ်ပေးပါမယ်တဲ့။

ကိုင်းဗျာ.. ကျွန်တော်တို့ ညီအစ်ကိုလည်း အိမ်ပေါ်ထိ တက်စရာမလို၊ လေရူးသုန်သုန် စာအုပ်ကြီး ဘေးချပြီး စာကြည့်ချင်ယောင်လည်း ဆောင်စရာမလို၊ အိမ်အောက်မှာ ညနေရောက်တာနဲ့ ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပြီး ရောက်လာကြ ပြောကြဆိုကြ စိတ်ကူးကြ၊ လက်ဖက်တွေ သုတ်စားကြ ပုခုံးချင်းပေါက် ဖင်ချင်းတိုက်ပေါ့ဗျာ။ ဤသို့ နီးကပ်လွန်းတော့လည်း မဟန်လှ။ ကိုယ်က ကိုယ်ရည်မှန်းသူကို သိသိသာသာ မျက်နှာသာပေးလို့မရ။ အားလုံးနှင့် အလုပ်သဘောပဲ ပြောရဆိုရတော့ သိပ်ရင်မခုန်လှပေ။

 

သင်္ကြန်မဏ္ဍပ် နှင့် ကရဝိက်
——————————

သင်္ကြန်နားက နီးပြီ။ မဏ္ဍပ်အတွက် အပြင်အဆင်ကို ဦးဇော်ဝင်းက အကြံဉာဏ်ပေးပြီး ကျွန်တော်က ဒီဇိုင်းထုတ်သည်။ ကိုမောင်ဝင်းက ကူသည်။ မဏ္ဍပ်က ရေပက်မဏ္ဍပ်မို့ ရေစည်ပိုင်းတွေ အကွယ် ဒူးပိတ်နှင့် နောက်ခံပဲလိုသည်။ ဒူးပိတ်ကို ကရဝိက်ပုံ ခါးလျားရှည်လိုက်သည်။ နောက်ခံက သုံးထပ်ပြားတွေ ဆက်၍ ဆေးသုတ်ကာ ငွေဖလား ပိတောက်ပန်းနှင့် နံမည်ရေးမည်။

ထို့ကြောင့် ကရဝိက်ကို အရင်စ၍ လျာရ၏။ သုံးထပ်ပြားပေါ် ကရဝိက်ခေါင်းကို မြေဖြူနှင့် လျာသည်။ ထိုစဉ်ကာလက ရန်ကုန် ကန်တော်ကြီးတွင် ကရဝိက်ခန်းမဟူ၍ တည်ဆောက်နေသည်ကို စိတ်ဝင်တစားရှိကြ၏။ တည်ဆောက်သည့် ဗိသုကာက ဦးငွေလှိုင် ဖြစ်သည်။ ဦးငွေလှိုင် ဆိုသည်မှာ မန္တလေးမြို့က နာမည်ကျော် မြန်မာမှု ဗိသုကာကြီး ဆရာဆိုင်၏ သားဖြစ်ပါသည်။

ဆရာဆိုင် က မန္တလေးရှိ မလွန်သာသနာ့ဗိမာန်၊ သကျသီဟဘုရား အာရုံခံ၊ အိမ်တော်ရာမြောက်မုခ် တန်ဆောင်းနှင့် အာရုံခံ၊ မဟာမုနိဘုရားက စောင်းတန်းများ အာရုံခံဇရပ်များ အပါအဝင် ရန်ကုန်နှင့် မြို့ကြီးအသီးသီးတွင် မြန်မာမှု ပြာသာဒ်များ တန်ဆောင်းများ တည်ဆောက်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် ၁၉၂၄ခုနှစ်က လန်ဒန်တွင် ပြသခဲ့သော ဝင်ဗလီပြပွဲကြီးက မြန်မာပြခန်း၏ ပြာသာဒ်နှင့် မြန်မာမှုများကို ထုလပ်ပေးရသူ ဖြစ်သည်။

ဆရာဆိုင်၏ ဖခင်မှာ ဆရာခင်ဖြစ်ပြီး စုဖုရားလတ်၏ မြတောင် ရွှေကျောင်းတော်ကြီး ဆောက်လုပ်ရာတွင် ပါဝင်ခဲ့သည်။ မဟာမုနိ ဘုရားကြီး အရှေ့စောင်းတန်းထိပ်တွင် ယခုထက်တိုင် ရှိနေသေးသော ကျွန်းပြာသာဒ်ကြီးမှာ ဆရာခင့် လက်ရာ ဖြစ်ပါ၏။ ထို့ကြောင့် ဆရာခင့် မြေး၊ ဆရာဆိုင့်သား မြန်မာဗိသုကာ ဦးငွေလှိုင် တည်ဆောက်နေသော ရန်ကုန် ကရဝိက်မှာ တစ်ပြည်လုံးက ပညာရှင်များ သာမက သာမာန် လူများကလည်း စိတ်ဝင်စားကြ၏။

 

ကရဝိက်ခေါင်းနှင့် ဟင်္သာနှုတ်သီး
————————————-

ကရဝိက်ကို ၁၉၇၂ခုနှစ် ဇွန်လတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ် အောက်တိုဘာလမှ ဖွင့် လှစ်နိုင်ခဲ့၏။ ထိုသို့ တည်ဆောက်ဆဲ ကာလတွင် နိုင်ငံပိုင် သတင်းစာများ၌ ကရဝိက်နှင့် ပတ်သက်သော ဆောင်းပါးများ ရေးကြရာ ကျွန်တော်က ဝါသနာအရ ဖတ်ရှုဖြစ်သည်။ အများစု ငြင်းခုန်ကြသည်က လက်ရှိ ကန်တော်ကြီး ကရဝိက်၏ နှုတ်သီးကိစ္စဖြစ်သည်။ ကရဝိက်နှုတ်သီးပုံ မဟုတ်ဟူ၍ ဖြစ်သည်။ ယခု ကန်တော်ကြီး ကရဝိက်နှုတ်သီးက ဟင်္သာ နှုတ်သီး ဖြစ်နေသတဲ့။ တကယ်တော့ တည်ဆောက်သူ ဦးငွေလှိုင်ဆိုသည်မှာ နှယ်နှယ်ရရမှ မဟုတ်တာ။ သူ့ဘေးမှာလည်း ပညာရှင်ကြီးတွေရှိနေသည်။ ထို့ပြင် နိုင်ငံတော်အဆင့် အဆောက်အအုံမို့ ထိုစဉ်က အာဏာရှိသူက ကြိုတင် စိစစ်မှာသေချာသည်။

အရုပ် အဆောင်အယောင်၏ ပုံပန်းသဏ္ဌာန်ကို အတိတ်နိမိတ်အရရော၊ အကျိုးအပြစ် အရရော၊ ဗေဒင်ကိန်းခန်း အရရော အတော် စိစစ်ကြသည်။ ထို့ကြောင့် လက်ရှိ နှုတ်သီးအနေအထားက အတည်ပြုသူ အာဏာပိုင်၏ အကြိုက် ဖြစ်သည်။ ထိုအချင်းအရာကို ဖော်ထုတ်ဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်။ ထို့ကြောင့် ထိုစဉ်ကာလက အစိုးရထုတ် စာစောင်တွင် လက်ရှိတည်ဆောက်နေသော ကရဝိက်၏ ဦးခေါင်းပိုင်းပုံစံကို အင်ဂျင်နီယာ စံနစ်ဖြင့် ရေးဆွဲထားသည့် ပုံနှင့် ပြာသာဒ်နှင့် အမြီးပိုင်းအပါအဝင် မြန်မာမှု ရှင်းလင်းချက်များနှင့်ပါ ပုံများနှင့် ဖော်ပြခဲ့သည်။

ကျွန်တော်ကလည်း စက္ကူ ဖိတ်စာ ဂျပ်များနှင့် တိုက်ပုံစံလေးတွေဆောက်၍ ရောင်းပြီးနောက် မြနန်းစံကျော် နန်းတော်ပုံစံ ဖိတ်စာ ဂျပ်များဖြင့် တည်ဆောက်ခဲ့သည်ကို ရေးခဲ့ပါသည်။ နန်း တော် တည်ဆောက်ပြီးတော့ ကရဝိက်ပုံ လုပ်မည်ဟု စာစောင်ထဲက ပုံစံအချိုးအတိုင်း ဦးခေါင်းပိုင်းကို စတင် ပြုလုပ်ကြည့်ဖူးရာ လက်စမသပ်ခဲ့ပေ။ သို့သော် အကြိမ်ကြိမ်ကြည့် အကြိမ်ကြိမ်ကူးဆွဲနေသောကြောင့် ကရဝိက်ခေါင်းကို ထိုစဉ်က အလွတ်ရေးနိုင်နေပါပြီ။

ထို့ကြောင့် ယမင်းရွှေစင်ရေပက်မဏ္ဍပ်အတွက် ၆ပေခန့် မြင့်သော ကရဝိက်ခေါင်းကို သုံးထပ်ပြားပေါ်တွင် မြေဖြူနှင့် အမှားအယွင်း မရှိ တချက်တည်း လျာလိုက်တော့ ခုန မေပျိုတသင်းက အံ့သြနေကြ၏။ အထင်ကြီးသွားကြ၏။ လေးစားသွားကြ၏။ သွားပါပြီ။ ကျွန်တော်တို့ သူကလေးတွေကို အိမ်အပေါ်ထပ်ကနေ ကြူသလိုမျိုး၊ အီစီကလီမျိုး ရင်တခုန်ခုန်ဖြစ်အောင် လုပ်လို့ မရတော့။ ပညာရှင်လိုလို လူကြီးတစ်ယောက်လို နေလိုက်ရတော့တာပေါ။ ဦးဇော်ဝင်းက အတော် ပညာပါတာပဲ။ ကျွန်တော်တို့ ညီအစ်ကိုနှင့် သူ့တပည့် မလေးတွေ အကြား ထိန်းလိုက်ပုံက။

 

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW