ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်ဆစ်ကို ဆက်လက်တင်မြောက်လိုက် တယ်လို့ RCSS တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ် လွိုင်တိုင်းလျဲန်းမှာရှိတဲ့ RCSS ဌာနချုပ်မှာ ကျင်းပတဲ့ စတုတ္တအကြိမ် ကောင်စီကွန်ဂရက်က အခုလိုဆုံးဖြတ်ခဲ့တာပါ။
“ပြောရရင်တော့ အခုနိုင်ငံရေး အခင်းအကျင်းအရရော၊ ရှေ့လုပ်ငန်းစဉ်တွေ ရှိသေးတာကြောင့် အားလုံးက ဗိုလ်ချုပ်ကြီးယွက်ဆစ်ကိုပဲ ဆက်ပြီးထား လိုက်တာလို့ ပြောလို့ရတယ်”လို့ လွိုင်တိုင်းလျန်းပွဲကို သွားရောက်ခဲ့တဲ့ ရှမ်းအမျိုးသားတယောက်က ပြောပါတယ်။
ဒီကွန်ဂရက်ကနေ လာမယ့် လေးနှစ်တာကာလအတွင်း ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရပ်တည်၍ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းအတိုင်း ညှိနှိုင်းဖြေရှင်းသွားမယ်လို့” RCSS ဘက်က ပြောပါတယ်။
ဒါ့အပြင် ပထမအကြိမ် သျှမ်းပြည် အမျိုးသားညီလာခံက အတည်ပြုခဲ့တဲ့ သျှမ်းပြည် အခြေခံမူ ၃၃ ချက်၊ အခြေခံအခွင့်အရေး (၃၈) ချက်တို့ကို ထောက်ခံပြီး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ RCSS ဘက်က ဆိုပါတယ်။
စစ်ဘေးသင့်ပြည်သူတွေ နေအိမ်ရရှိရေး ကူညီမှာဖြစ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ RCSS ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ ပါဝင်လက်မှတ် ရေးထိုးတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ဖြစ်ပါတယ်။
