ခုရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးရွာနိုင်တဲ့အပြင် လေပြင်းတိုက်ခတ်ခြင်း နဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆
GG (VOM)
အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် ဒီနေ့ကစပြီး တိုင်းနဲ့ပြည်နယ် အများစုမှာ မိုးရွာနိုင်တဲ့အပြင် လေပြင်းတိုက်ခတ်ခြင်း နဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
နေပြည်တော်၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီ ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပြီး ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာတော့ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ် ။
အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ် နိုင်တယ်လို့ သိရပါတယ် ။
” လေဖိအားနည်းရပ်ဝန်းက ခုမနက်မှာ ပိုအားကောင်းလာနေတာတာ တွေ့ရပါတယ်။ နောက်နှစ်ရက် သုံးရက်လောက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း နဲ့ အလယ်ပိုင်းတို့မှာ ဆက်ပြီးရှိနေနိုင်ပါတယ်။အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် မိုးထစ်ချုန်းရွာမယ့် အခြေအနေခန့်မှန်းချက်တွေ နေ့စဉ်ထုတ်ပြန်ပေးနေပါတယ် ။ တနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊မြစ်ဝကျွန်းပေါ်ဒေသ၊နေပြည်တော်၊မကွေးတိုင်း၊မန္တ‌လေးတိုင်း၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တို့မှာ မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါတယ်။ မိုးလေဝသမော်ဒယ်အများစု ခန့်မှန်းချက်တွေအရ မိုးအားများမယ့်အခြေအနေနည်းပေမယ့် အားကောင်းတဲ့ မိုးတိမ်တောင်ကြီးတွေကြောင့် လေပြင်းတိုက်ခတ်တာ၊နေရာကွက်ပြီးမိုးသည်းထန်လေ့ရှိပါတယ်။ ” လို့ မိုး/ဇလ မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မိုးတိမ်းတောင် ဖြစ်ပေါ်မှုအခြေအနေအရစစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင် ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ် ။
အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် သတင်းတွေကြောင့် ဆောင်းသီးနှံ မတ်ပဲ ၊ ပဲတီစိမ်း စိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုရှိမှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။
” မိုးရွာမယ်ဆိုလို့ ပဲတွေက နူတ်ရခက် မနူတ်ရခက် ဖြစ်နေတယ်။ ပဲက မနူတ်ပဲ ထားတာက မိုးမိလည်း တော်သေးတယ်။ နူတ်ပြီးသားပဲကို မိုးမိရင်ကျ အဆင်မပြေဘူး ။ ဒုက္ခများတယ်။ ပျက်စီးမှုလည်း ရှိနိုင်တယ် ။ ပွဲစားကလည်း စျေးနှိမ်ဝယ်ယူနိုင်တယ်။ ပဲတွေကလည်း ခြောက်နေပြီ ။ပဲတွေကလည်း နူတ်ဖို့ ရက်ချိန်းယူထားပြီးပြီ။ မိုးကလည်းအုံ့နေတော့ ဘာလုပ်ရမယ် မသိသေးဘူး ။အခြေအနေစောင့်ကြည့်နေတုန်းပဲ ။ ” လို့ ပဲခူးအနောက်ခြမ်းမှ မတ်ပဲစိုက်တောင်သူ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းတုန်းကလည်း နေပြည်တော်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ နေရာအနှံ့အပြား မိုးရွာသွန်းခဲ့ပြီး ကရင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းက နေရာတချို့မှာ နေရာကျဲကျဲနဲ့ ဧရာဝတီတိုင်း ၊ ကယားပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့တယ်လို့ မိုး/ဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – မိုး / ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW