ဒီနေ့မနက်အစောပိုင်းက ရန်ကုန်ကမြို့နယ်သုံးခုမှာ မီးလောင်မှု ဖြစ်ပြီး မီးခိုးမွှန်လို့ တယောက်သေ ၊တယောက်သတိလစ်

ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆
GG (VOM )
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်က မြို့နယ်သုံးခုမှာ နေအိမ်နဲ့ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် ၊ တောင်ဒဂုံမြို့နယ် နဲ့ လှည်းကူးမြို့နယ်တို့ရှိ နေအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး လူသေဆုံးမှုကတော့ သင်္ဃန်းကျွန်းမြို့နယ် တိုက်ခန်းမီးလောင်းမှုမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
သင်္ဃန်းကျွန်းမြို့နယ် ၊ ငမိုးရိပ်ရပ်ကွက် ၊ ငမိုးရိပ်(၁၀)လမ်း၊ အပိုင်း(၂) တိုက်ခန်း ပထမထပ်မှာ ဒီကနေ့ မနက်အစော ၅ နာရီခွဲလောက်က မီးလောင်မှုကြောင့် ပိုင်ရှင်အမျိုးသားသေဆုံးကာ နောက်ထပ်အမျိုးသားတယောက်လည်း မီးခိုးမွှန်ပြီး ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
” စက်ဘီးတွေထားတဲ့ တိုက်ခန်းမီးလောင်တာပါ ။ အဲဒီတိုက်ခန်းမှာမှ နေတဲ့ အခန်းပိုင်ရှင်သေဆုံးပါတယ်။မီးလောင်ဒဏ်ရာနဲ့ မီးခိုးမွှန်ပြီး ဆုံးတာပါ။ နောက်တယောက်ကကျတော့ မီးလောင်တဲ့အခန်းရဲ့ အပေါ်ထပ်အခန်းကပါ ။မီးခိုးမွှန်ပြီး သတိလစ်လို့ ဆေးရုံပို့ခဲ့တယ်။ ” လို့ မြေပြင်ကူညီရေး လုပ်ဆောင်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးအမျိုးသားကတော့ အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး မီးခိုးမွှန်ပြီး သတိလစ်မေ့မြောခဲ့သူက အသက် ၅၀ ဝန်းကျင် အရွယ်ဖြစ်ကြောင်း ၊ နှစ်​ယောက်လုံးကို စံပြဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လှည်းကူမြို့နယ်၊ မြို့မရပ်ကွက်၊ နှင်းဆီလမ်းမှာက မနက်အစော ၁ နာရီ ခွဲကျော်လောက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ် ကြောင်းသိရပါတယ်။
တောင်ဒဂုံမြို့နယ်မှာတော့ မနက်အစော ၁ နာရီ ၁၅ မိနစ်လောက်မှာ ၁၆ရပ်ကွက်၊ အမှတ်(၂)လမ်းမဘေးရှိ ဘုန်ကြီးကျောင်းမှာ မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးခိုးမွှန်ပါက စက္ကန့်ပိုင်းအတွင်းမှာ အောက်စီဂျင်ပြတ်လပ်ပြီး မူးမေ့လဲကျကာ အသက်ဆုံးရှုံးနိုင်တာကြောင့် တကယ်လို့ မီးလောင်မှုနဲ ကြုံတွေ့ရပါက အဝတ်စကို ရေစိမ်ပြီး ရေစိုနေတဲ့ အဝတ်စကို နှာခေါင်းစည်းပြီး ထွက်ပေါက်ကို အမြန်ဆုံးရှာကာ အပြင်ကို ထွက်နိုင်ဖို့လိုအပ်တယ်လို့ လူမှုကူညီရေး အဖွဲ့ဝင်တွေက အကြံပြုပြောဆိုထားပါတယ်။
ဓာတ်ပုံ – အေးမြဖြူစင်လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW