ဖေဖော်ဝါရီ ၂၂ – ၂၀၂၆
SS (VOM)
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် စုစုပေါင်း ၄၅၉ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက် မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
တပ်ကုန်းမြို့နယ်မှာ မနေ့ ညနေ ၆ နာရီခွဲဝန်းကျင်က လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်စရစ်ကုန်းကျေးရွာရှိ အိမ်ခြေ ၁၆ လုံး၊ ထုံးဖိုကျေးရွာရှိ အိမ်ခြေ ၄၃ လုံးနဲ့ စာသင်ကျောင်း တကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တပ်ကုန်းမှာ အိမ်ပျက်စီးတယ်ဆိုတာ အမိုးလန်၊ သွပ်လန်ပေါ့၊ ဘေးအကာ ထရံကွာ၊ ယိုင်သွားတာ ဒါမျိုးတွေဖြစ်တာပါ။ အလုံးလိုက်ကြီး ပြိုကျ ပျက်စီးသွားတာတော့ မရှိပါဘူး။
လေတိုက်တာကတော့ လေပွေသဘောမျိုး ဝိုက်ပြီး တိုက်သွားတာပေါ့။ လက်ရှိမှာတော့ ကျွန်တော်တို့ မီးသတ်ဌာနက လိုအပ်တဲ့အပိုင်းလေးတွေ လိုက်ပြီး ကူညီပေးနေပါတယ်။ နိုင်ငံတော်ကလည်း ထောက်ပံ့ပါတယ်” လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီလိုပဲ လယ်ဝေးမြို့နယ်မှာလည်း မနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၃၈ ရွာက နေအိမ် ၂၃ လုံး ပြိုကျပျက်စီးခဲ့ကာ နေအိမ် ၃၀၅ လုံးအမိုးလန် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဒက္ခိဏသီရိမြို့နယ်မှာလည်း မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဇီးဖြူကုန်းကျေးရွာက နေအိမ် ကိုးလုံး၊ ညောင်ကုန်းကျေးရွာက နေအိမ် ခုနစ်လုံး၊ ဆည်စုကျေးရွာက နေအိမ် ၆၂ လုံး၊ ဒိုးနွယ်ကျေးရွာက နေအိမ် သုံးလုံး၊ စုစုပေါင်း ၈၁ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုလို ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ အခုလို သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာကြောင့် နေအိမ်တွေကို အတတ်နိုင်ဆုံး ခိုင်ခန့်အောင် တည်ဆောက်ထားစေချင်တယ်လို့ ဆိုပါတယ်။
“ဒီနေ့ ကျွန်တော်တို့ ရှင်းလင်းရေး လုပ်တဲ့အချိန် မြင်ရတာတွေက အိမ်ဆောက်ထားတာ အများစုက လေးပတ်လည် တိုင်တွေအစား သုံးပတ်လည် တိုင်လေးတွေ ထည့်ထားတာတွေ့ရတယ်။ ကိုင်းဖျားတွေ အပြည့်အဝ မထည့်တာတွေ တွေ့ရတယ်။ တံခါးဘောင်တွေရဲ့ ဘေး ဘယ်/ညာမှာလည်း ကျည်းဘောင်တွေ မထည့်ဘဲ အလွတ်တွေ လုပ်ထားတာ တွေ့ရတယ်။ လက်သမားတွေက သဘာဝဘေးကို မစဉ်းစားဘဲ မထည့်မိကြတာ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် ပျက်စီးမှု ပိုဖြစ်သွားတာပေါ့။ ဒါကြောင့် အိမ်တွေကို လေဒဏ်၊ ငလျင်ဒဏ်ခံနိုင်အောင် အတတ်နိုင်ဆုံး ခိုင်ခန့်အောင် ဆောက်ထားစေချင်တယ်” လို့ ပြောပါတယ်။
ဒါအပြင် သဘာဝဘေးအန္တရာယ် ရုတ်တရက် ဖြစ်ပေါ်လာပါကလည်း ချက်ချင်း ပြေးထွက်ခြင်းမျိုး မပြုလုပ်ကြဘဲ မလိုလားအပ်တဲ့ မီးလောင်မှုအန္တရာယ်တွေ မဖြစ်ပေါ်စေရေးအတွက် နေအိမ်ရှိ မီးခလုပ်၊ မိန်းတွေကို ချထားခဲ့စေချင်တယ်လို့လည်း သူက ပြောပါတယ်။
“နောက်တခုက သဘာဝဘေး ဖြစ်လာပြီဆိုရင်လည်း အရေးပေါ် ဖုန်းနံပါတ်ဖြစ်တဲ့ 191 ကို ဆက်သွယ် အကြောင်းကြားလို့ရပါတယ်။ ဘယ်မြို့နယ်ပဲဖြစ်ဖြစ်ပေါ့။ 191 ကို ဆက်သွယ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲ့ မီးသတ်စခန်းကို ဖုန်းဝင်ပါလိမ့်မယ်။ အဲဒါလေးကိုလည်း အမြန်ဆုံး ဆက်သွယ်ပေးဖို့ ပြောကြားချင်ပါတယ်” လို့ သူက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပြီး ကြိုတင် သတိပြုစေချင်တယ်လို့ ဆိုပါတယ်။
မိုး/ဇလ ဌာနရဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ လက်ရှိ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပြီး နောက် ၄၈ နာရီအတွင်း အနောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေပိုင်းကစပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း၊ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။
Photo – MFSD
