ဖားဆောင်းမှာ စက်လှေခနဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာ

ဖေဖော်ဝါရီ ၂၂ – ၂၀၂၆
SS (VOM)
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ကုန်းလမ်းခရီးစဉ်တွေ ပြတ်တောက်သွားတဲ့အတွက် စက်လှေခနဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဖားဆောင်းမြို့အတွင်းမှာ အစိုးရတပ်တွေ ရောက်ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တဲ့အပြင် သံလွင်မြစ်ကူးတံတားတွေ အသုံးပြုလို့ မရတော့တာကြောင့်လည်း ကုန်စည်စီးဆင်းမှု နှေးကွေးကာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
“ဖားဆောင်းဒေသရဲ့ ကုန်စည် စီးဆင်းမှုအတွက်က ရေ‌လမ်းကြောင်းကိုပဲ အားထားနေရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ တံတားတွေ ပျက်သွားတော့ စက်လှေခနဲ့ ဇက်ခတွေ ချက်ချင်း ဈေးတက်သွားတယ်။ ကုန်စည် သယ်ယူရေးအတွက်ကတော့ အခက်အခဲတွေ တောက်လျှောက် ဖြစ်သွားတာပေါ့။ သယ်ယူစရိတ်အတွက် ကုန်ကျမှုများလာရင်တော့ နောက်ဆက်တွဲ ကုန်ဈေးနှုန်းတွေ တက်လာတာပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ စက်လှေခဟာ လူတယောက်ကို ကျပ် တသောင်း၊ ဇက်ပေါ် ကားတင်ပြီး မြစ်ကူးမယ်ဆိုပါတယ် ကားအမျိုးအစားပေါ် မူတည်ပြီး ကားတစီးကို ကျပ် သုံးသိန်းကနေ ခြောက်သိန်းဝန်းကျင်အထိ၊ ကားမပါဘဲ လူနဲ့ ကုန်ပစ္စည်းပဲ သွားမယ်ဆိုရင်တော့ ဇက်ကူးခက ကျပ် နှစ်သိန်းကျော်ကနေ သုံးသိန်းခွဲကြား ရှိနေတယ်လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ စက်လှေဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ သိရပြီး အရင်က ကျပ် သိန်း ၂၅၀ ဝန်းကျင်သာရှိတဲ့ စက်လှေတစီးဈေးဟာ လက်ရှိမှာ ကျပ်သိန်း ၄၀၀ နီးပါးအထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဒါအပြင် ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်း အဆမတန် မြင့်တက်လာပြီး ပြတ်လပ်မှုတွေ ရှိလာသလို စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်း အလွန်မြင့်မားမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ကုန်စည်သယ်ဖို့က တံတားနားမှာ တိုက်ပွဲတွေ ရှိနေတော့ သွားချင်တိုင်းလည်း သွားလို့မရဘူး။ တိုက်ပွဲက ပြည်သူကောင်းစားရေးကို ရှေးရှုနေတာ မဟုတ်တော့ဘဲ လူတစုရဲ့ ကိုယ်ကျိုးစီးပွား၊ အာဏာ တည်မြဲရေးအတွက်ကိုပဲ ဦးတည်တာ ဖြစ်သွားပြီ။ လူထုဆုံးရှုံးမှုကို ထည့်မတွက်ကြတော့ပါဘူး။ ဖားဆောင်းတံတား ဆိုတာက ဒီဒေသရဲ့ ကုန်စည်စီးဆင်းရေးအတွက်တော့ အသက်သွေးကြောပါပဲ။ အခုက အဲဒီ အသက်သွေးကြော ပြတ်တောက်သွားတာပါ။ ပြည်သူတွေအတွက်ကတော့ ရှေ့ဆက်အလားအလာ ကောင်းနိုင်စရာ မရှိပါဘူး” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က သံလွင်တံတား (ဖားဆောင်း) မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီတံတားဟာ သံလွင်မြစ် အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို ဆက်သွယ်ထားတာဖြစ်ကာ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ – ဖားဆောင်းကတဆင့် နယ်စပ်မြို့ မယ်စဲ့အထိ ပေါက်ရောက်တဲ့ အဓိက ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖားဆောင်းတံတား ဖျက်ဆီးခံရပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ဖားဆောင်းမြို့ရဲ့ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း – ချိကွဲ – စောင်းလော့ လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ ပွန်ချောင်းတံတား မိုင်းထောင် ဖျက်ဆီးခံခဲ့ရပါတယ်။
အဲဒီ ပွန်ချောင်းတံတားဟာ ပြည်နယ်အတွက် အချက်အချာကျတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ကာ ကယားပြည်နယ်ထဲက မြို့နယ်တွေကို ချိတ်ဆက်ပေးတဲ့ အဓိကလမ်းကြောင်း ဖြစ်သလို ဒေသတွင်း သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် တကယ်ကို အရေးပါတဲ့ တံတားတစင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW