မုံရွာမှာ ခရီးသည်တင်ယာဥ်တစီး ပစ်ခတ်ခံရလို့ ယာဥ်မောင်းသေဆုံး

ဖေဖော်ဝါရီ ၂၂ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညပိုင်းက ခရီးသည်တင်ယာဉ် တစီး ပစ်ခတ်ခံရပြီး ယာဥ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၈ နာရီ၊ မိနစ် ၄ဝ ဝန်းကျင်က မုံရွာမြို့၊ သာစည်ဘုရား မုခ်ပေါက်အနီးမှာ ခရီးသည်တင် ကားတစီး ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီကားပေါ်မှာ ကားမောင်းသူနှင်သူ၊ ယာဉ်အကူ တယောက်နဲ့ ခရီးသည် လေးယောက် လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“ပစ်ခတ်ခံရတဲ့ကားက မုံရွာနဲ့ ဗန်းမော် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းငယ်တခုက ကားပါ။ လမ်းမှားဝင်လာမိရင်း ပစ်ခတ်ခံရတာ။ သေဆုံးသွားတဲ့ ယာဉ်မောင်းကတော့ ဆားလင်းကြီးကလို့ သိရပါတယ်။ ခရီးသည်တွေကတော့ ထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်‌၊ ညနေ ၆ နာရီဝန်းကျင်ကလည်း မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ ကံသာဘုန်းကြီးကျောင်းအနီးမှာ အသက် ၂၀ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ပြီး တရက်အကြာမှ အလောင်းလာကောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊ ရေကူးကန်းလမ်းအနီးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း မုံရွာမြို့၊ သာစည်လမ်း၊ ပညာရေးတက္ကသိုလ် (TTC) အနီးမှာ အိမ်စီးကားတစီးကို လိုက်လံ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမှိုက်ပုံအနီး အရောက်မှာတော့ အမှိုက်ကောက်တဲ့ ကလေးတယောက်၊ သုံးဘီးသမား တယောက်အပါအဝင် လေးယောက်ခန့် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မုံရွာမြို့မှာ စစ်ရေး မငြိမ်သက်မှုတွေကြောင့် မြို့တွင်း၊ မြို့ပြင်လမ်းတွေကို ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေက ညပိုင်းသွားလာမှု ကန့်သတ် ပိတ်ပင်ထားသလို အစိုးရတပ်တွေကလည်း မြို့ပေါ်မှာ စစ်ဆေးမှုတွေ တင်းကျပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
မုံရွာ မြို့တွင်း၊ မြို့ပြင် လမ်းပိုင်းတွေမှာ ဘယ်လို ယာဉ်အမျိုးအစားမဆို ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ရက်အကန့်သတ်မရှိ ယာယီ ပိတ်ပင်ထားတယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ အိမ်စီးကားတွေ အသုံးပြုကာ မုံရွာမြို့အတွင်း ညအချိန် သွားလာမှုတွေကို ပြုလုပ်နေတာ ဖြစ်တယ်လို့ လက်နက်ကိုင်တပ်တွေရဲ့ အသိပေးချက်မှာ ဖော်ပြထားပြီး အဲဒီလို သွားလာနေမှုတွေကြောင့် တိုက်ခိုက်မှုတွေလည်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ မုံရွာမြို့တွင်း အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေဘက်ကတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW