ဆူးငှက်
မုံရွာမှသည် ပေါက်ဆိန်ပေါက်နှင့် သဖန်း ဆီ
———————————————
သည်အခေါက် မုံရွာမှာရောက်စဉ် ကိုမောင်ဝင်းနှင့်အတူ သဖန်းရွာသို့ သွားရောက် လည်ဖြစ်သည်။ ကိုမောင်ဝင်းကတော့ ရွာမှာ သူ့ဖခင် ဦးအောင်မှတ် နှင့် သူ့အစ်မ မမညိုတို့ထံ မကြာခဏရောက်ဖြစ်သည်။ အခုအခေါက် သူလည်း သဖန်းကို သွားမည်ဆိုတော့ ကျွန်တော်လည်း လိုက်ဖြစ်သည်။ သည်တစ်ခါ မရောက်တာကြနေသော ပေါက်ဆိန်ပေါက်ရွာက ဘုန်းကြီးကျောင်းသို့လည်း ဝင်ချင်တော့ ကိုမောင်ဝင်းက ဒါဆို ဒို့ အသွားမျာ ဝင်ရအောင်၊ ဒီကနေ ဘုတလင်အထိ မလိုက်ဘဲ ကံသစ်မှာ ဆင်းမယ်။ အဲ့ဒီကနေ ပေါက်ဆိန်ပေါက်ကို ခြေကျင်လျောက်လိုက်ရင် မဝေးဘူး ဟု စီစဉ်သည်။ ထို့ကြောင့် သင်္ကြန်ပြီး တစ်ပတ်လောက်နေတော့ ဇရပ်ဝိုင်းအနီး စိန်သုံးလုံးကားနှင့် မနက်စောစော လိုက်ကာ ကံသာရွာတွင် ဆင်းကြသည်။ ထို့နောက် လှည်းလမ်းအတိုင်း နာရီဝက်လောက် လမ်းလျှောက်လိုက်တော့ ပေါက်ဆိန်ပေါက်ကျောင်း ကို သစ်ပင်အုပ်အုပ်ကြားက မြင်လိုက်ရသည်။
ပေါက်ဆိန်ပေါက်ကျောင်းက အတော်သာယာသည်။ ကျောင်းဝင်းက ကျယ်ပြန့်ပြီး မန်ကျည်းပင်ကြီးများဖြင့် အုံးဆိုင်းနေ သည်။ ထို့ပြင် အခြား အပင်ပေါင်းစုံနှင့်လည်း နေပြောက်မထိုးလောက်အောင် အရိပ်ရသည်။ ကျောင်းဝင်း၏ တစ်ဖက်ထောင့်မှာ ရေကန်ကြီးရှိကာ ကန်ဘောင်တွင် သရဖီပင်လည်းရှိသည်။ ကျောင်းဝင်းအတွင်းတွင် ဉာဏ်တော် မြင့်မားသော ရုပ်ပွားတော်ကြီး တစ်ဆူနှင့်အတူ စေတီများလည်း ရှိသည်။ ကျောင်းက ၂ထပ် အုတ်တိုက်ကျောင်းကြီး ဖြစ်သည်။ သီပေါမင်းပါတော်မူအပြီး နောက်နှစ်တွင် တည်ထားသည်ဟု သိရသည်။ ကျောင်းကြီးစတင်တည်သည့် ဆရာတော်ကြီး၏ တပည့် ဦးတိလောက က ကိုမောင်ဝင်းအမေ ဒေါ်ချောတင်နှင့် ကျွန်တော့်အမေ ဒေါ်ချောရင်တို့၏ အစ်ကိုအရင်းဖြစ်သည်။
ဆရာတော် ဦးတိလောက ပျံတော်မူပြီး သူ့တပည့်ရင်းဖြစ်သည့် အခု ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓ က ဆက်ခံသည်။ အမေတို့ အမျိုးများက ပေါက်ဆိန်ပေါက်ရွာအနီးက ထန်းတောရွာဇာတိများဖြစ်သည်။ ထန်းတောရွာသား ဦးတိုးနှင့် သဖန်းရွာသူ ဒေါ်နှင်းသတို့ ပေါင်းဖက်ပြီး သဖန်းရွာတွင် အခြေချကာ အမေတို့ မောင်နှမ ၅ယောက်ဖြစ်သည့် မောင်ဖိုးကွန်း၊ မောင်ဖိုးထွန်း(ဦးတိလောက)၊ မတော၊ မချောရင်၊ မချောတင် တို့ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်နှင့် ကိုမောင်ဝင်း ပေါက်ဆိန်ပေါက်ကျောင်းရောက်တော့ ဆရာတော် ဦးဝိသုဒ္ဓ က အံ့အားသင့်နေသည်။ ဆွမ်းဘုန်းပေးအပြီး အချိုပွဲ ဘုန်းပေးနေသော ဆရာတော်ကို ကျွန်တော်တို့ ဝတ်ဖြည့်ကြစဉ် ဆရာတော်က တစ်ခါတည်း မနက်စာ စားခိုင်းသည်။ ကျွန်တော်တို့လည်း ဆရာတော့်ပွဲကျ စားကြတော့တာပေါ့။ ကျွန်တော်တို့က သဖန်းသို့ ဆက်သွားကြမည်ဟု လျှောက်သောအခါ အတော်ပဲ၊ ဘုန်းကြီးလည်း နက်ဖြန်မနက် သဖန်းမြောက်ရပ်အလှူ က ပင့်လို့ကြွရမှာ တစ်ခါတည်း လိုက်ခဲ့ကြပေါ့ ဟုမိန့်သည်။
ကျွန်တော်တို့ ညီအစ်ကိုလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ဘုန်းကြီးလှည်းနဲ့ဆိုတော့ ဟန်ကျတာပဲဟု သဘောကျကာ တင်ပါ့ဘုရား ဟု ပြန်လျှောက် လိုက်သည်။ ထိုနေ့က ကျောင်းမှာတင် ညအိပ်ရမှာမို့ အေးဆေးသက်သာစွာ နားကြသည်။ ကျောင်းဝိုင်းထဲက ဘုရားတွေဖူးကြ၊ သပ္ပာယ်လှစွာသော ရုပ်ပွားတော်ကြီး ကြည်ညိုကြ၊ ကိုမောင်ဝင်းက ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြနှင့် ညနေစောင်းတော့ ဆရာတော့် မယ်တော် ဒေါ်မယ်ရာ ၏ အိမ်မှာ ညစာစားကြသည်။ ဆရာတော့် မယ်တော်အိမ်က ရွာထဲမှာရှိသည်။ နာမည်က ဒေါ်မယ်ယာ တဲ့။ ဒေါ်မယ်ယာ က တို့ဖူးသုတ် မုန့်တီသုတ် ရောင်းသည်။ ထိုစဉ်ကပင် အသက်၆၀ကျော် ၇၀နီးပါး သန်သန်စွမ်းစွမ်း သွက်သွက်လက်လက် ဖြစ်ပါ၏။
ထိုညက ပေါက်ဆိန်ပေါက် ကျောင်းမှာပဲ ညအိပ်ကြရတာ အလွန်ကြည်နူးဖွယ်ကောင်း၏။ ညာဉ့်ဦးပိုင်းမှာ ဘုရားဝတ်တက်ကြပြီး ကြေးစည်၊ ခေါင်းလောင်း ထိုးနရီ များ တီးခတ်သံက ကြက်သီးထမျှ သာယာလှသည်။ ကျွန်တော်တို့ ညီအစ်ကိုလည်း စကားတပြောပြောနှင့် ညနက်မှ အိပ်ပျော်သွားကြသည်။
မည်သို့ ညနက်မျှ အိပ်ပျော်သညိ ဖြစ်စေ၊ မနက် ၄နာရီ တုံးမောင်းခေါက်တော့ နိုးကြပါပြီ။ ဆရာတော်က ဘုရားဝတ်တက်ပြီး အရုဏ်ဆွမ်းပင် ဘုန်းပေးနေပါပြီ။ ကျွန်တော်တို့လည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ ဆရာတော့်အားဝတ်ဖြည့်ပြီး အရုဏ် အကျအားစားကြသည်။ ဆရာတော်က မြို့သားများကို ကော်ဖီနှင့် ဘီစကွပ်မုန့်များ စားဖို့ ကပ္ပိယကို အသင့်ပြင်ခိုင်းထားသော်လည်း ကျွန်တော်တို့က ပဲပြုတ်ပူပူ ထမင်းပူပူ ငါးခြောက်ထိုး မှန်ရောင်ဟင်းနှင့် မြိန်လှသည်။ ဆရာတော်ဆီမှာ ထိုစဉ် ကပ္ပိယ အဖြစ်ရောက်နေသူက ကိုသာဝဖြစ်သည်။ သူက မန္တလေးစိန်ဘညိုဆိုင်းမှာ အုပ်စုံတီးသူဖြစ်သည်။ အဘနှင့် ရင်းနှီးသူမို့ ကျွန်တော်တို့ အိမ်သို့ မကြခဏ လာရောက်သူဖြစ်သည်။
ဆွမ်းပို့ချိန်
—————
ကျွန်တော်တို့ စားသောက်ပြီး ခဏနေတော့ ရွာထဲက ဆွမ်းချိုင့် ပို့သူများ ဒကာမများ ရောက်လာကြပြီ။ ကျောင်းလှေကားအတက်မှာပဲ တဘက်ကလေးများ ပုခုံးတင်ပြီး ကျုံ့ကျုံ့လေးထိုင်နေကြသည်။ လာလှူသည့် ဆွမ်းအုပ် ဆွမ်းချိုင့်များကို ကျောင်းသားလေးများက လာယူပြီးလဲလှယ်ကြသည်။ ကိုသာဝ က ကျောင်းအောက်မှာ ကျွန်တော်တို့နှင့် စကားပြောနေရင်း “ဘုန်းကြီးက ဆွမ်းလာပို့တဲ့ ဒကာမတိုင်း သူ့မယ်တော် သူ့နှမကအစ အဲ့ဒီလှေကား ထိပ်ကပဲ နေခိုင်းတာ။ ဒီဘက်မကျော်ရဘူးကွ။ ကျောင်းသားတွေက ဆွမ်းချိုင့်ကို သွားလဲပေးရတာ။ မင်းတို့ ဘုန်းကြီးက ဝိနည်းကို အထ်မခံဘူးကွ၊ ဒါကြောင့် ဒီနယ်မှာ အသက်ငယ်ပေမယ့် ဆရာတော်ကြီးတွေကအစ လေးစားကြတယ်။ အေးလေ.. တိပိဋက တစ်ပုံအောင်ဆိုတော့လည်း စာတတ်ပေတတ်ကိုကွ။ မင်းတို့ ဦးကြီး ဦးတိလောက မရှိတော့လို့ တာဝန်အရ ရွာပြန်ကျောင်းထိုင်လိုက်ရလို့သာကိုး။ မန္တလေးမှာပဲ ဆက်နေပြီးစာဝါလိုက်ရင် အခုနေ တိပိဋက ကိုယ်တော်ဖြစ်နေပြီပေါ့” ဟု ရှင်းပြသည်။
မနက် ၆နာရီလောက်ကျ ဆရာတော်က သဖန်းကြွတော့မည်တဲ့။ ကျွန်တော်တို့လည်း ကျောင်းပေါ် ပြန်တက်ကာ အိတ်လေးတွေ ယူကြသည်။ ဆရာတော်ကလည်း သူ့ လွယ်အိတ်လေးလွယ်နေသည်။ ကျောင်းအောက် တဲလေးထဲက ဆရာတော့် လှည်းယဉ်ကလေးက ဘာမှ ပြင်ဆင်မထား။ ဒါဖြင့် ရွာထဲက ဒကာတစ်ယောက်ယောက် လှည်းနဲ့ ဖြစ်လိမ့်မည်။ လှည်းလာလျှင် အဆင်သင့် ဖြစ်ဖို့ ကျွန်တော်တို့ကို ပြင်ခိုင်းထားတာဖြစ်မည်။ ဒီတော့ ကျွန်တော်တို့ကလည်း ရွာဘက်ကလှည်းသံကို မျှော်ရင်း နားစွင့်နေကြသည်။ ဆရာတော်က ကျောင်းပေါ်ကဆင်း၍ သင်္ကန်းကို ခေါင်းပေါ်ထိ ဆွဲရုံကာ “ကဲ အချိန်က အနေတော်ပါပဲ။ သွားကြစို့ကွ” ဟု မိန်းပြီး ကျောင်းရှေ့လမ်းကထွက်၊ ညာသို့ချိုးကာ ထိုလှည်းလမ်းအတိုင်း ခြေကျင်ကြွတော့၏။ ဘယ်လှည်းမှ မပါချေ။
ဤခရီးကား ခြေသာလျှင် ယာဉ်ရှိကုန်၏။
————————————————
ဤသို့ဖြင့် ပေါက်ဆိန်ပေါက်နှင့် သဖန်း ၄မိုင်ခရီးကို သဲတာ လှည်းလမ်းအတိုင်း ခြေကျင်ကြွတော့ ကျွန်တော်တို့လည်း ဒရွတ်တိုက် ဟောဟဲလိုက်ကာ ဆရာတော့် ခြေလှမ်းများကို အမီလိုက်ရသည်။ ဆရာတော်က တစ်လမ်းလုံး ဘာစကားမှ မမိန့်၊ တစ်စုံတစ်ခု ရွတ်ဖတ် အာရုံပြုကာ သတိနှင့် ခြေလှမ်းနေပုံရသည်။ လမ်းမှာ ညာဖက်ဆီက ခပ်ညို့ညို့ နေရာတစ်ခုဆီ လက်ညိုးညွှန်ရင်း “အဲ့ဒါ မန်ကျည်းအုပ်ရွာလေ” ဟုပဲ မိန့်သည်။ ရွာရောက်တော့ ဆရာတော်က ကျောင်းမဦးဇင်းမှိုင်းဆီ ဝင်ပြီးမှ မြောက်ရပ်အလှူသို့ ကြွလိမ့်မည်။ ကျွန်တော်တို့ကို ကျောင်းမထိ မလိုက်စေဘဲ ရွာထဲမျာနေရစ်စေသည်။
ကျွန်တော်တို့က မမညိုအိမ်မှာ အိတ်လေးတွေချပြီး အရှေ့ဘက် ဦးကြီးဦးချစ်တီးအိမ်ဘက် ကူးကာ နားရင်း ဆရာတော်က လှည်းနဲ့ကြွမယ်မှတ်နေတာ ခြေကျင် ယွန်းတော့ လူကို ဟိုက်နေတာပဲ စသည်ဖြင့် ပြောပြတော့ ဦးကြီးကရော သူ့သမီး မမဝါတို့ကရော “ ပေါက်ဆိန်ပေါက်ဆရာတော်က ဒီနယ်မှာ အပင့်အဖိတ်ရှိရင် တော်ရုံတန်ရုံခရီးကို ဘယ်တော့မှ လှည်းမဆင့်ဘူးကွ၊ ခြေကျင်ပဲကြွတာ။ ဘယ်ဒကာဒကာမ မှ သူ့အတွက် အလုပ်မပို ရဘူး။ တောင်သူတွေမို့ နွားနဲ့ အလုပ်လုပ်နေကြရတာ လယ်ယာအလုပ်မဟုတ်ဘဲ နွားကို အပန်းမခံစေဘူး တဲ့ကွ” ဟု ပြောကြသည်။ သြော်.. တကယ့် ဆရာတော်ပါလား၊ ကိုယ့်အမျိုး ကိုယ့်သားချင်းမို့လည်း ဂုဏ်ယူရပါ၏။
ရွာမှ ထိုည ညအိပ်ကြတော့ ညီအစ်ကိုနှစ်ယောက် စကားတွေ ပြောမကုန်ကြပေ။ ကိုမောင်ဝင်းက ရွာမှာမွေး ရွာမှာ ကြီးပြင်းသည့်အပြင် လူချစ်လူခင်များကာ နှံ့စပ်သူဆိုတော့ ပြောစရာတွေ များလှသည်။ ရွာနှင့် ရွာဝန်းကျင်က ဘုရားတွေ အကြောင်း၊ ဘုရားပွဲတွေ အကြောင်း၊ အလှူတွေ အကြောင်း၊ တီးဝင်းတွေအကြောင်း၊ အမျိုးတွေ အကြောင်း အစုံပြောပြသည်။ ဘုရားတွေအကြောင်း ဘုရားပွဲတွေ အကြောင်း ပြောတိုင်း “တောင်ဘုရား”၊ “တောင်ဘုရားဆွမ်း” ဆိုသည့် အသုံးအနှုန်းတွေ မကြာမကြာပါတော့ ကျွန်တော်က “နေပါဦးဗျ၊ အစ်ကိုပြောတာတွေထဲက ရွှေမုဋ္ဌောက် ဘုရား၊ ရွှေတောင်ဦးဘုရား၊ ရွှေမြင်တင်ဘုရား၊ နွားများရင်ဘုရား၊ ချမ်းသာဘကီးဘုရား ဆိုတာတွေက ဟုတ်ပါပြီ။ တောင်ဘုရား၊ တောင်ဘုရားဆွမ်းဆိုတာကရော ဘာလဲဗျ” ဟု မေးမိသည်။
ထိုအခါ ကိုမောင်ဝင်းက “ဟာ.. တောင်ဘုရားဆိုတာ ဘွဲ့က ရွှေမုဋ္ဌောကွ၊ ရှေးအဆက်ဆက် တောင်ဘုရားလို့ပဲ ခေါ်ခဲ့ကြတာ၊ သူက အတော်ထုးဆန်းတဲ့ ဘုရားကွ၊ သူ့ဘုရားပွဲကို တောင်ဘုရားဆွမ်း လို့ ခေါ်ခဲ့ကြတာ။ ရာဇဝင်က ဒီလိုကွ” ဟု ပြောလိုက်၊ ကျွန်တော်က မေးလိုက်နှင့် မိုးစင်စင် လင်းသွားတော့သည်။ သည်လိုတဲ့…။
ဆူးငှက်
