ဟုမ္မလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ခုနှစ်ယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက် သေဆုံးကာ ငါးယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ် ။
ညနေ ၃ နာရီခွဲလောက်မှာ ပဲနုပ်ဆွပ်ကျေးရွာကို Gyrocopter နဲ့ ဗုံးကြဲခံခဲ့ရတာ ဖြစ်ကြောင်း ၊ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
” လောလောဆယ်သိရတာ သေဆုံးခုနှစ်ယောက်ရှိတယ် ။ ဒဏ်ရာရသူတွေထဲမှာလည်း အခြေအနေ စိုးရိမ်ရသူတွေ ရှိတယ်ဆိုတာပဲ သိရသေး တယ်။ ကျန်တဲ့အခြေအနေတော့ မသိရသေးဘူး ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှူပေးနေပြီး ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ သိရပါတယ်။
ပဲနုပ်ဆွပ်ရွာကတော့ လက်ရှိမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ စိုးမိုးထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ​ဖေ​ဖော်ဝါရီ ၁၅ ရက်က ယာယီသမ္မတ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ဟာ ဟုမ္မလင်းနဲ့ နာဂ​ဒေသ​တွေကို သွား​ရောက်ခဲ့ပါ​သေးတယ်။
​ဖေ​ဖော်ဝါရီ ၂၂ရက်​နေ့က ကျွန်းလှမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ သဖန်းဆိပ်ဆည်အနီးမှာလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ မြောင် ၊ ပုလဲ ၊ ရွှေဘို ၊ မုံရွာ စတဲ့ မြို့နယ်တချို့မှာ စစ်ရေးအခြေအနေ တင်းမာနေပြီး အစိုးရတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသလို လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေပါ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW