ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၆
GG (VOM)
ကယားပြည်နယ် ၊ ဒီးမော့ဆို အနောက်ခြမ်းက နေရာတခုမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကို ဗုံးသီးဖြုတ်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားနှစ်ယောက်သေဆုံးကာ တယောက်ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၈ နာရီ ခွဲလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာမှာ ၊ သေဆုံးတဲ့အမျိုးသားတွေက အသက် ၃၀ အရွယ်ဝန်းကျင်တွေဖြစ်တယ်လို့ သိရပါတယ် ။
” ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာ သုံးယောက်ရှိတယ်။ အဲဒီထဲမှာ သေဆုံးတာတယောက် ၊ ဒဏ်ရာပြင်းထန်တယောက်ရှိတယ်။ဒီမနက်မှာတော့ ဒဏ်ရာပြင်းထန်တဲ့တယောက် ဆုံးတယ်။ ” လို့ ဖြစ်စဉ်သိရှိသူ တယောက်ကပြောပါတယ် ။
ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသားကို လက်ရှိမှာ ဆေးဝါးကုသမှုပေးနေပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိကြောင်း ၊ သေဆုံးနဲ့ ဒဏ်ရာရှိခဲ့သူတွေဟာ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသတွင်း သတင်းအချက်အလက်တွေအရ ကနဦး သိရှိရပါတယ် ။
ယခု လက်နက်ကြီးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာဟာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။
ဓာတ္ပုံ – Henry April
