ဖေဖော်ဝါရီ ၂၃ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR Co,.Ltd အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ တောင်းဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
စက်ရုံရှိ အလုပ်သမား ၇၀၀ ကျော်ဟာ ဒီကနေ့ မနက် ၈ နာရီကျော်ဝန်းကျင်ကနေစပြီး တောင်းဆိုမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒေးကြေးကို တသောင်း နှစ်ထောင့်ငါးရာကျပ်၊ အချိန်ပိုကြေး နှစ်ထောင့်ငါးရာကျပ်နဲ့ ရက်မှန်ကြေးကို ခြောက်သောင်းကျပ်အထိ တိုးပေးဖို့အပြင် ၁၅ ရက် တကြိမ် ရှင်းပေးဖို့ကိုလည်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒါအပြင် အထည်ကြေးကိုလည်း A+ အတွက် ကျပ် နှစ်သိန်း၊ A အတွက် ကျပ် တသိန်းခွဲ၊ B အတွက် ကျပ် တသိန်းနဲ့ C အတွက် ကျပ် ငါးသောင်း တိုးမြှင့်ပေးဖို့နဲ့ ဂရိတ်ကြေးကိုလည်း A+ ဆိုပါက ကျပ် တသိန်းရှစ်သောင်း၊ A ဆိုပါက ကျပ် တသိန်းခွဲ၊ B ဆိုပါက ကျပ် တသိန်းနဲ့ C ဖြစ်ပါက ခုနစ်သောင်းကျပ် စသဖြင့် တိုးမြှင့် ရရှိနိုင်ဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ စက်ရုံအလုပ်သမား တယောက်က “အခုအချိန်အထိတော့ စက်ရုံဘက်က လိုက်လျောတဲ့ပုံစံတော့ မပြသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒါ ဆန္ဒပြတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တဲ့အတွက် မရမချင်း ဆက်တောင်းဆိုဖို့တော့ အစီအစဉ် ရှိပါတယ်” လို့ ပြောပါတယ်။
ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာတော့ လုပ်ငန်းရှင်ဘက်က ဝန်ထမ်းတွေရဲ့ တောင်းဆိုမှုတွေကို တခုမျှ လိုက်လျောမပေးနိုင်ကြောင်းနဲ့ တောင်းဆိုမှုတွေ ဆက်လက် ပြုလုပ်ပါက သုံးရက်မြောက်နေ့မှာ အလုပ်ကနေ ထုတ်ပယ်မယ်လို့ တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
“အလုပ်ရှင်ဘက်က ပြောတာကတော့ တောင်းဆိုမှုတွေ လုပ်ချင်ရင် သုံးရက်တိတိ လုပ်ခွင့်ပေးတယ်။ အဲဒီ သုံးရက်အတွင်းမှာမှ လုပ်ငန်းခွင် ပြန်မဝင်ဘူးဆိုရင် Auto rescind ဖြစ်မယ်ဆိုပြီး အဲဒီလိုမျိုးတော့ ပြောလိုက်တာရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် သုံးရက်ပြည့်တဲ့အခါ အလုပ်က ရပ်ဆိုင်းမယ်ဆိုတာနဲ့ပတ်သက်လို့ တရားဝင် စာထုတ်ထားခြင်းမျိုး မရှိသေးဘဲ နှုတ်နဲ့သာ အသိပေးထားခြင်းဖြစ်ကာ လက်ရှိ Notice ဘုတ်မှာတော့ ‘No Work, No Pay’ လို့သာ ကြေညာထားတယ်လို့ သိရပါတယ်။
ဒါအပြင် ဒီကနေ့ တောင်းဆိုမှုတွေ ပြုလုပ်နေချိန်မှာလည်း စက်ရုံ တူဝန်ရှိသူတွေက အဲဒီစက်ရုံအတွင်းက မိန်းတံခါးတွေ အကုန်လုံးနဲ့ သောက်သုံးရေကန်က ရေဘားတွေကို ပိတ်ချပစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
“အပြင်ထွက်တဲ့ အပေါက်တွေတော့ မဟုတ်ဘူး။ စက်ရုံအတွင်းထဲဝင်တဲ့ အပေါက်တွေကို ပိတ်ပစ်တာပါ။ ကျွန်တော်တို့ ဒီညနေပိုင်း ညှိနှိုင်းရေးလုပ်တဲ့ အချိန်ကျမှသာ တံခါးတွေ၊ ရေဘားတွေကို ပြန်ဖွင့်ပေးတာ။ ကျွန်တော်တို့ တောင်းဆိုမှုလုပ်တဲ့ နေရာကတော့ ထမင်းစားဆောင်နားမှာပါ။ ငြိမ်သက်စွာနဲ့ပဲ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြတာပါ” လို့ သူက ပြောပါတယ်။
ဒီကနေ့မှာတော့ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက် ညှိနှိုင်းမှုတွေ လုပ်ဆောင်ထားပြီး မနက်ဖြန် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာလည်း ဆက်လက် ညှိနှိုင်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
SANYAN OUTDOOR Co,.Ltd ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလကစပြီး လုပ်ငန်း လည်ပတ်ခဲ့တာ ဖြစ်တယ်လို့သိရပြီး Sinsay, SNSY OUT WERE, SINSAY MENS အစရှိတဲ့ Brand တွေကို ချုပ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – SPTTGU
