ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂၅ ယောက် ဖမ်းမိတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။
လဲချားမြို့နယ်၊ နောင်လုံကျေးရွာနဲ့ တပ်မောက်ကျေးရွာတွေမှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်နိုင်တယ်လို့ယူဆရတဲ့ မသင်္ကာစရာ အဆောက် အအုံတွေကို လေကြောင်းကနေ ကင်းထောက်တွေ့ရှိခဲ့ပြီးနောက် အခုလ ၂၂ ရက်နေ့က သွားရောက် ရှင်းလင်းတာမှာ အခုလို ဖမ်းမိတာလို့ ဆိုပါတယ်။
နောင်လုံကျေးရွာနားက အဆောက်အအုံတွေထဲကနေ တရုတ်နိုင်ငံသား အယောက် ၂၀ နဲ့ တပ်မောက်ကျေးရွာနားက အဆောက်အအုံတွေထဲမှာ တရုတ်နိုင်ငံသား ငါးယောက်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။
လဲချားမြို့နယ်အတွင်းက ကျေးရွာအချို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင် တဲ့ နေရာတွေ ဆက်ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လဲချား၊ ကျေးသီး၊ မိုင်းကိုင်သွားတဲ့ လမ်းဆုံက ရွာတချို့မှာ ရှိနိုင်သေးတယ်။ အဲဘက်တွေကို သေချာရှာနိုင်ရင်တော့ တွေ့နိုင်သေးတယ်။ အကုန်လုံးက ပြန့်ကြဲပြီး ပြေးနေကြတာ” လို့ ကျေးသီးမြို့ခံ တယောက်က ပြောပါတယ်။
အခုလ ဆန်းပိုင်းတုန်းကလည်း ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ထဲက ကျေးရွာအချို့မှာ မူးယစ်ဆေးဝါးချက်ရုံတွေ အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၃၃၀ ကိုပါ ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်းက မိုင်းနောင်မြို့နယ်အတွင်းမှာ အွန်လိုင်းငွေလိမ် လုပ် ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား အချို့ကို ဖမ်းမိခဲ့ပါတယ်။
ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေ နဲ့ မြန်မာ နိုင်ငံ သား လေးရာနီးပါကို လားရှိုး အကျဉ်းထောင်ကို ပို့ဆောင်ထားပြီး စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
အစိုးရဘက်ကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ် ဖမ်းဆီး ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြတဲ့ နိုင်ငံခြားသားတွေ၊ လူကုန်ကူး ခံရသူတွေကို သက်ဆိုင်ရာနိုင်ငံတွေကို အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီလို ဆောင်ရွက်နေတာမှာ မြဝတီမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ က နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်အထိ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား ၁၄၂၀၈ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီထဲက ၁၃၁၂၈ ယောက်ကို ထိုင်းနိုင်ငံကတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ အစိုးရဘက်က ထုတ်ပြန်ပါတယ်။
ကျန်နေတဲ့ နိုင်ငံခြားသား ၁၀၈၀ ယောက်ကိုလည်း ကောင်းမွန်စွာထားရှိ ထားပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
#voiceofmyanmar #VOM #ငွေလိမ်ဂိုဏ်း
