သူတို့အိမ် အခန်း – ၆၃

ဆူးငှက်

 

 

လပြည့်ည၏ လရောင်အောက်မှာ
————————————————

ထိုနေ့ညက တပေါင်းလပြည့်၏ အဖိတ်နေ့ညမို့ လမင်းက ထိန်ထိန်သာနေသည်။ ရွာလမ်းတလျှောက် လရွှေရည်လွှမ်းနေ၏။ ရွာထဲက သစ်ပင်အသီးသီးမှာလည်း လရောင်က ဆလိုက်ထိုးထားသည်။ အိမ်ခေါင်မှာလည်း လရောင်၊ နွားစားကျင်းမှာလည်း လရောင်၊ ကျီတိုက်ပေါ်မှာလည်း လရောင်၊ တစ်ရွာလုံးအပေါ် ရွှေလရောင်ဖုံးနေတော့ ပျော်ဖို့ ကောင်းမှာပေါ့။ ရွာလယ်လမ်းမှာ ကာလသားတို့ ပုလွေကြူမှာပေါ့။ မနက်ခင်း နွားစာအတွက် ပြောင်းရိုးစင်းသူ စင်းမှာပေါ့။ လသာတုန်း ဗိုင်းငှင်ရင်း မာမလောင်လို့ မောင်မလာ ပျို့ရွှေနဖားစူး မောင့်ရွှေနဖူးစာလို့ တေးညည်းနေမှာပေါ့။ ဂျက်ကလိန်ဂျောင်း ဂျက်ကလိန်ဂျောင်းလို့ မောင်းထောင်းနေမှာပေါ့။

ရွာတီးဝိုင်းက ရွာဇရပ်မှာစုပြီး ဘုရားထီးတင် ပွဲအတွက် ထိဗေရှမ်း ထိဗေရှမ်း ဒိုးချက်မှာ စည်းသွက် သီချင်းတစ်ပုဒ် တိုက်နေမှာပေါ့။ နှပ်ချေးတွဲ သျှောင်ပေစူး ဖုန်အလူးလူးနဲ့ ကလေးတွေလည်း ဇရပ်ကွင်းမှာ ထုတ်စည်းတိုး ဖန်ခုန် အမျိုးစုံ ကစားနေကြမှာပေါ့။ နတ်စင်ဝင်းထိပ် ဒန်းပင်ရိပ်မှာ မြောက်ရပ်သားနဲ့ တောင်ရပ်သူ ကြည်ဖြူစကား တီးတိုးကြားနိုင်ပေါ့။ နှစ်ပါးသီချင်း ဇာတ်လွမ်းချင်းနှင့် အောင်ခြင်းရှစ်ပါး တစ်ရွာလုံးကြားအောင် ခေါင်ဖျားဟွန်းတင် ဟဲလို တက်စတင် ဟဲလို တက်စတင် ဟစ်ကြမှာပေါ့။ လရောင် စွန်းဖိတ် တလင်းရိပ်မှာ အိပ်၍မပျော်သော ညများမှသည် အိပ်မပျော်လေသော ညတစ်ည လွမ်းရတဲ့ဖြစ်အင် မယ်ဒလင်နဲ့ ဖိုးလမင်းကို အောင်သွယ်ခိုင်းမှာပေါ့။

အခုတော့ ထိုသို့ မဟုတ်။ တပေါင်း လပြည့်၏ အဖိတ်နေ့ ရောက်တိုင်း မည်မျှပင် လရောင်ဖြာ၍ သာယာပါစေ၊ ရွာကလေးက ငြိမ်သက်နေသည်။ တိတ်ဆိတ်နေသည်။ ဝမ်းနည်းနေကြသည်။ ချိုးချိုးချွတ်ချွတ် အသံကြားတိုင်း မုန့်ကြော်ရာက ခေါင်းထောင်ကြည့်ကြသည်။ နွားတဲထဲက ထိပ်ပြာနှင့် ထိပ်ကြား ဘူးဘူးဘဲဘဲ နှာမှုတ်သံ ကြားတိုင်း ဘေးဘီဝဲယာ ရှာကြည့်မိသည်။ သည်ကြားထဲ ခွေးတွေက အူလို့၊ ငှက်ဆိုးတို့ ထိုးလို့။ တဖြည်းဖြည်းနှင့် လရောင် မြင့်တက်လာသည်နှင့် အမျှ မုန့်ကြော်ကြသည့် တဲတိုင်းဆီက ကျိတ်ငိုသံတို့ ဟန်မဆောင်နိုင်ကြတော့။

အမေရေ.. အမေရောက်နေတာ ကျုပ်တို့ သိပါတယ်၊ ကောင်းတဲ့ အနံ့အသက်ပဲ ပေးပါအမေရဲ့၊ အမေက သနပ်ခါးတောင်မှ တောင်းရိုးကျောက်ကြားက အမြစ်လေးမှမွှေးတာဆို အမေရဲ့။ အဘရေ.. အဘ တောတက်တိုင်း အဖော်လိုက်ပေးတဲ့ ရန်လုံကြီးကို မစပါမနောက်ပါနဲ့ အဘရေ..၊ သူ့ခဗျာ အူရ ဟောင်ရတာ ရင်ကွဲတော့မယ်၊ အဘရှိနေတာ သိပါရဲ့ အဘရေ..။ မောင်ကြီးရေ..၊ ထိပ်ပြာနဲ့ ထိပ်ကြားက ငါ့သားတွေကွဆိုပြီး နွားစာကျွေးတိုင်း ထိပ်ပွတ် ကျောသပ်နဲ့ တတွတ်တွတ်ပြောနေတာ မှတ်မိပါရဲ့။ အခု သူ့သခင် သူ့အဖေကို မြင်လို့ ထိပ်ပွတ်မလား ကျောသပ်မလား နှာတဖူးဖူးမှုတ်ရင်း ဂဏှာမငြိမ်ဖြစ်နေကြပေါ့၊ မောင်ကြီးရေ.. ကျုပ်တို့ လွမ်းတယ်တော့၊ စသော တမ်းတ ဟစ်ငိုသံတွေ ဟိုတဲ သည်တဲ ဟိုအိမ် သည်အိမ်က ပေါ်ထွက်လာတော့ ငိုချင်ရက် လက်တို့ ဖြစ်နေသော တစ်ရွာလုံးက ထိုညတစ်ညလုံး ကြိမ်မီးအုံးကြသည်။

 

အုန်းဆီတစ်မှုတ်၊ ဘီးကျိုးတစ်ချောင်း
——————————————-

တပေါင်းလပြည့် အဖိတ်နေ့ မနက်လင်း ကတည်းက ဘုရားပွဲအတွက် ပြင်ဆင်ကြရာတွင် လူငယ်များက ဘုရားကုန်းသွားက ခြုံရှင်း မြက်ပေါက် ကြသည်။ မိန်းမတွေက အိမ်မှာ မုန့်ညက်ထောင်းကြ၊ မုန့်ကြော်ကြသည်။ ဦးကြီး ဘကြီးတွေက ဆွမ်းကြီးလောင်း ရေစက်ချဖို့ စီမံကြသည်။

ဘုရားပွဲအတွက် ပြင်ဆင်နေကြသော်လည်း လူကြီးတွေမျက်နှာ မကောင်းကြတော့ ကလေးတွေကလည်း ခုန်ပေါက် မြူးတူး မဆော့ရှာကြ။ လူကြီးတွေ အရိပ်အကဲကြည့်ကာ ငြိမ်သက်နေကြသည်။ သည်လိုနှင့် နေဝင်လုနီး အချိန်ရောက်တော့ အမေကြီး ဒေါ်ကြီးတွေက ခွက်ဟောင်းလေးထဲ အုန်းဆီတစ်မှုတ်ထည့် ဘီးကျိုးလေး တစ်ချောင်းယူ ခေါင်းပေါ် တဘက်ဟောင်းလေး တင်ပြီး ရွာ့အနောက် နွားများရင် ဘုရားအနီးက သုသာန်သို့ သွားကြသည်။ သုသာန်ရောက်တော့ အုန်းဆီခွက်လေးနှင့် ဘီးကျိုးလေးပြကာ ဘယ်သူရေ ဘယ်ဝါရေ..၊ နက်ဖြန် တပေါင်းလပြည့်နေ့ တောင်ဘုရားမှာ ဆွမ်းလောင်းကြမှာမို့ ဒီညကတည်းက အိမ်ကို လိုက်ခဲ့ပြီး မနက်ကျ အတူဆွမ်းလောင်းကြမှာတော့။ ဆွမ်းလောင်းဖို့ ဖီးလိမ်းပြင်ဆင်ပြီး လိုက်ခဲ့ကြတော့ ဟု ဟစ်ကာ သေလွန်သူကို ခေါ်ခဲ့ကြသည်။ သေလွန်သူမှာလည်း မနှစ် တပေါင်းလပြည့်မှသည် ဒီနှစ် တပေါင်းလဆန်း၁၄ရက်အတွင်း မိမိအိမ်က သေလွန်သူ ဖြစ်ရမှာတဲ့။

ထိုသို့ ခေါ်ခဲ့ကြသောကြောင့် ထို အဖိတ်နေ့ညတွင် ရွာထဲမှာ သူတို့တတွေ ကိုယ့် ဆိုင်ရာ အိမ်အနီး ရှိနေကြသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့ရှိနေကြောင်း သိစေကြသတဲ့။ အိမ်ရှိသူတွေကလည်း သတိရ လွမ်းဆွတ် တသကြသတဲ့။ တစ်နှစ်အတွင်း ဆုံးပါးသွားသူမို့ မမေ့ကြသေးတော့ မျက်ရည် ဖြိုင်ကြရသတဲ့။ ထိုအခါ သဖန်းရွာ၏ တပေါင်းလပြည့် အဖိတ်နေ့ညသည် တိတ်ဆိတ်ငြိမ်သက်ကာ ဝမ်းနည်း ပူဆွေးကြသည့် လသာသောည ဖြစ်ခဲ့သည်။ ထိုမျှမက မမြင်အပ်သည့် ပုဂ္ဂိုလ်အစုစုတို့ ရွာထဲ အိမ်နား ရောက်နေကြပြီဟူသော အစွဲနှင့် ချောက်ချားကြ ထိပ်လန့်ကြ တမ်းတ ငိုကြွေးကြသည်။

 

 

ပတ်မက ဗေ့ ဗေထီ၊ နှဲကြီးက အီအီချွဲ
—————————————

သည်လိုနှင့် မိုအလင်း တပေါင်းလပြည့် မနက်ခင်းတွင် ရွာရှိ ဘုန်းကြီးကျောင်း ၃ကျောင်းက ဆရာတော်များက သင်္ကန်းကိုယ်စီရုံ ယပ်ထမ်းကာ ရှေ့က ဦးဆောင်ပြီး နောက်ပါးက လူကြီးသူမများနှင့် ဆွမ်းလောင်းမည့် အိမ်ရှင်မများက ဆွမ်းနှင့် မုန့်အကြော်မျိုးစုံကို လင်ပန်းတွင် ထည့် ခေါင်းတွင်ရွက်ပြီး မနေ့ညကတည်းက ခေါ်ထားသည့် ဆိုင်ရာပုဂ္ဂိုလ်ကို တစ်ပါတည်းခေါ်ကာ ရွာတောင်တံခါးမှသည် ဟို ကုန်းအထက်က တောင်ဘုရားဟု အများခေါ်ကြသည့် ဘွဲ့မည် ထီးစွင့်ရှင်ဘင် ရွှေမုဋ္ဌောစေတီ ခြေတော်ရင်းဆီ ဦးတည်ကြတော့သည်။

ဆွမ်းလောင်းမည့် လူတန်း၏ နောက်တွင် ရွာတီးဝိုင်းအဖွဲ့က မောင်းကြီးတဒူဒူ ထု၊ နှဲကြီး အီအီချွဲ လင်ကွင်းက တရှမ်းရှမ်းနှင့် ပတ်မကြီး၏ ဗေ့ ဗေထိ ဟူသော အဆို့အပိတ်က ကြားရသူတိုင်း ရင်နင့်စေ၏။ လေးတွဲ့တွဲ့ တီးလုံးသံနှင့်အတူ တရွေ့ရွေ့သွားနေသော လူတန်းက ရွာ့တောင်တံခါးက ချောင်းရိုးထဲဆင်းပြီး ကုန်းမော့မော့ကို ဖြည်းဖြည်းချင်းတက်သွားသည့်နောက် ဖုန်လုံးက ဝေ့ကာလိုက်၏။

ချိုးကွေ့သော ကုန်းရိုးမှသည် ဘုံယာကြီး၏ ထယ်ရေးကြောင်းတွေကြား သဲနှင့်ကျောက်စရစ်ရော လမ်းလေးပေါ်မှာ ရှေ့က ယပ်ထမ်းကာ သင်္ကန်းရုံ၍ ကြွသွားသော သံဃာတော်များ နောက်က ဆွမ်းဗျပ်ရွက် လူတန်း၏ အရွေ့အလျှားမှာ မောင်းသံတဒူဒူ ပတ်မတထီထီ ၏ လေးတွဲ့တွဲ့တေးသွားအတိုင်း လိုက်ဖက်ညီနေသည်။ ကျီးအုပ်က တအားအား ပြိုပေါ့။ တပေါင်းနေက မြင့်တက်ပေါ့။ ဘုံယာကြီးကွင်း တစ်ဘက် ကုန်းမို့ထက်မှာ ဖောင်းရစ်အထက် ပြိုပျက် အင်္ဂတေကွာ အုတ်ဟောင်း ညိုအက်ရာများနှင့် စေတီအိုက ထက်ပိုင်းပြတ် တရုတ်စကားပင်အို၏ အသစ်ထွက် ကိုင်းသစ်ရွက်နုစိမ်းမှာ ဣန္ဒြေကြီးနေဆဲဖြစ်သည်။

ကျီးအုပ်က ထပ်ပြိုပြန်ပေါ့။ ဟို.. အနောက်ယွန်းယွန်း လှည်းလမ်းအတိုင်း ခပ်သဲ့သဲ့ တီးလုံးသံနှင့် လူတန်းတစ်တန်းကိုလည်း ဖုံလုံးနှင့်အတူ တလိမ့်လိမ့်နှင့် ဘုရားကုန်းဆီ တက်လာတာ မြင်နေရပြီ။ သူတို့က ထန်းတော၊ ပေါက်ဆိန်ပေါက်၊ မန်းကျည်းအုပ်ရွာဘက်က လာကြတာတဲ့။ ဟော မြောက်ယွန်းယွန်းဆီကလည်း မောင်းသံ တဟီဟီနှင့် လူတန်း တစ်တန်းလည်း .. ရွာ့ အနောက်ဖျားမှာ လှမ်းမြင်နေရပေါ့။ သည်လူတန်းက သပြေပင် အင်းတဲဘက်ကတဲ့။ တကယ်တော့ ရွှေမုဋ္ဌော ဘုရားဆွမ်းက သဖန်းတိုက်နယ် တစ်နယ်လုံးနှင့် ဆိုင်သောကြောင့် ဆိုင်သမျှရွာတွေ နီးရာစုပြီး လာကြသည်။

 

ရေစက်ချလို့ ပြီးပါပြီ
———————–

သည်လိုနှင့် နေ ထန်းတစ်ဖျားမရောက်မီ ဘုရားကုန်းပေါ် လူစုံပြီ။ သံဃာတော်များက ပြိုပျက်နေသည့် ခါးလယ်မျှမြင့်သော တံတိုင်းဘေး မြေညှိပြင်ဆင် ဖျာကြမ်းပေါ် စောင်ခင်းထားသည့် နေရာ သီတင်းသုံးပြီး ပရိသတ်က ဆွမ်းအုပ် ဆွမ်းဗျပ်များရှေ့ချ နေရာယူကာ ဆွမ်းကပ် သီလယူ ရေစက်ချ အမျှအတမ်းဝေ ကြေးစည်သံ တဝေဝေမှာ ကျီးအုပ်ကလည်း သောသောပြိုလို့။

ဘုရား၏ သစ်ပုတ်ပလ္လင်ပေါ် ဆွမ်းတော်တင် ကြည်ညိုပူဇော်လည်းပြီး အမျှအတမ်းလည်းဝေ ရောက်လေရာက သာဓု သာဓု သာဓု ခေါ်ဆိုပြီးလေတော့ ရွှေမုဋ္ဌော ဂေါစရဂံ အတွင်းရှိသော မနှစ်က တိမ်းပါးသည့် ရွာသူရွာသားတို့ လွတ်ကြကျွတ်ကြပြီပေါ့၊ ကောင်းရာ မွန်ရာ ရောက်ကြပြီးပေါ့။ ရွှေမုဋ္ဌော ဂေါစရဂံအတွင်း သက်ဆိုင်သူသည် ရွာနေပြည်ထိုင်မှ မဟုတ်။ သည်နယ်သည်ရွာမှာမွေးပြီး တစ်နယ်တစ်ကျေးမှာ အခြေချနေထိုင်သူများပါ ပတ်သက်စေခဲ့သတဲ့။

ဘုရားကုန်းပေါ်က ဗျပ်အလွတ် ဗန်းအလွက်လေးတွေ ရွက်ကာ ဆင်းလာသူတွေတိုင်း အလာတုန်းကလို မဟုတ်တော့။ တစ်စုံတရာ တာဝန်ကျေသွားလု့ိ ပေါ့ပါးသွက်လက်နေသည့် ခြေလှမ်းများနှင့် ဖြစ်သည်။ ရွာတီးဝိုင်းကလည်း ဗြိရှမ်း ဗြိရှမ်း ဒူဟူဟူကို ခပ်သွက်သွက်တီးကာ ချောင်းရိုးထဲ ဆင်းလာပြီ။ ဘုရားကုန်းပေါ်မှာတော့ ကျီးအုပ်က ပြိုဆဲ။ သည်လိုနှင့် တောင်ဘုရားဆွမ်းပွဲ တစ်နှစ်ပြီးပြန် သတဲ့။

ကိုမောင်ဝင်းက သူကြုံခဲ့ရသမျှ တောင်ဘုရားဆွမ်းပွဲ အကြောင်းပြောပြနေတာကို ကျွန်တော်က စိတ်ကူးထဲ ပုံဖော်ကြည့်နေမိခြင်း ဖြစ်သည်။ သြော်.. ထီးစွင့်ရှင်ဘင် ရွှေမုဋ္ဌော စေတီတဲ့လေ။

 

ရွှေမုဋ္ဌော ကုန်းတော်ဆီသို့
———————————-

ကိုမောင်ဝင်း ပြောပြသည့် တောင်ဘုရားဆွမ်းပွဲအကြောင်း နားထောင်အပြီး ကျွန်တော်က မနက်လင်းချင် လှပါပြီ။ ရှေ့နှစ်အဆက်ဆက် အမေတို့ အဘတို့နှင့် ရွာသို့ အလည်အပတ်ရောက်တိုင်း တောင်ချောင်းထဲက ရေတွင်းတွေဆီ ရေချိုးသွားတော့ ဦးလေးဘသန်း တို့ အိမ်အလွန် ရွာတံခါးမရောက်မီမှာပင် ဟို တောင်ကုန်းပေါ်က ဘုရားငုတ်တို တစ်ဆူကို ဖူးတွေ့ရမြဲဖြစ်သော်လည်း ဘွဲ့ကိုပင် မမေးမိ။ တောင်ဘုရားဟုပဲ ပြောကြသည်။

သည်လိုပါပဲ ဘုတလင်က ရွာဘက်လှည်းစီးလာကြတော့လည်း တစ်ဝက်မန်ကျည်းပင်မှာ နွားတွေ ပန်းလို့ ခဏတဖြုတ်နားပြီး ရှေ့ခရီးအဆက် ဟို အရှေ့ ကုန်းမို့မို့မှာ ထုံးဖွေးဖွေးနှင့် စေတီတစ်ဆူကို လှမ်းဖူးမြင်မိသည်နှင့် ရွာကို ရောက်တော့မည်ဟု ပြောကြ၏။ ထိုဘုရားက ရွှေတောင်ဦး စေတီဖြစ်သည်။ ထိုစေတီကို မန္တလေးမြိုကနေ သဖန်းနွယ်ဖြစ်သော ဦးကျော် ဒေါ်လှသန်းနှင့် သားသမီးများက ပြုပြင် ထီးတင်ခဲ့သည်။ ရွာကို အဝင် သင်္ချိုင်းကုန်းနား ရောက်တော့ ခပ်လှမ်းလှမ်းက ခြုံတွေကြား ကုလားကျောင်းခံ စေတီဟောင်းတစ်ဆူကတော့ နွားများရင်တဲ့။

ရွာ၏ သင်္ချိင်းအတွင်းမှာ ခပ်အုပ်အုပ်ခြုံများနှင့် သစ်ပင်ကြီးတွေကြားတွင် အတော်အတန်မြင့်သည့် ဂူကြီးတစ်လုံးကိုလည်း ထီးတည်း တွေ့နေရ၏။ ဂူပုံစံက ထူးခြားသည်။ အောက်ခြေမှာ ဖောင်းရစ်တွေခံကာ လူ၃ယောက်ဖက်စာ ထုလုံးပုံ ၉ပေလောက် မြင့်လိမ့်မည်။ ထိုထုလုံးပေါ်မှာ ကြာပွင့် ပုံ အထွဋ် တင်ထား၏။ ထိုဂူက သဖန်းမြောက်ကျောင်းကြီး ကျောင်းထိုင် သက်တော်ရှည် ဆရာတော် ဦးခန္တီ၏ ရဟန်းဒကာ ဦးစံဝိန်၏ ဂူတဲ့။ ထိုအနားတွင်ပင် အရွယ်အစားသေးသည့် အခြားဂူ ၄လုံးလည်း တန်းလျက်ရှိရာ ဦးစံဝိန်၏ မိသားစုများဂူဟု ဆိုသည်။

ရွာသို့ နေဝင်ရီတရောမှ ဖြစ်စေ၊ မနက် အရုဏ်တက်စ ဖြစ်စေ ဝင်လျှင်သော် လည်းကောင်း၊ ထွက်လျှင် သော်လည်းကောင်း သင်္ချိုင်းအနီးရောက်သည်နှင့် ယိုင်နေသော ထိုဂူကြီး၏ မည်းမည်းသဏ္ဍာန်ကို မြင်လိုက်သည်နှင့် ကျွန်တော်ကတော့ အမေ့ရင်ခွင်ကြား တိုးဝင်တော့သည်။ ရွာထဲရောက်တော့ တောင်ရပ်အစွန်း ရွာတံခါးနားက ထုံးဖွေးဖွေးနှင့် ဘုရားကတော့ ချမ်းသာကြီး တဲ့။

သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် ချမ်းသာကြီးဘုရားပွဲ ရောက်တိုင်း ယိမ်း က ရသည်ကိုတော့ အမေက မကြာခဏ ပြောပြဖူးသည်။ ရွာတွင် ကျောင်းသုံးကျောင်းရှိရာ အလယ်ကျောင်းဟု ခေါ်သော ကျောင်းမ အဝင်က ဘုရားက ရွှေမုဋ္ဌောက် ဟု ဘွဲ့မည်သည်။ ရွာမြောက်ဘက် မြောက်ကျောင်းကြီး သွားသည့် လမ်းက ဘုရားက ဆုတောင်းပြည့် ဘုရားဟု ဘွဲ့မည်တွင်သည်။

 

သဖန်းရွာ စာရေးကြီး စည်သူရန္တမိတ်ကုသိုလ်
————————————————-

ကျောင်းမ၏ အရှေ့ဘက် ကပ်လျက်မှာ သဖန်းရွာ စာရေးကြီး စည်သူရန္တမိတ် တည်သည့် မာန်အောင်သရဖူ ဘွဲ့မည် တွင်သည့် စေတီကြီးတစ်ဆူလည်းရှိသည်။ ရွာ့ပတ်ဝန်းကျင်ရှိ စေတီများအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်သည်။ နှစ်ပေါင်းများစွာ ကတည်းက ပြိုပျက်နေခဲ့ရာ လွန်ခဲ့သော နှစ်၄၀ ဝန်းကျင်က မန္တလေး လှဂုဏ်ရည် ဓာတ်ပုံတိုက် ဦးလှတင် ဒေါ်ဒေါ်လုံး မိသားစုက အကြီးစားပြင်ဆင်၍ ထီးတော်တင်လှူ ပူဇော်ခဲ့သည်။ ထိုစေတီတော်၏ အရှေ့ဘက်တွင် မိုးတွင်း၌ ရေပြည့်နေတတ်သော ကန်မအမည်ရှိ ရေကန်ရှိသည်။

ထိုရေကန်၏ အရှေ့တောင် ကမ်းဘေးတွင် ထူးခြားသော ရှေးဟောင်းစေတီ တစ်ဆူလည်း ရှိပါသေးသည်။ ဆင်ရံဘုရားဟု ဘွဲ့မည်တွင်သည်။ အောက်ခြေပတ်လည်က ဆင်ရုပ်များပေါ်တွင် စေတီတည်ထားသည်။ စေတီက တံတိုင်းနှင့် မုခ်နှင့် သပ္ပာယ်သည်။

ထိုစေတီမှာလည်း ပြိုပျက်နေခဲ့ရာ ၁၉၉၀ ဝန်းကျင်တွင် မန္တလေးရောက် သဖန်းနွယ်ဖြစ်သော ဦးဘရီ ဒေါ်လှသိန်း မိသားစုက ပြင်ဆင် ထီးတင်ခဲ့ပါ၏။ ရွာ၏ အရှေ့တောင်ရိုးအစွန် ဘုတလင် အရာတော် ရှေးဟောင်း လှည်းလမ်းဘေး ကုန်းပေါ်တွင်ရှိသည့် စေတီက ရွှေမြင်တင်စေတီ ဖြစ်သည်။ ထို ဖော်ပြပါစေတီများကား အများသူငှာ သိရှိ ပြုပြင်ထားကြ၍ တင့်တယ် သပ္ပာယ် လျက်ရှိပါ၏။

ရွာ၏ တောင်ဘက် ခပ်လှမ်းလှမ်းက အတော်အတန်မြင့်သည့် ကုန်းမို့မို့ပေါ်တွင် တည်ထားသော ဘုရားကတော့ ရွာက လှမ်း၍ ဖူးမြော်လျှင် ထင်သာ မြင်သာရှိသော်လည်း ပြုပြင်မှု မရှိခဲ့။ ထို့ကြောင့် ထီးတော်သာမက ငှက်ပျောဖူးမှ အောက် ဖောင်းရစ် အခြေထိ ပြိုပျက်နေသည်။ အောက်က ပစ္စယံတွေမှာလည်း ပြိုကာ ခြုံတွေဖုံးနေသည်။ ယခင်က ရှိခဲ့ဖူးသော ခါးလယ်လောက် မြင့်သည့် တံတိုင်းမှာလည်း အချို့နေရာများတွင် အရာမျှသာ ကျန်တော့သည်။

စေတီ၏ အနောက်ဘက် တံတိုင်းပျက် အပြင်က ကပ်ပေါက်နေသော တရုတ်စကားပင်အိုက လူတစ်ရပ် သာသာ လောက်က ထက်ပိုင်းကျိုးပြတ်ကာ ဘေးက ထွက်လာသည့် အကိုင်းသစ်သည်ပင် ပွင့်ရွက်တို့ဝေစည်ကာ စေတီအိုနှင့် ပနံရနေတော့သည်။

မနေ့ညက ကိုမောင်ဝင်း ပြောပြသည့် တောင်ဘုရားဆွမ်း အကြောင်းကြားပြီး ကျွန်တော်က မနက်လင်းတာနှင့် တောင်ဘုရားသို့ သွားကြည့်ချင်လို့ ကိုမောင်ဝင်းက လိုက်ပို့ခြင်းဖြစ်သည်။ စေတီအိုသည် အနီးဝန်းကျင် ဘာသစ်ပင်မှ မရှိသော ယာခင်းကွင်းပြင်အလယ် ကုန်းကမူတွင် တရုတ်စကားပင်အိုနှင့် လွမ်းရိပ်သန်းသော ပန်းချီကား တစ်ချပ်ကဲ့သို့ အထီးကျန်နေသည်။ နေကပူလာသည်။ အရိပ်က မရှိ။ ထို့ကြောင့် ကိုမောင်ဝင်းက ပြန်ကြရအောင်၊ ပြန်ရင်း ကျောင်းမ ဝင်ကြရအောင်တဲ့။

 

သဖန်းရွာ ကျောင်းမ က ဘုရားစာတိုက်ထဲမှာ
—————————————————-

ကျောင်းမ ဆိုသည်မှာ ရွာတွင် ဘုန်းကြီးကျောင်းကြီး ၃ကျောင်းရှိရာ တောင်ကျောင်း မြောက်ကျောင်း နှင့် ကျောင်းမဟု ခေါ်ကြပြီး ကျောင်းမက မြောက်ကျောင်းနှင့် တောင်ကျောင်းကြားတွင်ရှိသောကြောင့် အလယ်ကျောင်း ဟုလည်း ခေါ်ကြသည်။ ကျောကူ်မ၏ ကျောင်းထိုင်ဆရာတော်က ဦးဣန္ဒ္ဒက ဘွဲ့မည်သည်။

ဆရာတော်က သဖန်းရွာ ဇာတိဖြစ်ပြီး ငယ်ပြုရဟန်းဖြစ်ကာ ယခင်ကျောင်းမဆရာတော် ဦးသြဘာ၏ တပည့်လည်း ဖြစ်သည်။ (သက်တော် ၈၀ကျော် ယခုတိုင် ကျန်းမာစွာဖြင့် ကျောင်းထိုင်နေဆဲ ဖြစ်သည်)။ ဘွဲတော်က ဦးဣန္ဒက ဖြစ်သော်လည်း လူအမည်နှင့်တွဲ၍ ဦးဇင်းမှိုင်းဟုပဲ ခေါ်ကြသည်။ ကျောင်းမဆရာတော် ဦးဇင်းမှိုင်းက ကိုမောင်ဝင်း၏ ဆရာရင်းလည်း ဖြစ်သည်။

ထို့ကြောင့် ကျောင်းရောက်သည်နှင့် ဦးဇင်းမှိုင်းကို ဝတ်ဖြည့်ကာ ကပ္ပိယ ကိုစံလင်းချလာသည့် လက်ဖက်ရည် ပွဲထဲက လက်ဖက်ကို တစ်ဇွန်းကော်စားပြီး စောစောစီးစီး ညီအစ်ကို နှစ်ယောက် ချွေးတွေနဲ့ပါလားကွ၊ ဘယ်က ပြန်ခဲ့ကြတာလဲ ဟူသော ဦးဇင်းမှိုင်း၏ အမေးကို ကိုမောင်ဝင်းက ညီတော်မောင် သွားချင်တယ်ဆိုလို့ တောင်ဘုရားက ပြန်လာတာဘုရာ့။ မနေ့ညကတည်းက တောင်ဘုရားဆွမ်းအကြောင်း ပြောပြဖြစ်တော့ စိတ်ဝင်စားတယ် ဆိုလို့ သွားကြတာပါဘုရား ဟု ပြန်လျှောက်သည်။

ဦးဇင်းမှိုင်းက နဖူးထိပ်ကို လက်ဖြင့် ပွတ်ကာ “တောင်ဘုရားအကြောင်း မင်းအဖေ ဦးပေါလူက ပြောမပြဘူးလား မောင်ကျော်ဆန်းရ” ဟု မေးသည်။ “တင်ပါ့ ပြောပြဖူးတယ်ဘုရား၊ အမေကလည်း ပြောပြဖူးပါတယ်။ အဘတို့ အမေတို့ ပြောပြတော့ တပည့်တော်က ငယ်တုန်းမို့ မေ့မေ့ပျောက်ပျောက် ဘုရား၊ အခု ကိုမောင်ဝင်းက လုံးစေ့ပတ်စေ့ ပြောပြမှ ပြည့်ပြည့်စုံစုံသိရပြီး စိတ်ဝင်စားတာပါဘုရား။ ဒီဘုရားမှာ ထူးခြားတဲ့ သမိုင်းတော့ ရှိလောက်တယ် ဘုရား” ဟုပြန်လျှောက်သည်။

ထိုအခါ ဦးဇင်းမှိုင်းက “အေး.. မင်းက စိတ်ဝင်စားတယ် ဆိုတော့ နေဦးကွ၊ ဒို့ဆရာ ဦးသြဘာရှိတုန်းက ဒို့ကို ဖတ်ပြဖူးတဲ့ စာတွေရှိတယ်။ ငါရှာကြည့်လိုက်ဦးမယ် ဆိုကာ ဘုရားခန်းဖက်ကြွသည်။ ဘုရားခန်းသည် အလင်းရောင် နည်းသော်လည်း ဘုရားဆင်းတုအဆူဆူ၏ ရွှေသင်္ကန်းအရောင်က အမှောင်ထဲမှာပင် လက်နေသည်။ အမျိုးမျိုးသော ပလ္လင်နှင့် တံကဲ စာတိုက်များတွင် ပုံစံစုံ ဆင်းတုတော်များ ကိန်းဝပ်နေသည်။ ဦးဇင်းမှိုင်းက “ မောင်ဝင်း ခဏလာဦးကွ” ဟုခေါ်ကာ စာတိုက်ဟောင်းတစ်လုံးထဲက ပစ္စည်းတွေ ထုတ်သည်။

ကိုမောင်ဝင်းက “တပည့်တော် ထုတ်လိုက်မယ် ဘုရား” ဟု လျှောက်ပြီး ပစ္စည်းတွေ တစ်ခုချင်းထုတ်သည်။ အလင်းရောင်တွင် ဖုံတို့ ပျံတက်လာ၏။ ကြေးဖလားဟောင်း၊ ကြွေပန်းအိုးဟောင်း၊ ပန်းအိုးဟောင်း၊ ရေတော်ခွက် အဟောင်းများ ထုတ်အပြီး စာတိုက်အောက်ခြေက သင်္ကန်းဟောင်းဖြင့် ရစ်ပတ် ထုတ်ပိုးထားသော တစ်တောင်ခန့် အရှည်ရှိ အထုတ်ကို ယူစေကာ “အေး..မောင်ဝင်းရေ၊ အဲ့ဒီ အထုပ်ကို ဖုန်ခါပြီး ဖြည်လိုက်ကွ၊ သတိထားကိုင်ဦး၊ အတော် ဟောင်းနေပြီကွ” တဲ့။

 

ရှေးက စာရေးတော်ကြီးအဆင့် အုပ်ချုပ်ခွင့် ရသည့်ရွာ
———————————————————–

ကိုမောင်ဝင်းက ကျောင်းအပေါက် အုတ်လှေကား အတက်နေရာမှာ ကြက်မွှေးဖြင့် ဖုံခါပြီး အထုပ်ကို ဖြည်၍ ယူလာ၏။ သင်္ကန်းဟောင်းနှင့် ရစ်ပတ်ထားသော အထုပ်ထဲမှာက ဟောင်းနွမ်းနေသော ပေချပ်များဖြစ်သည်။ ကိုမောင်ဝင်းက ကျက်သရေခန်းရှေ့ စာပွဲပေါ်က ချည်လက်သုတ်ပုဝါဟောင်းတစ်ထည်ကို ယူလာပြီး အပေါ်ဆုံး ပေချပ်မှ စကာ သေချာသုတ်ပြီး တစ်ချပ်ချင်း ကျွန်တော့်ကို ပြသည်။ ကျွန်တော်က ရသလောက် ဖတ်ကြည့်သည်။

ပေစာက ကောဇာသက္ကရာဇ် ၁၁၅၂ခုနှစ် တပေါင်းလပြည့်ကျော်မှာ ရေးမှတ်သော ပေချပ်နှင့် သက္ကရာဇ် ၁၁၆၉ခုနှစ်မှာ ရေးမှတ်သော ပေချပ်များ ဖြစ်သည်။ ပေချပ်များ သက်တမ်းကိုက (ထိုစဉ် ၁၉၇၃ ဝန်းကျင်) နှစ် ၁၄၀ နီးပါးရှိချေပြီ။ ထိုပေချပ်ပါ စာများကြောင့် အဘတို့အမေတို့ ဇာတိ မထင်မရှား ရွာလေးက တကယ့် ရှေးဟောင်းရွာဆိုတာ အံ့သြစွာ သိလိုက်ရသည်။

ပုဂံခေတ်ကတည်းက ရွာကြီးတစ်ရွာ၊ အင်းဝခေတ် အမရပူရခေတ်တွေမှာလည်း ထင်ရှားခဲ့သည့်ရွာ။ သက္ကရာဇ် ၁၁၅၀ခုနှစ်မှာ ဒီရွာသားက စည်သူရန္တမိတ်ဘွဲ့နှင့် အိမ်ရှေ့စာရေးတော်ကြီး အဖြစ် ချီးမြှောက်ခြင်းခံရသည့် ရွာ..။ ရွာ တောင်ဘက် ကုန်းမြင့်တွင် သီရိဓမ္မာသောကမင်း ကောင်းမှုဟု မှတ်သားခဲ့ကြပြီး ပုဂံခေတ်ကတည်းက ပြုပြင်ခဲ့ကြသော အမှတ်အသားနှင့် အတူ အမရပူရ ခေတ်မှာလည်း ထပ်မံပြုပြင်ပြီး ဘုရားပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည့် ထီးစွင့်ရှင်ပင် ရွှေမုဋ္ဌောစေတီဟုလည်း ပေစာအရ သိရပြန်သည်။

ဟံသာဝတီမင်းကြီး လက်ထက်မှသည် တနင်္ဂနွေမင်းကြီး လက်ထက်အထိ မင်းနန္ဒဘယ၊ မင်းနန္ဒသူရ၊ မင်းကြီး သက်တော်ရှည် ၃မည်ရ ဝန်ရှင်တော်မင်းကြီး အပိုင်စားရသည့် ရွာ..ဟု ခမ်းနားခဲ့သော သဖန်းရွာ အကြောင်းကို အံ့အားတသင့် သိခွင့် ရခဲ့ပါသည်။ ပေစာများအရ သိရသည်ကလည်း ရွှေမုဋ္ဌောဘုရားပွဲ ကျင်းပခဲ့ကြသည်က ပို၍ စိတ်ဝင်စားစရာ ကောင်းလှသည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW