ဖေဖော်ဝါရီ ၂၆ – ၂၀၂၆
SS (VOM)
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က ဘုရားပေါ်တဲ့နေရာ၊ လယ်ကန်သင်းထဲကရေကို ရေစင်တော်အဖြစ် သုံးစွဲနေကြတာနဲ့ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်လျက်ရှိပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်က လယ်ကန်သင်း ပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီဘုရား တွေ့ရှိရာနေရာ လယ်ကွက်အတွင်းက ရေတွေကို ၉၆ ပါးရောဂါ ပျောက်ကင်းစေတဲ့ ရေစင်တော်အဖြစ် ယုံကြည်မှုနဲ့ ရေသန့်ဘူးတွေနဲ့ အလုအယက် ခပ်ယူပြီး သောက်သုံးကြ၊ လိမ်းကြတဲ့အပြင် ဆေးဝါးအဖြစ် သုံးစွဲကြတဲ့သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
“ရွာက ဘုန်းကြီးကိုယ်တိုင်က မိန့်ထားတာပါ။ အဲဒီရေတွေက ၉၆ ပါးရောဂါ ပျောက်တယ်၊ အန္တရာယ်ကင်းတယ်ပေါ့။ လက်ရှိကတော့ နေ့တိုင်းလို လူတွေ စုပြုံလာပြီး ရေခပ်နေကြတယ်။ သောက်တဲ့သူတွေက သောက်၊ တချို့ကတော့ အနာထဲ ဆေးထည့်သလို ထည့်ကြတယ်။ မျက်စိဝေဒနာ ရှိတဲ့သူတွေကလည်း မျက်စဉ်းခတ်ကြတယ်။ အခုထိတော့ ဘေးဥပါဒ်ဖြစ်တယ်ဆိုတဲ့အသံ မကြားသေးပါဘူး။ ဒီက နယ်ခံအများစုကတော့ ယုံကြည်မှုနဲ့ ဆက်လုပ်နေကြတာပါပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ရုပ်/သံဖိုင်တွေမှာတော့ ဘုရားဆင်းတုတော် ပေါ်တဲ့နေရာကို ရာဇမတ်ကာထားသလို “အမျိုးသမီး မဝင်ရ” ဆိုတဲ့ စာကိုလည်း ကပ်ထားတာ တွေ့ရပါတယ်။
ဆင်းတုတော်ကိုတော့ “ပေါ်တော်မူဘုရား” လို့ ခေါ်ဆိုပြီး ယာယီစံကျောင်းတော် ဆောက်လုပ် ပူဇော်ထားကာ အတိတ်နိမိတ် ကောင်းတယ် ဆိုတဲ့ ယူဆချက်ကြောင့် ဒီအနီးအနား ကျေးရွာတွေက ဒေသခံများစွာလည်း လာရောက် ဖူးမြှော်နေကြပြီး အမျိုးသမီးတွေကတော့ အဝေးကသာ ဖူးမြှော်ခွင့်ရရှိတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆရာတော်တပါးက “လယ်ကန်သင်းရိုးက ဘုရားပေါ်တယ်ဆိုတာကတော့ အထူးအဆန်းမှ မဟုတ်တာ။ ဟိုးရှေးတုန်းကနေ ခုချိန်ထိ လူတွေနေထိုင်လာတဲ့ သက်တမ်းတလျှောက်မှာ မြေအောက်မှာရောက်သွားတဲ့ အရာတွေက အများကြီးပဲလေ။ ဘုရားဆင်းတုတော်မှ မဟုတ်ဘူး၊ အစုံတွေ့နိုင်တာပဲ။ ဒါတွေ ပြန်ပေါ်လာရုံနဲ့ကတော့ အထူးအဆန်း မဟုတ်ပါဘူး” လို့ မိန့်ကြားပါတယ်။
ဒါအပြင် ဘာသာရေး ရှုထောင့်အရ ကြည့်မယ်ဆိုပါကလည်း ဘုရားကို ကြည်ညိုတာ မဟုတ်ဘဲ အထူးအဆန်းတွေသာ ဖြစ်ချင်နေကြတာ ဖြစ်တဲ့အတွက် ဘာကုသိုလ်မှ မရနိုင်ဘဲ အယူလွဲနေတာသာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
“ဒီရေတွေကတော့ မသန့်ရင်မသန့်သလို ဘေးဖြစ်စေမှာပေါ့။ တခုရှိတာက Placebo effect ဆိုတာတော့ရှိတယ်။ ယုံကြည်မှုက လူတယောက်ရဲ့ တချို့သော စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ပျောက်ကင်းစေနိုင်တာမျိုးပေါ့။ သူကတော့ စိတ်ကုထုံးတမျိုးလိုပဲ ဆိုတော့ စိတ်က ပျောက်မယ်လို့ ယုံကြည်စိတ်လွန်ကဲတော့ စိတ်ကနေပဲ ရုပ်ပိုင်းဆိုင်ရာကို သက်ရောက်မှု ဖြစ်သွားပြီး တချို့အရာလေးတွေ သက်သာသွားတာမျိိုးတော့လည်း ရှိနိုင်မှာပေါ့” လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
ဒါကလည်း ဘုရားဆင်းထုမှ မဟုတ်ဘဲ ယေရှုကို ယုံကြည်လွန်းတဲ့သူကလည်း ယေရှုကြောင့် ရောဂါဝေဒနာ ပျောက်ကင်းမယ်လို့ ယုံကြည်ပါက ပျောက်ချင် ပျောက်သွားနိုင်တာမျိုးဖြစ်ပြီး ဒါကလည်း ဘာသာရေးနဲ့ မသက်ဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ တမျိုးသာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
“ဟိန္ဒူတို့၊ ဂျိန်းဘာသာတို့နဲ့တောင် သွားဆင်နေသေးတယ်။ အဲဲဒီ ဘာသာတွေမှာတော့ သူတို့ကိုးကွယ်တဲ့ ရုပ်ထုတွေကို ရေတို့၊ နို့တို့၊ နံ့သာတို့ စသဖြင့် လောင်းလိုက်လို့ စီးကျလာတဲ့ရေတွေကို မြင့်မြတ်တဲ့ရေလို့ ယူဆကြတာတွေရှိတယ်။ ထေရဝါဒမှာတော့ မရှိပါဘူး၊ အယူမှားတွေပါပဲ” လို့ ဆရာတော်က မိန့်ကြားပါတယ်။
ဒါနဲ့ပတ်သက်လို့ နောက်ထပ် ဆရာတော်ကြီး တပါးကလည်း ဘုရားဆင်းတုတော် တွေ့တယ်ဆိုတာ ကောင်းပေမယ့် အဲဒီ တွေ့တဲ့နေရာက ရေတွေက ၉၆ ပါးရောဂါ ပျောက်တယ်ဆိုတာကတော့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ အယူမရှိဘဲ ဗုဒ္ဓကလည်း အဲဒီလို တခါမှ မဟောခဲ့ဖူးဘူးလို့ မိန့်ကြားပါတယ်။
“မြတ်စွာဘုရား ကိုယ်တော်တိုင်တောင်မှ ဇီဝကဆေးဆရာကို ခေါ်ပြီး ဆေးကုခဲ့ရသေးတာပဲ။ ဗုဒ္ဓဘာသာမှန်ရင် ကိုယ့်ဘာသာတရားရဲ့ တကယ့်အစစ်အမှန်ကို ခွဲခွဲခြားခြား သိမြင်နိုင်စွမ်း ရှိရပါမယ်။ ပုထုဇဉ်တွေက မသိတာထားဦး၊ ဘုရားသားတော်လို့ ခံယူထားသူတွေက တရားအစစ်ကိုမပြနိုင်ဘဲ လမ်းမှားကို ပြနေတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး” လို့ ဆရာတော်ကြီးက မိန့်ကြားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေလည်း မြင့်တက်လျက်ရှိတာမှာ ဒီရေက အနာမျိုး ၉၆ ပါး ပျောက်တယ် ဆိုတဲ့ အပြောမျိုးဟာ အန္တရာယ်ရှိတဲ့ ဘာသာရေး အလွဲသုံးစားလုပ်မှု ဖြစ်သလို၊ အခြေခံသိပ္ပံနဲ့ ကျန်းမာရေး အသိတရားကိုပါ စိန်ခေါ်နေတာ ဖြစ်တယ်လို့ ပြည်သူတယောက်က ထောက်ပြ ပြောဆိုပါတယ်။
“ဘုရားဆင်းတုတော် ပေါ်ထွန်းလာတာကို အကြောင်းပြုပြီး ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တွေကို အားပေးတာဟာ သာသနာကို ကြည်ညိုရာမရောက်ဘဲ သာသနာ ညှိုးနွမ်းစေတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။ ဘုရားဆင်းတုတော် ပေါ်လာတာကို ဝမ်းမြောက်တာက အကုသိုလ်မဟုတ်ပေမယ့်၊ လယ်ကွင်းထဲရေက အနာမျိုး ၉၆ ပါး ပျောက်တယ်ဆိုတဲ့ အယူလွဲကိုတော့ ဆရာတော်တွေက ဟန့်တားပေးရမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဗုဒ္ဓဘာသာဟာ “ပညာ” ကို အရင်းခံတာဖြစ်ပြီး အကယ်၍ ဆရာတော်တွေက ဒီလို အလွဲတွေကို ဟန့်တားမပေးဘဲ ကိုယ်တိုင် ပါဝင် ပတ်သက်နေမယ်ဆိုရင်တော့ သံဃာ့နာယက အဖွဲ့အစည်းတွေကနေ တရားဝင် ထိန်းကျောင်းပေးဖို့ လိုအပ်ပြီး ဒေသခံဆရာတော်တွေနဲ့ တာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍက တကယ်ကို အရေးကြီးတယ်လို့ ဆိုပါတယ်။
“ယုံကြည်မှု” ဆိုတာ အသိတရား (ပညာ) မပါရင် “အယူသည်းမှု” ဖြစ်သွားတတ်တာကြောင့် ဒေသခံ သံဃာတော်တွေအနေနဲ့ “ဒီရေဟာ သန့်ရှင်းမှု မရှိလို့ မသောက်သုံးကြဖို့” မိန့်ကြားပေးခြင်းဟာ ဘုရားသားတော်ပီသစွာ ပြည်သူ့အသက်ကို ကယ်တင်ရာ ရောက်ပါလိမ့်မယ်လို့ သူက ပြောပါတယ်။
ဗုဒ္ဓဘာသာမှာ ဆင်းတုတော်ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုပူဇော်နိုင်ဖို့ ထုဆစ်ထားတဲ့ “ဥဒ္ဒိဿစေတီ” သာ ဖြစ်တယ်လို့ သိရပါတယ်။
ဘုရားဆင်းတုတော်ကို ကျောက်ခဲ၊ သစ်သား၊ ကြေးနီ စတဲ့ လက်ရာဒီဇိုင်းမျိုးစုံနဲ့ ခေတ်အဆက်ဆက် ထုဆစ် ပူဇော်ခဲ့ကြတာဖြစ်ပြီး သူ့အလိုလို တန်ခိုးရှိနေတာမဟုတ်ဘဲ ပူဇော်တဲ့သူရဲ့ သဒ္ဓါတရားကသာ အဓိက ဖြစ်တယ်လို့ သိရပါတယ်။
Photo – MMSK
