ကသာ ၊ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆
KBT(VOM)
ကသာမြို့ကနေ စစ်ဘေးရှောင်ရတဲ့အချိန်နှစ်လကျော်ထဲရောက်လာပြီမို့ ဘုန်းတော်ကြီးကျောင်းအချို့မှာလည်း နောက်ထပ်စစ်ဘေးရှောင်တွေကိုလက်မခံတော့ဘူးလို့ ဘုန်းတော်ကြီးကျောင်းတွေကနေ သိရပါတယ်။
” ဟုတ်ပါတယ် နောက်ထပ်လက်ခံလို့ မရသေးပါဘူး။ ဒီကျောင်းမှာလည်း စစ်ဘေးရှောင်ဦးရေသုံးရာလောက်ရှိနေပါတယ်” လို့ မိုးညှင်းမြို့ကျောင်းတိုက်ကြီးတခုက ဆရာတော်က မိန့်ပါတယ်။
ကသာမြို့ကနေ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရပြီး အိမ်လခ ဈေးနှုန်းကို လိုက်မမှီတဲ့အတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာခိုလှုံနေကြရတာပါ။
” နေရတာ ဘုန်းကြီးကျောင်းမှာပဲ၊ ဘုန်းဘုန်းကမနက်စာညစာကျွေးပါတယ်။ ပြေးရတော့ ဘယ်သွားလို့ဘယ်လာရမှန်းမသိ၊ အသိမရှိဆွေမျိုးသားချင်းမရှိ၊ အိမ်လခ မတတ်နိုင်ဘူး။ခုလိုနေထိုင်ခွင့်ရတာကိုလည်း ဒီမြို့ကဆရာတော်ကြီးတွေရဲ့မေတ္တာပါ။ ကသာကိုပြန်ချင်ပါပြီ” လို့ မိုးညှင်းမြို့မှာ စစ်ဘေးရှောင်နေရတဲ့သူက ပြောပါတယ်။
လက်ရှိကသာမြို့ထွက်နေရာတွေမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက မြို့တွင်းထဲကို ပြည်သူတွေဝင်ခွင့်မပြုတာ၊ ရှော့တိုက်ဒုံးတွေနဲ့မြို့ထဲကိုလှမ်းပစ်တာမို့ နေအိမ်မီးလောင်၊လူထိခိုက်သေဆုံးတာတွေလကြုံနေရပါတယ်။
” ကျနော်က၊ ကသာမြို့အထွက် အစပ်နားမှာနေတာ။ လက်နက်ကိုင်တွေက လာပြီး ထွက်တော့၊ထွက်တော့ဆိုပြီး ကိုယ့်အိမ်ထဲကိုယ်နေတာကိုအတင်းထွက်ခိုင်းတယ်။ သူတို့သွားခိုင်းတဲ့လမ်းကိုပဲသွားရတယ်။ အဝတ်တထည်ကိုယ်တစ်ခုနဲ့ဘယ်သွားလို့ဘယ်လာရမှန်းမသိထွက်ခဲ့ရတယ်။မှတ်ပုံတင်လည်းမပါ။ ပိုက်ဆံက အလုံ အလောက်မရှိ။ ခုက နှစ်လကျော်လာပြီ။ဘုန်းကြီးကျောင်းအပြင် ဘယ်မှသွားလို့မရမှတ်ပုံတင်မရှိ စရိတ်မရှိပါ” လို့ မော်လူးမြို့ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်သူက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းမျိုးမရှိတဲ့အတွက် ကသာမြို့အနီးက ကျေးရွာတွေရဲ့အိမ်တွေမှာ ခိုကပ်နေရတာ၊ကျေးရွာဘုန်းကြီးကျောင်းတွေမှာ နေရတာလည်းရှိပါတယ်။
ကသာမြို့ကို တိုက်ပွဲဖော်ဆောင်တဲ့နေ့တုန်းကလည်း လက်နက်ကိုင်တွေဟာ မြို့ဝင်မြို့ထွက်ကနေ စစ်ဘေးရှောင်လာသူတွေထဲက အချို့ကိုရွေးထုတ်ပြီး စစ်ဆေးခေါ်ဆောင်သွားတာတွေရှိခဲ့ပါတယ်။ ခုချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရတာတွေရှိနေပါသေးတယ်။
ကသာမြို့ဟာ လူဦးရေတသိန်းခုနှစ်သောင်းကျော်နေထိုင်တဲ့ ခရိုင်မြို့ကြီးဖြစ်လို့ကျေးရွာပေါင်း(၃၇)ရွာရဲ့ဒေသထွက်ကုန်တွေတင်ပို့ရောင်းဝယ်ဖို့ရပ်နားထားရကာ၊ ကျေးရွာသူ၊ကျေးရွာသားတွေရဲ့စီးပွားရေး၊ ကျန်းမာရေးနဲ့၊ပညာရေးအခက်အခဲလည်း စတင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။
