ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲပြီး လူသတ်ခဲ့တဲ့ တရားခံနှစ်ဦးကို သေဒဏ်ချမှတ်

မန္တလေး၊ ဖေဖော်ဝါရီ – ၂၈- ၂၀၂၆
SA(VOM)
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ဆရာဝန်တယောက်ကို တခြားဆရာဝန်တယောက်နဲ့ တပည့်ဖြစ်သူက ပြန်ပေးဆွဲ ပြီး ကျပ်သိန်း ၃၀၀၀ တောင်းပြီး လူသတ်မှုကျူးလွန်ခဲ့သူ နှစ်ယောက်ကို တရားရုံးက သေဒဏ်ကျခံစေ (မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေ) ဖို့ မဟာအောင်မြေခရိုင်တရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်မှာနေထိုင်တဲ့ OG ဆရာဝန် ဒေါက်တာ အောင်မြင့်မြတ်ထွန်းကို ဒေါက်တာအောင်ဇင်ဖြိုး နဲ့ ဆေးခန်းအကူ လွမ်းဇင်အောင်(ခ) မိုးဒီ တို့နှစ်ယောက်က ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း လမ်းသစ်လမ်းနဲ့ ၁၀၅ လမ်း ကြားမှာရှိတဲ့ ငွေလရောင်ဆေးခန်းကို ခေါ်ယူပြီး ပြန်ပေးဆွဲ လူသတ်မှုဖြစ်စဥ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျူးလွန်သူ တရားခံအောင်ဇင်ဖြိုး အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)/၃၄ပြစ်မှုထင်ရှားတာကြောင့် သေဒဏ်ကျခံစေ (မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေ)၊ ပုဒ်မ ၃၈၆/ ၃၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်(တစ်ဆယ်)နှစ်ကျခံစေ။ ပြစ်ဒဏ်များအား တစ်ပြိုင်တည်း ကျခံစေ ဆိုတဲ့ အမိန့်ကို တရားရုံးက ချမှတ်ခဲ့ပါတယ်။
နောက်ထပ်ကျူးလွန်သူတဦးဖြစ်တဲ့ တရားခံလွမ်းဇင်အောင် (ခ)မိုးဒီ အပေါ် ရာဇသတ်ကြီးပုဒ်မ၃၀၂(၁)(ဂ)/၃၄ အရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ကျခံစေ (မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေ)။ ယင်းပုဒ်မ ၃၈၆/၃၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် (တစ်ဆယ်)နှစ် ကျခံစေ။ ပြစ်ဒဏ်များအား တစ်ပြိုင်တည်းကျခံစေဖို့အပြင် (၂၀-၁၂-၂၀၂၄)မှ (၂၀-၆-၂၀၂၅) ရက်နေ့ထိ တရားခံများ၏ ချုပ်ရက်များအား ပြစ်ဒဏ်မှ ထုတ်နုတ် ခံစားစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
သက်သေခံအဖြစ်သိမ်းဆည်းထားတဲ့ ငွေကျပ် (၂၇၅,၇၀၆ ,၈၀ဝိ/)အားလည်းကောင်း၊ ၀၉-၂၅၅၈၀၃၆၄၄ ဆင်းကတ်ပါ Redmi, အမျိုးအစား ငွေရောင်ဖုန်း(၁)လုံး၊ ဆင်းကတ်ပါ Redmi အမျိုးအစားအနက်ရောင်ဖုန်း(၁)လုံး၊ ၀၉-၂၀၂၁၇၆၉ ဆင်းကတ်ထည့်ထားသည့် Samsung အမျိုးအစား အဖြူရောင် ခေါက်ဖုန်း (၁)လုံး အားလည်းကောင်း၊ MDY- 13 2L/2843 နံပါတ်ပါ Honda Inside အမျိုးအစား ခဲရောင်မော်တော်ယာဉ်(၁)စီးအားလည်းကောင်း၊ MDY-15 6J/1998 နံပါတ်ပါ Honda Fit အမျိုးအစား အနက်ရောင် မော်တော် ယာဉ်(၁)စီးအားလည်းကောင်း၊အမျိုးအစား နာရီ(၁)လုံးအားလည်းကောင်း ၊ အယူခံ၊ ပြင်ဆင်ရက်ကျော်က တရားလို Swatch ဦးအောင်ကျော်စိုးထံ ထုတ်ပေးစေဖို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။
အခုလို အမှုမှန်ပေါ်ပေါက်အောင် ဝိုင်းဝန်ကူညီပေးခဲ့ကြတဲ့ ရဲတပ်ဖွဲ့နဲ့ မှန်ကန်ပြီး တရားမျှတတဲ့ အမိန့်ချမှတ်ပေးတဲ့ တရားရုံးက တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ အမှုဖြစ်စဥ်ကို အများသိရှိအောင် တင်ပြလိုခြင်းဖြစ်ပါတယ်လို့ သေဆုံးသူ ဒေါက်တာအောင်မြင့်မြတ်ထွန်း ရဲ့ ဖခင်ဖြစ်သူ ဦးအောင်ကျော်စိုး နဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ဆွေလှ က ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW