ဖေဖော်ဝါရီ ၂၈ – ၂၀၂၆
SS (VOM)
မသန်စွမ်းသူတွေရဲ့ သွားလာလှုပ်ရှားတဲ့ ပုံစံကို ဟာသအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ ကြေညာလိုက်တဲ့နေ့မှာပဲ ညတွင်းချင်း ပွဲပြန်ကခွင့် ပြန်လည်ရရှိခဲ့တယ်လို့ အဲဒီဇာတ်အဖွဲ့ရဲ့ ပရိုဂျူဆာ ကိုနေလင်းဦးက VOM ကို ပြောပါတယ်။
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း မနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ကပြမယ့် သင်္ဃန်းကျွန်း၊ ရန်မျိုးအောင် ဘုရားပွဲအတွက် ဖျာ/ထိုင်ခုံ လက်မှတ် ကြိုတင် ဝယ်ယူထားသူတွေ ဇာတ်ရုံမှာ မနေ့ ည ၇ နာရီမှစတင်ကာ ပြန်လည်လာရောက် ထုတ်ယူနိုင်တယ်လို့ ဇာတ်အဖွဲ့ တာဝန်ရှိသူက လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးထားခဲ့တာ ဖြစ်ပေမယ့် အဲဒီ ဘုရားပွဲကို ညတွင်းချင်း ပွဲကခွင့် ပြန်လည်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဇာတ်အဖွဲ့ ပရိုဂျူဆာ ကိုနေလင်းဦးက “အဖက်ဖက်က အားလုံး ကြိုးစားကြတယ်။ နိုင်ငံ့အကြီးအကဲတွေကလည်း စောင့်ရှောက်ကြတယ်။ မှားယွင်းတဲ့ အမှားအပေါ်မှာ တောင်းပန်သင့်၊ တောင်းပန်ထိုက်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျွန်တော်တို့က တောင်းပန်ရမယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကို နောက်ဆုံး သတိပေးတယ် ဆိုတဲ့ ပုံစံမျိုးလေးနဲ့ပဲ ပြန်ကခွင့် ပြုလိုက်တာပါ။ အဓိက ကတော့ နိုင်ငံ့ အကြီးအကဲတွေရဲ့ စေတနာ မေတ္တာကြောင့်ရယ်၊ ပြည်သူလူထုရဲ့ အားပေးမှုကြောင့်ရယ် ဒီလိုမျိုးလေး ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
အခုလို ပွဲကခွင့် ပြန်လည်ရရှိခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လက်ရှိအချိန်အထိ တရားဝင် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကိုသာ နှုတ်နဲ့ အသိပေး အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“မနေ့က ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ကျွန်တော်တို့ကို ဖုန်းနဲ့ ဆက်သွယ်လာပြီး ပြန်ကလို့ရပါပြီ ဆိုတာကို အကြောင်းကြားပါတယ်။ အကြောင်းကြားပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းက လိုအပ်တဲ့စာတွေကို ထုတ်ပေးပါ့မယ်လို့ ပြောပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ပြန်ကတယ်။ နောက်ပွဲတွေအတွက်လည်း ကျွန်တော်တို့ ကြော်ငြာရတာပါ” လို့ သူက ပြောပါတယ်။
အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ အနေနဲ့ ကျုံမငေး စွယ်တော်မြတ် ဘုရားပွဲတော်၊ ဒဂုံတောင်မြောက်လမ်းဆုံ မြို့ဦးစေတီဘုရားပွဲတော်၊ မရမ်းကုန်း ကျိုက်ဝိုင်းဘုရားပွဲတော်၊ ပဲခူးမြို့ ရွှေမော်ဓော ဘုရားပွဲတော်ကြီးတွေမှာ ဆက်လက် ကပြပေးသွားမှာ ဖြစ်တယ်လို့ ကြော်ငြာထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ကလည်း အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့နဲ့ ပတ်သက်လို့ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ည ၉ နာရီဝန်းကျင်က ကြေညာချက်တစောင် ထပ်မံ ထုတ်ပြန်ထားတာမှာ ကပြဖျော်ဖြေခွင့် တနှစ်ရပ်ဆိုင်းခြင်း အကြောင်းကြားစာကို အစည်းအရုံးမှ ဇာတ်သဘင်အဖွဲ့ကို ပေးပို့ခဲ့ပြီး အဲဒီ အကြောင်းအရာဟာ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကို ထပ်ဆင့် ပေးပို့အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာ အဲဒီ ဇာတ်အဖွဲ့နဲ့ ပတ်သက်ပြီး ပြန်လည်ကပြခွင့် ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ အသီးသီးထံကို အသနားခံတင်ပြကာ ကူညီ ဆောင်ရွက်ခြင်းတွေ ပြုလုပ်လျက် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ဟာ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားပွဲမှာ အောင်ဇမ္ဗူအပါအဝင် ဇာတ်အဖွဲ့ထဲက လူရွှင်တော်တွေ၊ မင်းသမီးတွေက “ကျီစားသလား” သီချင်းတီးလုံးနဲ့ မသန်စွမ်းသူတွေရဲ့ လမ်းလျှောက်တဲ့ပုံစံနဲ့ ကပြခဲ့တာဖြစ်ပြီး အဲဒီကပြမှု ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် မသန်စွမ်းသူတွေအပါအဝင် ပြည်သူတွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့နဲ့ ပတ်သက်ပြီး ရွှေမင်းသားဖောင်ဒေးရှင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေရဲ့ တိုင်ကြားချက်တွေကြောင့် အရေးယူ ဆောင်ရွက်ရတာဖြစ်တယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ ရက်စွဲနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့ ပွဲကခွင့် ပြန်လည်ရရှိခဲ့တာနဲ့ ပတ်သက်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကို VOM က ဆက်သွယ် မေးမြန်းရာမှာ “လောလောဆယ်တော့ ဘာမှ မှတ်ချက် မပေးချင်သေးဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
အောင်ဇဗ္ဗူဇာတ်အဖွဲ့ရဲ့ ပရိုဂျူဆာ ကိုနေလင်းဦးကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တောင်းပန်သင့်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို တောင်းပန်သွားမှာဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌထံ သွားရောက် တောင်းပန်ပြီးဖြစ်သလို ရွှေမင်းသားဖောင်ဒေးရှင်းကိုလည်း ဒီကနေ့မှာ တောင်းပန်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် မင်းသား အောင်ဇဗ္ဗူကလည်း “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ဘက်က မှားရင်တော့ တောင်းပန်ပါတယ်” လို့ မီဒီယာတွေကနေတဆင့် ပြောဆိုထားပါတယ်။
အောင်ဇဗ္ဗူဇာတ်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်တယ်ဆိုတဲ့ အသိပေးစာ ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ လူထုကြား ဝေဖန်မှုတွေရှိသလို ထောက်ပြ ပြောဆိုသူတွေလည်း ရှိနေပါတယ်။
အဲဒီ ဇာတ်အဖွဲ့နဲ့ပတ်သက်ပြီး ပြည်သူတယောက်က “အောင်ဇမ္ဗူကို ကြိုက်တဲ့အထဲလည်း မပါဘူး။ မကြိုက်တဲ့အထဲလည်း မပါဘူး။ ဒီထက် အတိအကျ ပြောရရင် အောင်ဇမ္ဗူပရိတ်သတ် မဟုတ်ဘူး။ စိတ်လည်းမဝင်စားဘူး။ ဒါပေမယ့် အောင်ဇမ္ဗူ ဇာတ်အဖွဲ့ကို တနှစ်ပိတ်တယ်ဆိုတာကို လက်မခံနိုင်တဲ့အထဲတော့ ကျွန်တော်ပါတယ်။ ဘာကြောင့် ပါတာလဲဆိုရင် အောင်ဇမ္ဗူက ချမ်းသာတယ်၊ ပြဿနာမရှိဘူး၊ သူ့ဇာတ်အဖွဲ့က မချမ်းသာဘူး၊ အခက်အခဲတွေ ဖြစ်ကြလိမ့်မယ်။ ကိုယ်လုပ်ခဲ့ဖူးတဲ့ အလုပ်နဲ့နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာလို့ တနှစ်ပိတ်ပင်တာကို လက်မခံနိုင်တာ” လို့ ပြောပါတယ်။
အခုလို မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး ဖြစ်ပါ်လာတဲ့ ကိစ္စရပ်မှာ အောင်ဇမ္ဗူအဖွဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပျက်လုံး လုပ်ခဲ့ကြပုံမပေါ်ဘဲ မထင်မှတ်ဘဲ အမှားဖြစ်သွားတယ်လို့သာ ယူဆမိတယ်လို့ သူက ပြောပါတယ်။
“တကယ်တော့ မသန်စွမ်းတွေကို ရယ်မောစရာ၊ လှောင်ပြောင်စရာအဖြစ် ပြုလုပ်တာတွေကို လုံးဝမကြိုက်တဲ့အထဲမှာ ကျွန်တော်ပါတယ်။ ဘဝပေးအခြေအနေပဲ ပြောပြော သူတို့ရဲ့ဖြစ်တည်မှုမှာ သူတို့အပြစ် လုံးဝမရှိဘူး။ ဒီဘဝကို သူတို့ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ တချို့က ဘဝကိုညှိုးငယ်စွာ ဖြတ်သန်းနေကြတယ်။ တချို့က မသန်ပေမယ့် သူ့နယ်ပယ်နဲ့သူ စွမ်းကြတယ်။ မသန်ပေမယ့် စွမ်းအောင် ကြိုးစားနေကြတယ်။ ဒါကြောင့် ဒီလူတွေဟာ လှောင်ပြောင် ကဲ့ရဲ့ ရှုံ့ချစရာကောင်းတဲ့အထဲမှာ မပါဘူး။ ဒါကြောင့် မသန်စွမ်းတွေဘက်က ရပ်တည်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့် ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် မသန်စွမ်းတွေကို ဝန်ချ တောင်းပန်တာမျိုး၊ မသန်စွမ်းတွေနဲ့ပတ်သက်ပြီး အများသူငှာ ကိုယ်ချင်းစာနာစိတ် ရှိအောင် အသိပညာပေး အစီအစဉ်တွေ ထည့်သွင်း ကပြတာမျိုးတွေ ပြုလုပ်သင့်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အောင်ဇဗ္ဗူ ဇာတ်သဘင်အဖွဲ့ ပွဲကခွင့် ပြန်လည် ရရှိခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က တာဝန်ရှိသူထံ VOM က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး အဆက်အသွယ် မရသေးပါဘူး။
Photo – KZY
