ဆူးငှက်
အားသစ်က ဆရာတွေ
————————-
အားသစ်ကျူရှင်မှာ တက်ကြတော့ စက်ဘီးကိုယ်စီနှင့် ဖြစ်သည်။ ဆင်တံတား ဝင်းဟန်၊ ဥယျာဉ်တန်း သန်းလွင်၊ သာယာကုန်း ကံစိန်၊ ဘီအိုစီ ကွက်သစ် ကျော်ရွှေ၊ ကျွန်တော်တို့ ၅ယောက်ပေါင်း လောင်းကျော် အဖွဲ့ဖြစ်သည်။ ကျူရှင်က ဘာသာစုံဖြစ်ပြီး မနက်ပိုင်းတွင် တက်ကာ နေ့လယ်တွင် ဆင်းသည်။ ကျောင်းအုပ် ဆရာကြီးဦးကျော်ညွန့် က အင်္ဂလိပ်စာသင်သည်။ ဆရာ ဦးဇော်ဝင်းက သင်္ချာ နှင့် ရူပဗေဒ၊ ဆရာ ဦးမြင့်သိန်း က မြန်မာစာ၊ ဆရာဦးမြင့်ဆွေ က ဓာတုဗေဒ နှင့် ဆရာဦးခင်မောင်ဆန်း က ဇီဝဗေဒဘာသာရပ်များကို သင်ကြားပေးသည်။ ဆရာများအားလုံးက ထိုစဉ်အခါ ခေတ်စားနေသော ကျောင်းသားနှင့် ဆရာ အပြန်အလှန် သံချပ်ထိုး သင်ကြားသည့် ပုံစံမဟုတ်ဘဲ အတော် အေးဆေး တည်ငြိမ်စွာ သင်ကြားကြသောကြောင့် စာသင်နေချိန်တွင် တိတ်ဆိတ်ကာ အာရုံပို၍ ရသည်။
အထူးသဖြင့် ကျွန်တော်မလိုက်နိုင်သော ဓာတုဗေဒ ဘာသာရပ်ကို သင်ကြားသည့် ဆရာဦးမြင့်ဆွေက အလွန်တည်ငြိမ်သည်။ စစချင်း ဆရာ့သင်ကြားမှုကို ခံယူရစဉ် အေးဆေးလွန်းသောကြောင့် နားမှ လည်ပါ့မလားဟု စိုးရိမ်မိသော်လည်း နောက်ပိုင်းတွင် ဆရာ့ ပို့ချမှုက အတော်ကောင်းသည်။ နားလွယ်လွယ်အောင် ရှင်းပြသည်။ ထို့နောက် ထိုသင်ခန်းစာအတွက် မှတ်စုထုတ် ပေးသည်။ မှတ်စုဆိုသည်မှာ ပြဋ္ဌာန်းစာအုပ်ထဲက စာကို ကူးပေးလိုက်တာမျိုး မဟုတ်၊ တကယ့် မှတ်စုဖြစ်သည်။ တိုတိုနှင့် လိုရင်း အချက်များကို စကားလုံးအကျစ်ဆုံးဖြင့် လင်္ကာပုံစံ သံပေါက်ပုံစံ ထုတ်နှုတ်ပေးသည်။ ထို့ကြောင့် တစ်နေ့စာကို တစ်နေ့ မှတ်မိသည်။ အိမ်ရောက်တော့ ဆရာ့မှတ်စုကို ပြန်ဖတ် ပြန်မှတ်လိုက်တော့ စွဲသွားသည်။ ဆရာဦးမြင့်ဆွေ က အသက်၃၀ကျော် ဝန်းကျင်ပဲရှိမည်။ လူပုံက အတော်ရိုးသည်။
စာသင်လျှင်ပင် လက်ကလေး နောက်ပစ်ပြီး ကျောက်သင်ပုန်းကိုပဲ ကြည့်ကာ စာသင်သည်။ ကွမ်းစားကာ စကားတိုးတိုးပဲ ပြောသည်။ ကျွန်တော့် အစ်ကိုဝမ်းကွဲ တစ်ယောက်နှင့် ရင်းနှီးသည်။ ဆရာက အနောက် ပိုက်ကျုံးအနီးနေသည်တဲ့။ အုတ်သူကြီးလည်း လုပ်သည်တဲ့။ ဇာတ်ပွဲတွေလည်း ကန်ထရိုက်သွင်းသတဲ့။ နောက်တော့ ဆရာဦးမြင့်ဆွေ နှင့် ကျွန်တော့်အစ်ကိုဝမ်းကွဲတို့၏ အဆက်အဆံသဘောကို နားလည်သွားသည်။ ရဲဘော် ရဲဘက် တွေကိုး။
ထို့အတူ ကျန်ဆရာများကလည်း အေးဆေးသက်သာစွာ မှတ်မိလွယ်အောင် ဂရုတစိုက် သင်ကြား ပေးသည်။ ဆရာဦးဇော်ဝင်းဆိုလျှင် သူ့အသံက ခပ်ပါးပါးပေမယ့် အထပ်ထပ်ပြောကာသင်ကြားပေးလို့ ချက်ချင်း မှတ်မိသည်။ အပျော်ဆုံး အချိန်ကတော့ အင်္ဂလိပ်စာပေါ့။ ဆရာဦးကျော်ညွန့် က ရွှေမန်း လှသိပ္ပံ စသည့် ပုဂ္ဂလိက စာသင်ကျောင်းများ ခေတ်ကတည်းက ဆရာမို့ ဝါရင့်သည်။ အတွေ့အကြုံများသည်။ အသင်အပြကောင်းသည်။ ဟာသလေးများ ကြားညှပ်ကာ ကျောင်းသားတွေကို ပျော်ရွှင်စေသည်။ ထို့ပြင် ဆရာဦးကျော်ညွန့်ကလည်း မန္တလေး တက္ကသိုလ် က ကဗျာဆရာ စာရေးဆရာများအကြောင်း မှတ်သားဖွယ်ရာများကို အမြဲပြောသည်။
ကဗျာဆရာကြီး တင်မိုး၏ တက္ကသိုလ်ဝင်တန်း မြန်မာစာအဖြေလွှာက နာမည်ကျော် စာစီစာကုံးအကြောင်း၊ ဆရာ ဦးမောင်မောင်တင်၏ ကိုရင်ဂျမ်း ရှာပုံတော်နှင့် ပြုစုပျိုးထောင်ပေးပုံ အကြောင်း၊ ကိုရင်ဂျမ်း၏ ရိုးသားမှုအကြောင်း စသည်ဖြင့် စာသင်ရင်း ပြောသွားသည်။ ကျွန်တော်တို့မှာ ဆရာ့ အချိန်ပြီးလျှင် စာတွေပိုတတ်ပြီး ဗဟုသုတတွေ ပိုရလာသည်ဟု လက်မထောင်မတတ် တက်ကြွသွားသည်။
ကျွန်တော်သည် ကျောင်းနေစဉ်ကာလတစ်လျှောက် ပြန်လည် သုံးသပ်ကြည့်သောအခါ အလယ်တန်း ကျောင်းသား ဘဝ အ.ထ.က ၂၁ တွင်နေစဉ်က ၁၀နှစ် နှင့် ၁၃ နှစ်ကြား ကလေးသာသာ အရွယ်ပဲဖြစ်သည်။ ထို့ပြင် အတန်းထဲတွင်လည်း အသက်ငယ်သည်ထက် လူကောင်သေးတော့ ရှိသည့် အသက်ထက် ပို၍ပင် ငယ်နေသည်။ ထို့ကြောင့် မိန်းကလေး ယောက်ျားလေး အတူစာသင်ရသော်လည်း ကလေးမို့ စိတ်လှုပ်ရှားဖို့ အနေသာ မိန်းကလေးတွေကို ရဲရဲပင် မကြည့်ဝံ့ခဲ့ပေ။ နဂို သိမ်ငယ်စိတ်ကြောင့်လည်း လူတောမတိုးတာက ပိုသည်။
သည်လိုနှင့် အထက်တန်း ကျောင်းသားအဖြစ် အ.ထ.က ၁ ရောက်တော့ ၁၄ နှစ် ၁၅နှစ်ကျော်ပေါ့။ လူပျို မပေါက်တပေါက်ပေါ့။ သေချာတာက လူပျိုစိတ်က ရဲရဲ မပွင့်လင်းသေး။ ကလေးစိတ်မကုန်သလို ဖြစ်နေသေးသည်။ ထိုစဉ်မှာက ယောက်ျားလေးချည်း နေရသည့် ကျောင်းမို့ မိန်းကလေးနှင့် ပတ်သက်သော အာရုံက အနှိုးဆော်မခံရသေး။
အားသစ်မှာ အားတက်စရာ
—————————–
အခု အားသစ်ကျူရှင်ရောက်တော့ အသက်ကလည်း ၁၆နှစ် လုံးလုံးပြည့်ပြီ။ လူပျိုလည်း ဖြစ်ပြီ။ စာတွေဖတ်ဖြစ်တော့ မိန်းကလေးနှင့် ပတ်သက်သော အချက်အလက်တွေ ဖိုမသဘာဝတွေကို စာတွေ့အရ အတော်အသင့် သိရှိထားပြီ။ ထို့ပြင် ကျူရှင်မှာက မိန်းကလေး ယောက်ျားလေး အတူစာသင်ရတော့ သူတို့၏ ဆွဲဆောင်မှု အာရုံမျိုးစုံက လှုပ်နှုးလာပြီ။ လှလိုက်တာ၊ ယဉ်လိုက်တာ၊ ဖြောင့်လိုက်တာ၊ တောင့်လိုက်တာ၊ မွှေးလိုက်တာ၊ နုညက်လိုက်တာ စသည်ဖြင့်ပေါ့။ စာအုပ်အပေးအယူမှ အစ အတန်းမတက်ခင် အပြောအဆို အထိအတွေ့လေးတွေ ရှိလာသည်။ ရင်ခုန်တတ်လာသည်ပေါ့။
ထို့ကြောင့် မနက် ကျူရှင်မတက်မီ အတူတူနီးပါး ရောက်လာသော ညီအစ်မနှစ်ယောက်ထဲက အငယ်မလေးကို စောင့်ကြည့်ဖြစ် လာသည်။ သူတို့ညီအစ်မက ကျွန်တော်တို့ အရှေ့နား ဝင်းကြီးတစ်ဝင်းထဲက ဖြစ်သည်။ အားသစ်သို့ ခြေကျင်လာသည်လည်းရှိသည်။ ဘတ်စကားနှင့် လာသည်လည်း ရှိသည်။ အိမ်က ကားနှင့် လိုက်ပို့သည်လည်းရှိသည်။ တစ်နေ့တော့ သူတို့ညီအစ်မက အိမ်ကနေ ခြေကျင်သွားတော့ ကျွန်တော်ကလည်း ထိုနေ့က စက်ဘီးမယူဘဲ ခြေကျင်လိုက်သည်။
တွက်ရေးက စက်သူဌေး
—————————
အိမ်ကထွက် ထီးတိုင်ဈေးဖြတ် ပန်းတန်းကြားက သံဖြူတန်းအတိုင်း အရှေ့တက်၊ ထိုးမုန့်တန်း ရောက်တော့ မြောက်ချိုး၊ ဘီလမ်းရောက်တော့ အရှေ့တက်၊ စပယ်ခန်းမဘေးကြားကနေ အိုလံပစ် လက်ဖက်ရည်ဆိုင် ဘက်ထွက်၊ ဒေါင်းတိုက်က အရှေတက် ကျုံး အနောက်လမ်းရောက်တော့မှ မြောက်ချိုးပြီး ကျူရှင် ဝင်တာပေါ့။ ထိုနေ့က သူတို့နောက် ကျွန်တော် တကောက်ကောက် လိုက်ခြင်းမှာ တစ်ရပ်ကွက်ချင်းလည်း ဖြစ်ပြန် ကျူရှင်မှာလည်း အငယ်မနှင့် အကြည့်ချင်းတွေ ဆုံဖူး(ကိုယ့်ဖာသာ ထင်နေတာ) ပြန်မို့ အကယ်၍ လမ်းတလျှောက် “သြော်.. နင်လည်း ဒီနေ့ စက်ဘီးနဲ့ မသွားဘူးလား” “ ဟုတ်တယ်၊ စက်ဘီးပေါက်နေလို့ဟ၊ ဘယ်လိုလဲ၊ စာတွေ ပိုင်ပြီလား” “ မပိုင်သေးပါဘူးဟာ၊ ဖိဆစ်ကို သိပ်မရဘူးဟ” “ ဟုတ်လား၊ ဘယ်အပိုင်းမရတာလဲ၊ ငါက ဖိဆစ်တော့ ရတယ်၊ လိုရင်ပြောလေ၊ ငါပြန်ပြပေးမယ်” “ အေး.. အတော်ပဲ အလင်းပိုင်း သိပ်မရဘူး၊ နင်အားတဲ့ အချိန် ပြန်ပြပေးလေ” စသည်ဖြင့် လမ်းတလျှောက် စကားလက်ဆုံကျကြမည်။
နောက်တော့ မှတ်စုစာအုပ်တွေ အပြန်အလှန်ငှား၊ စာတွေ အပြန်အလှန်ကူး၊ ကျူရှင်မတက်ခင် စာတွေ အပြန်အလှန် ပြပေး၊ သည်လို စိတ်ကူးယဉ်ပြီး ဒေါင်းရိုးထဲက ထွက်ကတည်းက နောက်က လိုက်ခဲ့တာ နာရီစင်ဘက်ကနေ ခန်းမ ၂ဘက်အကူး နောက်က ကျွန်တော် ပါလာမှန်းသိတော့ သူတို့နောက် ကျားလိုက်သလား အောက်မေ့ ရလောက်အောင် မပြေးရုံတမယ် သုတ်ခြေတင်ကြသည်။ အဲ့လောက်ကြီးဆိုပြန်တော့ နောက်က ဇွတ်လိုက်ပြန်လျှင် အရုပ်ဆိုးလှချည့်။ သူတို့ စိတ်အနှောက်အယှက်မဖြစ်ရအောင် ကျွန်တော်က တခြားလမ်းကပဲ လမ်းလွှဲလိုက်ရတော့သည်။ အခါတိုင်း ကျူရှင်ရောက်လျှင် သူတို့ညီအစ်မနှစ်ယောက်က အတန်းထဲ မဝင်သေးမီ ဥိးခင်မောင်ဒွေးအိမ်ရှေ့ ကပြင်အထွက် အုတ်လှေကားမှာထိုင်နေကျ၊ ကျွန်တော်ကလည်း ကျူရှင်အပေါက်က လှမ်းကြည့်နေကျ။ ရင်ခုန်နေကျ။ ထိုနေ့ကနောက် ထို အုတ်လှေကားမှာပင် မထိုင်ကြတော့။ အိမ်ထဲက ဧည့်ခန်းမှာပဲ ထိုင်တော်မူကြတော့သည်။ အဲသလို။
ကိုင်း… ဒီတော့လည်း ကျူရှင်မတက်ခင် မစ်ရှင်ကို ဖြုတ်၊ အတန်းထဲသို့ စောစောဝင်ထိုင်လိုက်တာပေါ့။ ဘာအရေးလဲ။ အတန်းထဲမှာ ကျွန်တော်တို့ ခုံ၏ ရှေ့က မိန်းခလေးတွေထိုင်ကြသည်။ ထို ၅ ယောက် အုပ်စုအနက် ကျွန်တော့်ရှေ့ တည့်တည့်က ထိုင်သည့် ကျောင်းသူက သူတို့ထဲမှာ အချောဆုံး။ အရပ်ရှည်သည်။ အသားဖြူသည်၊ ကိုယ်ဟန်နေထားက သွယ်သည်။ မျက်နှာက အတော်လှသည်။ ကပြားစပ်ပုံရလို့ နှာတံစင်းကာ မျက်ဝန်းလျားသည်။ သူ့ထူုးခြားချက်က ကျောလယ်ရှိ ဆံပင်ကို အလယ်က တည့်တည့်ခွဲကာ နောက်မှာ ၂ဘက်ချပြီး ဖဲကြိုးနှင့် စည်းထားသည်။ မြင်သာအောင် ပြောရလျှင် ဖိုးဝရုပ် ဆံပင်စည်းထားပုံမျိုးလေ။ ထို့ကြောင့် ခေါင်းလေးလှည့်လိုက်တိုင်း ဆံပင်လေးက ခါနေသည်။
နောက်ထပ် ထူးခြားချက် တစ်ခုက သူသည် သနပ်ခါးကို အတော်နှစ်သက်ပုံရသည်။ သူ့ပါးမှာ ပါးကွက်က ပါးအပြည့်နီးပါး အမြဲလိမ်းထားသည်။ သပ်သပ်ရပ်ရပ် သေချာလိမ်းထားလို့ ပါးကွက်လေးက ညီညာ ဝိုင်းစက်နေသည်။ ပါးကွက်နှင့် မျက်နှာ လည်ပင်း လက်ခြေများပါ သနပ်ခါးလိမ်းထားလို့ သူ့ထံက သနပ်ခါးရနံ့လေး သိသ်သာသာ သင်းနေသည်။
သောင်းဟန်၏ ရေးဟန်လေးလို
————————————–
ထိုစဉ်က ပန်းချီသောင်းဟန်၏ ပုံဆွဲစာအုပ်များက ခေတ်စားနေချိန် ထိုစာအုပ်ထဲတွင်ပါသော ဆံပင်နှစ်ဖက် စည်းလေးနှင့် နှာတံစင်းစင်း လည်တံသွယ်သွယ် မိန်ကလေး ပုံနှင့် သူက ချွတ်စွတ်နီးပါးတူသည်။ အပေါ်ပိုင်း ဘေးတိုက်ကလေးလေ..။ ကျွန်တော်က ထိုပုံကို အလွတ်ရအောင် ကူးဆွဲ လေ့ကျင့်သည်။ သူနှင့် ပိုတူအောင် စည့်းထားသည့် ညာဘက်ဆံပင်အပေါ်မှာ တရုတ်စကားပွင့်လေး တစ်ပွင့်ပင် ထည့်လိုက်သေးသည်။ အတန်းထဲမှာ ကျွန်တော်က အမြဲ အရင်ရောက်နှင့်ပြီး သူတို့ အုပ်စုက နောက်မှ ဝင်လာသောကြောင့် သူ့နေရာဖြစ်သည့် ကျွန်တော့်ရှေ့ကို ဝင်ထိုင်တိုင်း သူက နှုတ်ဆက် အကြည့်နှင့် ပြုံးပြသည်။ ထို့ပြင် ရှေ့နောက်ထိုင်သောကြောင့် မှတ်စုစာအုပ် အလဲအလှယ် အငှားအရမ်းလေးတွေ အပြန်အလှန်ရှိလာတာပေါ့။
တစ်နေ့သား ကျွန်တော့် မြန်မာစာ မှတ်စုစာအုပ်ကို သူကငှားအကြည့် ထုံးစံအတိုင်း ကျွန်တော့်စာအုပ် ရှေ့ဆုံးမျက်နှာမှာ အလွတ်ရနေသော သူနှင့် တုသည့် ဦးသောင်းဟန်ပုံကို တွေ့သွားတော့ သူ အလွန်အံ့သြသွားသည်။ (တကယ်တော့ အရင်နေ့ကတည်းက မြန်မာစာ မှတ်စု လိုချင်တာ ပြောထားလို့ ကျွန်တော်က အကြံဆိုးနှင့် ထိုပုံကို ညက ကြို၍ အကောင်းဆုံး အလှဆုံး ဆွဲထားခြင်းဖြစ်သည်)။
သူအံ့သြတာက ဒီပုံ၏ ဇစ်မြစ်ကို သူမသိ။ ကျွန်တော်က ကိုယ့် စိတ်ကူးနှင့် ဆွဲထားတာဟု ထင်သောကြောင့် သူနှင့် တူလွန်းသည့် ပုံကိုမြင်တာနှင့် အံံသြသွားခြင်း ဖြစ်သည်။ ကိုင်းဗျာ၊ ၁၀တန်းကျောင်းသူ အပျိုဖားဖားတစ်ယောက်က သူ့ပုံကို မကြည့်ဘဲ ဆွဲထားသည့်သူက မရိုးသားဘူး၊ သူ့ကို အမြဲကြည့် အမြဲမြင် ရင်ထဲမှာ စွဲထင်လောက်အောင် သိမ်းထားတဲ့ သူ့ကို မြတ်နိုးသူလို့ တွက်တာပဲလေ။ ဒီတော့ သူကလည်း ဘာသားနှင့် ထုထားသူမို့လဲ။ သူလည်း ရင်တွေဘာတွေ ခုန်၊ လှုပ်ရှားသွားမှာပေါ့။ သူက စာအုပ်ထဲက မှတ်စုတစ်ပုဒ်ကို ကူးအပြီး နောက်လှည့်ကာ စာအုပ် ပြန်ပေးရင်း “ပန်းချီဆွဲတာ တော်လိုက်တာ၊ ဒို့လည်း ဆွဲပေးမလား” တဲ့။ ကိုင်း.. တည့်တည့် ဝင်တိုးတော့တာပဲ။ လာပြီလေ၊
“ အခုဆွဲပေးမယ်လေ၊ စာအုပ်ပေး” ဆိုတော့ သူ့မြန်မာစာ စာအုပ်လေး လှမ်းပေးသည်။ ကျွန်တော်ကလည်း အလွတ်ရအောင် လေ့ကျင့် ထားသော ပုံမို့ ချက်ချင်းဆွဲပြီး သူ့ကို ပြန်ပေးလိုက်တော့ ဟယ်ခနဲ အသံထွက်ကာ အံ့သြသွားပြီလေ။ အခု ပုံကလည်း သူနှင့် ချွတ်စွတ်။ ပါးကွက်လေးနှင့် ဆံပင်၂ဖက်စည်းလေးနှင့်၊ တရုတ်စကား ပွင့်လေးနှင့်။ သူ့စာအုပ်ထဲက ပုံကို သူ့သူငယ်ချင်းတွေကပါ ယူကြည့်ကြပြီး အံ့အားသင့်နေကြသည်။ ပြီးတော့ ကျွန်တော့်ကို ပြုံးစေ့စေ့ ကြည့်ကြသည်။ ဒီလိုနှင့် သူနှင့်လည်း နောက်ရက်တွေက စပြီး ပိုရင်းနှီး။ သူ့သူငယ်ချင်းတွေ နှင့်လည်း စကြ ပြောင်ကြ ရင်နှီးသွားသည်။
နေဝင်ဆည်းဆာနှင့် နီရောင်ရဲမှည့်ဝတ်စုံ
——————————————-
မကြာပါ၊ ဘုရားပွဲမို့တဲ့၊ သူ့အိမ်မှာ ကြာဆံဟင်း လာသောက်ဖို့ ဖိတ်သည်။ သူ့သူငယ်ချင်းတွေရော လာကြမှာမို့ လာဖြစ်အောင် လာပါတဲ့။ သည်တော့ ကျွန်တော်က အကြောင်းသိ သန်းလွင်ကို ခေါ်ပြီး ထိုနေ့ည ၆နာရီသာသာ လောက်မှာ သူ့အိမ်သွားသည်။ မှတ်မှတ်ရရ သူက အနီရောင်တောက်တောက် အပေါ်အောက် ဝမ်းဆက်ကို ဝတ်ထားသည်။ ဝင်းသောအသားအရေမှာ အနီရောင်ရဲမှည့်က ဆည်းဆာတွင် လင်းလက်တောက်ပနေ၏။ အိမ်မှာနေရင်း ဘုရားပွဲပေမယ့် ဆံပင်နှစ်ဖက်စည်းနှင့် သနပ်ခါး ပါးကွက်ကြားနှင့်ပါပဲ။ ထိုနေ့ကတော့ အနားမှာထိုင်ရင်း ကြာဆံဟင်းထည့်ပေး၊ ဆနွင်းမကင်းနှင့် ထိုးမုန့်တွေကျွေး၊ ဆီးဖြူသီးနှင့် ငါးပိကြော်ကျွေး၊ နာနတ်သီးစိတ်လေးတွေ စားပါဦး၊ လက်ဖက်က ကြက်ခြေနီသုတ်လေ၊ နည်းနည်းတော့ စပ်မှာ စားကြည့်ပါဦး ရေနွေးကြမ်းလေးလည်း သောက်နော်ဟု မခွာတမ်း ဧည့်ဝတ်ကျေလှသည့် သူ့ထံက အရင်နေ့တိုင်းရနေကျ သနပ်ခါးရနံ့လေးသာမက မသိမသာ သင်းပျံ့နေသည့် ရေမွှေးရနံ့ ပါးပါးလေးလည်း ရနေသည်။ သူ့ အနီရဲရဲ ဝတ်စုံလေးက နေမှာပေါ့။
သူ့အိမ်ကပြန်လာတော့ ည ၈နာရီထိုးလုပြီ။ လမ်းဘေး ဓာတ်တိုင်က ၆၀ဝပ်မီးလုံးလေးတွေ၏ အလင်းရောင်မှာ သူတို့ အိမ်ကြီးနှင့် လမ်းထဲက အိမ်တွေကို သတိထားကြည့်မိတော့ ပုံစံတူတွေဖြစ်သည်။ များများစားစားလည်း မရှိ။ သူတို့လမ်းထဲက အိမ်တွေက ဝင်းခြံကြီးတွေထဲမှာ အောက်ထပ် အုတ်ခံ အပေါ်ထပ်ပျဉ်ကာ အုတ်ကြွပ်မိုး ၂ထပ်အိမ်ကြီးများ ဖြစ်သည်။ ဝင်းထဲမှာ ကုက္ကိုပင် မန်ကျည်းပင်ကြီးများလည်း ရှိသည်။ ဘုရားပွဲက ၇၇လမ်းပေါ်က ရွှေဘုံသာဘုရားပွဲတဲ့။ သူတို့လမ်းထဲမှာ သူတို့ အိမ်ကပဲ ဧည့်ခံသည်။ အခြားအိမ်ကြီးများက လမ်းမီးမှိန်မှိန်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
သူ့အိမ်မှာ သူ့အဖေက တကယ့် အနောက်နိုင်ငံသား ရုပ်ရည်မျိုးမို့ သတိထားမိသည်။ သူက ဒါကြောင့် အရပ်အမောင်းကောင်းပြီး နှာတံပေါ် အသားအရေလှတာကိုး။ သူ့အဖေက မီးရထားဘက်က အရာရှိတဲ့။ သူတို့ အိမ်ကြီးက ၇၇လမ်းနှင့် ၇၈လမ်း၊ လမ်း၃၀နှင့် ၃၄လမ်းကြား မီးရထားဝင်းထဲက “ဃ” လိုင်းထဲမှာ။
ဆူးငှက်
