မတ် ၁ – ၂၀၂၆
SS (VOM)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပုလဲနယ်၊ ချင်ပြစ်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အစိုးရတပ်ဟာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ မနက်ပိုင်းက အနီးဝန်းကျင်ရှိ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာချိန် မုံသွင်ရွာအနီးအရောက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ကြားဖြတ် တိုက်ခိုက်မှုကြောင့် တိုက်ပွဲစတင် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“တိုက်ပွဲက မုံသွင်ရွာရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ဘုရားကုန်းနားမှာ စဖြစ်တာ။ မနက် ၁၀ နာရီကျော်လောက်မှာပေါ့။ တိုက်ပွဲဖြစ်ပြီး မကြာဘူး လေကြောင်းပစ်ကူတွေ ရောက်လာတယ်။ အဲဒီတိုက်ပွဲမှာ အစိုးတပ်ဘက်က လေကြောင်း နှစ်ကြိမ် ပစ်ကူပေးခဲ့တာရှိတယ်။ တိုက်ပွဲဖြစ်ချိန် တနာရီလောက် ကြာခဲ့တယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့စပြီး အင်အား အများအပြားနဲ့ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ချင်ပြစ်ကျေးရွာမှာ ယာယီအထိုင်ချ တပ်စွဲကာ အနီးဝန်းကျင်ရှိ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“မနေ့ ညနေပိုင်းက ချင်ပြစ်ရွာနားမှာ ဆက်ဖြစ်တဲ့ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်တယ်ပြောရမယ်။ လေကြောင်းပစ်ကူတွေ ဆက်တိုက်ပဲ။ မနေ့ ညနေ ၅ နာရီကျော်လောက်ကစပြီး ည ၁၀ နာရီကျော်လောက်အထိကို လေကြောင်း တိုက်ခိုက်တာတွေ ရှိခဲ့တာ။ ဒီနေ့လည်း မနက်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်နေတာ ၁၀ ကြိမ်ထက်မနည်း ရှိသွားပြီ။ ထိခိုက်၊ ပျက်စီး အသေးစိတ်ကတော့ တိုက်ပွဲမငြိမ်သေးလို့ အတည်ပြုလို့ မရသေးဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ်ပိုင်းကလည်း ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာက ထွက်လာတဲ့ အစိုးရစစ်ကြောင်းကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာတော့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ ရှိနိုင်တဲ့ နေရာတွေကို အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် နှစ်ဖက် ပစ်ခတ်မှုတွေ စတင်လာတာ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပုလဲမြို့နယ်အတွင်း စစ်ကြောင်း နှစ်ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိ ချင်ပြစ်ရွာကို ရောက်နေတဲ့ စစ်ကြောင်းဟာ ငှက်ပျောတော၊ ဇီးဖြူကုန်း၊ နှောရိုး၊ ချင်ပြစ်ကျင်း၊ နွယ်အင်းနဲ့ သပြေလှကျေးရွာတွေမှာ နယ်မြေရှင်းလင်းနေသလို နောက်ထပ် စစ်ကြောင်းတကြောင်းကတော့ အင်းကန်၊ သပြေကုန်း၊ အင်ကြင်းစု အစရှိတဲ့ ကျေးရွာတွေဘက်ကို တပ်ဖြန့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် ပုလဲနယ်အတွင်းရှိ ချင်ပြစ်ကျင်း၊ နွယ်အင်း၊ ချင်ပြစ်၊ မုံသွင်၊ ပေါက်ပင်ချောက်၊ ကြာစီ၊ ပိတောက်ကုန်း၊ ဆည်ပြင် အစတဲ့ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
Photo – CJ
