မင်းတုန်းမြို့အနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ၂၅ ယောက်သေဆုံး ၊၂၀ လောက်ဒဏ်ရာရ

မတ် ၁ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း ၊ မင်းတုန်းမြို့နယ် အနောက်ခြမ်းက ပြောင်းကျေးရွာအနီးမှာ ဒီကနေ့ မတ်လ ၁ ရက်၊ မနက် ၁၁ နာရီ ခွဲလောက်က လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြောင်းကျေးရွာအနီးက ကုန်ကားတွေရပ်နားတဲ့ နေရာကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီးလူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ၂၀ လောက်ရှိခဲ့သလို ကုန်တင်ကား ရှစ်စီးလောက်လည်း မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
” သိရသလောက်တော့ မင်းတုန်း နဲ့ ရခိုင်လမ်းပေါ်မှာ ဖြစ်တာလို့သိရတယ်။ သေဆုံးတာများသလို ဒဏ်ရာရလည်းများတယ်။ ခုသိရသလောက် ၂၅ ယောက်သေတယ်သိရတယ်။ ကားတွေက ဖောကားတွေပါ ။တော်တော်မီးလောင် ပျက်စီးကုန်တယ်။ ကားတွေ ရပ်ထားတဲ့အချိန် ဗုံးကြဲခံရတာဆိုတော့ ထိခိုက်ပျက်စီး များသလို သေဆုံးလည်းများသွားတာပေါ့။ ” လို့ ဒေသခံက ပြောပါတယ်။
လေကြာင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေလည်းပါဝင်ကြောင်းသိရှိရပြီး လက်ရှိမှာ ဆေးကုသမှုပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားမှုရှိနေပြီး အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် နဲ့ မကွေးတိုင်းအစပ် ၊ ပဲခူးတိုင်းအစပ်က ဒေသတွေမှာ AA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW