မတ် ၂ ၊ ၂၀၂၆
CC (VOM)
ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖေဖော်ဝါရီလက ယာဥ်မတော်တဆမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူငါးယောက်သေဆုံးကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ စာရင်းအရ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်အစောပိုင်းက နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ရွှေစင်စင်္ကြာ ခရီးသည်တင် Express ကားဟာ မိုင်တိုင်(၁၉၂/၅-၆)ကြားအရောက်မှာ Dream 110(နီ/နက်) မော်တော်ဆိုင်ကယ်ကို တိုက်မိပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသူနှစ်ယောက်လုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ခရီးသည်တင်ကားက အဲဒီဆိုင်ကယ်ကို တိုက်မိမှာစိုးလို့ ရှောင်လိုက်တာကို မလွတ်ဘဲ တိုက်မိသွားတာ ။ ဆိုင်ကယ်က နှစ်ယောက်လုံးဆုံးပါတယ်။ ခရီးသည်တင်ကားပေါ်က ခရီးသည်တွေတော့ ဘာမှမဖြစ်ပါဘူး ။အများစုက အိပ်ငိုက်ပြီး ယာဥ်တိုက်မှု ဖြစ်ကြတာ ။ ” လို့ အမြန်လမ်းရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်မှာ မော်တော်ဆိုင်ကယ် ၊ စက်ဘီး ၊ ထော်လာဂျီ ၊ သုံးဘီးယာဥ်တွေ မောင်းနှင်သုံးစွဲခွင့်မရှိကြောင်း ၊ တကယ်လို့ အမြန်လမ်းပေါ်မှာ အဲဒီယာဥ်တွေ ကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ပါက အဆိုပါယာဥ်မောင်းနှင်သူသာ အရေးယူခံရမှာ ဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၁/၁-၁၅၁/၂ မှာ နေပြည်တော်ကနေ ရန်ကုန်ကိုပြန်လာတဲ့ မြရတနာ ခရီးသည်တင် Express ကားက ဘီးပေါက်ပြီး ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်မှာ ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၂၄၄/၃-၂၄၄/၄မှာ အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး အမျိုးသမီးတယောက်သေဆုံးကာ အမျိုးသားသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်ကလည်း အမြန်လမ်းမှာ ရွှေပြည်မင်းခရီးသည်တင်ကား နဲ့ အိမ်စီးကား တိုက်မှုဖြစ်ပွားခဲ့ပြီး ၂၄ ရက်နေ့မှာက ကုန်တင်ကားတစီးတိမ်းမှောက်ခဲ့ကာ ၊ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း အိမ်စီးကားတစီး လမ်းလယ်ရှိသစ်ပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း လိုက်ထရပ်ကားနဲ့ အိမ်စီးကား တိုက်မိပြီး အမျိုးသမီးတယောက်သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှု ၁၈၀ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း လူ ၆၄ ယောက် သေဆုံးကာ ၃၄၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်းက အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၂၀၃ မှု ရှိခဲ့ပြီး သေဆုံးသူ ၈၈ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၆၀ ယောက် ရှိခဲ့တယ်လို့ သိရပါတယ် ။
အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှု အများစုဟာ ယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့်ဖြစ်တဲ့အတွက် ယာဉ်မောင်းတွေအနေနဲ့ နှစ်နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း သတ်မှတ်ယာဉ်ရပ်နားစခန်းမှာ နားပြီးမှ ဆက်လက်မောင်းကြဖို့ အသိပေးထားပါတယ်။
ဒါအပြင် အမြန်လမ်းပေါ် ယာဉ်မောင်းနှင်မယ့်သူတွေ အနေနဲ့ ရှေ့မီးကြီး၊ နောက်ဘရိတ်မီး၊ အချက်ပြမီးတွေ ကောင်း၊ မကောင်းကို ကြိုတင်စစ်ဆေး ပြုပြင်ပြီးမှသာ မောင်းနှင်ကြဖို့ အသိပေး ပြောဆိုထားတဲ့အပြင် ယာဥ်အမျိုးအစားအလိုက် သတ်မှတ် အမြန်နှုန်းထက် ပိုပြီး မောင်းနှင်တာမျိုး မလုပ်ကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေး ထားပါတယ်။
ဓာတ်ပုံ – အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့
