လုံခြုံ​ရေးတာဝန်ယူရတဲ့ ဝန်ထမ်း​​​တွေလို အရပ်ဖက်ဝန်ထမ်း​တွေကလည်း လစာတိုးဖို့​မျှော်လင့်

မတ် ၁ ၊ ၂၀၂၆
CC (VOM)
တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ထမ်းဆောင်မှုကာလအလိုက် သတ်မှတ်ပြီး. တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးအဖြစ် လစဥ် ကျပ် ၃၀၀၀၀ မှ တသိန်းအထိ ပေးအပ် ချီးမြှင့် သွားမယ်လို့ ထုတ်ပြန်အသိ​ပေးထားပါတယ် ။
တပ်မတော်သား နဲ့ ရဲတပ်ဖွဲ့ဝင်နည်းတူ အရပ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း အခက်အခဲတွေကြားမှာ ကျရာတာဝန်ကို ထမ်းဆောင်နေကြရတဲ့အတွက် စီးပွားရေးလုပ်ဖို့လည်း အဆင်မပြေတာကြောင့် လစာတိုမြှင့်ပေးဖို့ မျှော်လင်နေကြတယ်လို့ သိရပါတယ် ။
” ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေလည်း အခုကာလက အသက်နဲ့ရင်းပြီး လုပ်နေရတာပါ ။ ရွာသားတွေနဲ့လည်း အဆင်ပြေအောင်နေရတယ်။ ကိုယ့်နယ်ထဲက အုပ်ကြီးတွေသတ်ခံရတာကြားရင် ကြောက်မိတာပေါ့ ။ အဲဒီလိုအကြောက်တရားတွေကြားထဲကနေ တာဝန်ကိုထမ်းဆောင်နေရတာ ။ ရွာတရွာမှာ အုပ်ချုပ်ရေးမှူးမရှိလို့မှ အဆင်ပြေတာ ။ ဖြစ်နိုင်ရင် လစာတိုးပေးစေချင်တာပေါ့ ။ အုပ်ချုပ်ရေးတာဝန်ယူထားတော့ အိမ်စီးပွားရေးအလုပ်က ထင်သလောက်မလုပ်နိုင်ဘူးလေ ။ လစာလေးတိုးရင်တော့ လစဥ်အိမ်စရိတ်လေး ရတာပေါ့ ။ ” လို့ ပဲခူးတိုင်းထဲက အမည်မဖော်လိုသူ ရပ်ကျေးအုပ်ချုပ်ရေးမှူး တ​ယောက်ကပြောပါတယ် ။
အရပ်ဖက်ဝန်ထမ်းတွေကတော့ လစဥ်ထောက်ပံကြေးပေးခြင်းအစား ဒီကနေ့ခေတ်ရဲ့ စားသောက်ကုန်စျေးနူန်းမြင့်တက်မှုနဲ့အညီ ဝန်ထမ်းလစာကိုသာ တိုးမြှင့်ပေးဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ် ။
ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတ​ယောက်ကလည်း ” ထောက်ပံကြေး ဆိုတာက မပေးချင်တော့ရင် ရပ်လိုက်လို့ရတယ် ။ ရပ်လိုက်တာနဲ့ ကျွန်မတို့လစာက အရင်အတိုင်းပဲ ပြန်ဖြစ်သွားမှာလေ ။ အဲဒီတော့ ထောက်ပံကြေးကို ကျွန်မတို့ မလိုချင်ဘူး ။ ထောက်ပံံ့ကြေးအစား.လစာတိုးပေးတာပဲ လိုချင်တာပါ။ ပင်စင်ယူတဲ့အခါကျရင်လည်း လစာအပေါ်လိုက်ပြီးရတာလေ ။ ရဲနဲ့ စစ်သားမှ နိုင်ငံ့တာဝန်ကို သက်စွန့်ဆံဖျားထမ်းဆောင်တာ မဟုတ်ပါဘူး ။ ကျွန်မတို့လည်း အခက်အခဲကြားကနေ လုပ်နေရတာပါ။ ခရီးသွားရင် ဝန်ထမ်းကတ်တွေ ဝန်ထမ်းဆိုတာမသိအောင် သွားရတယ်။ အခုနောက်ပိုင်း ဝန်ထမ်းတွေကို pdf ကဖမ်းတာတွေ ပိုကြားလာရတော့ ပိုဂရုစိုက်ရတယ်။ ကျွန်မဆို ရာထူးတိုးနဲ့ ဧရာဝတီဘက်မှာ ခုတာဝန်ကျတယ်။ ရတဲ့လစာနဲ့ စားစရိတ် ၊ ဆေးဖိုးကုန်ကျငွေ မလောက်ငှပါဘူး ။အဲဒါသားအမိနှစ်ယောက်ထဲပါ ။ဖြစ်နိုင်ရင် ကျွန်မတို့ကိုလည်း လစာတိုးပေးစေချင်တယ် ။ ” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ ဝင်တွေနဲ့ တပ်မတော်သားတွေကိုတော့ အမှုထပ်သက်အလိုက် ၁၀ နှစ်ပြည့်ပြီးတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လစဥ် ၃၀၀၀၀ ကျပ်နူန်း ၊ အမှုထမ်း ၁၅နှစ်ပြည့်ပြီးတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လစဥ် ၅၀၀၀၀ ကျပ်နူန်း ၊ အမှုထမ်း ၂၀ နှစ်ပြည့်ပြီးတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လစဥ် တသိန်းကျပ်နူန်း ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ တာဝန်ထမ်းဆောင်ရတဲ့ သဘောသဘာဝအရ ရာသီမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး ပင်ပန်းကြမ်းတမ်းစွာနဲ့ သက်စွန့် တာဝန်ထမ်းဆောင်ရခြင်း၊ တာဝန်ထမ်းခဲ့တဲ့ ကာလတလျောက် ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်တာကြောင့် နိုင်ငံတော်က အသိအမှတ်ပြုကာ ဂုဏ်ပြုချီးမြှင့်တဲ့ အနေနဲ့ အမှုထမ်းသက်အပေါ် မူတည်ပြီး တာဝန်ထမ်းဆောင်မှုအထူးထောက်ပံ့ကြေးကို လစဉ် ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ် ။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီးလည်း နိုင်ငံ့ဝန်ထမ်းတွေ နဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)ဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအဖြစ် ၃၀၀၀၀ ကျပ်ကို လစဥ်ခံစားခွင့်ပြုခဲ့သလို နေ့စားအလုပ်သမားတွေကိုလည်း တရက်ကို ၁၀၀၀ ကျပ် အပို ထောက်ပံ့ကြေးပေးအပ်ဖို့ ထုတ်ပြန်ခဲ့ ပါတယ်။
ဝန်ထမ်းတွေကို လစာအပြင် အပိုထောက်ပံ့ကြေးပေးအပ်ခြင်းကို ၂၀၂၃ ခုနှစ်မှာ ပထမအကြိမ်အဖြစ် ၃၀၀၀၀ ကျပ် စတင်ထောက်ပံံ့ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ၃၀၀၀၀ ကျပ်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ တတိယအကြိမ်အဖြစ် ၃၀၀၀၀ ကျပ်ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုခဲ့ တာဖြစ်ပါတယ်။
ဓာတ်ပုံ – Cj

Related posts

Leave a Comment

VOM News

FREE
VIEW