မတ် ၁ ၊ ၂၀၂၆
GG (VOM)
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒူဘိုင်းအပါအဝင် အဲဒီဒေသမှာရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို လိုက်နာရမယ့် သတိပေးချက်တွေ မြန်မာသံရုံးတွေက ထုတ်ပြန်ပေးနေသလို မြန်မာလုပ်သားတွေအနေနဲ့လည်း အရေးပေါ်အခြေအနေဖြစ်လာပါက တိမ်းရှောင်ဖို့ အသင့်ပြင်ထားရမယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြီး အီရန်ကို အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အီရန်ကလည်း ဒူဘိုင်း ၊ အဘူဒါဘီ ၊ ကူဝိတ်၊ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ နဲ့ ကာတာတို့ကို ဒုံးကျည်တွေနဲ့ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ အရေးပေါ် သတိပေးချက်ကို လိုက်နာပြီး ထုတ်ပြန်ချက်အတိုင်းလိုက်နာနိုင်ရန် အဆင်သင့်ပြင်ထားဖို့ ၊ သက်ဆိုင်ရာအစိုးရနဲ့မြန်မာ သံရုံးထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖို့ ၊ အလုပ်ကညွှန်ကြားတဲ့ အရေးပေါ်လုံခြုံရေးဆိုင်ရာအချက်အလက်တွေကို လိုက်နာဖို့ ၊ အရေးကြီးစာရွက်စာတမ်းတွေကို ထုတ်ပိုးပြင်ဆင်ထားဖို့ ၊ အရေးမကြီးပါက ခရီးမသွားဖို့ ၊ အရေးပေါ်အကူအညီလိုအပ်ပါက သံရုံးကိုဆက်သွယ်ဖို့ မြန်မာသံရုံးတွေက သတိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားရာဒေသရှိ မြန်မာလုပ်သားတွေအနေနဲ့ စစ်ရေးသတင်း နားစွင့်နေပြီး တိမ်းရှောင်ဖို့ အသင့်ပြင်ထားကြရသလိုတချို့ကတော့ တိမ်းရှောင်တာတွေရှိကြောင်း ၊ လုပ်ငန်းခွင်ဝင်ရောက်နေရဆဲသူတွေလည်းရှိနေပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်စည်းကမ်းတွေကို လိုက်နာပြီး စစ်ရေးသတိပြုလုပ်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကာတာရောက် မြန်မာလုပ်သားတယောက်က “ပစ်သံတွေတော့ ကြားရပေမယ့် ကျွန်တော်တို့နဲ့က ဝေးသေးတယ်။ ခုထိတော့ အလုပ်ဆင်းနေရဆဲပါ ။ဒါပေမယ့် အလုပ်ကနေ အပြင်ကိုတော့ မထွက်ခိုင်းတော့ဘူး ။လေဆိပ်တွေလည်းပိတ်သွားပြီ ။ ” လို့ ပြောပါတယ်။
အဘူဒါဘီမြို့မှာတော့ မြန်မာတချို့ဟာ လုပ်ငန်းခွင်မသွားရတော့ဘဲ နေအိမ်မှာပဲ နေထိုင်ပြီး စစ်ရေးအခြေအနေကြုံပါက အရေးပေါ်စစ်ရှောင်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားကြသလို တချို့လည်း ဘေးကင်းရာကို ကြိုတင်တိမ်းရှောင်မှုရှိတယ်လို့သိရပါတယ်။
” တညလုံး အသံတွေကြားနေရတယ် ။ အိမ်တွေပါတုန်တယ် ။ အလုပ်မသွားပါဘူး ။အိမ်မှာနေပြီးပဲ အခြေအနေကြည့်နေပါတယ်။တညလုံး ဖုန်းကနေလည်း အရေးပေါ် သတိပေးချက်တွေလာနေတော့ ပိုကြောက်မိတယ်။ ကိုယ့်အနားထိတော့ ရောက်မလာသေးပေမယ့် ရောက်လာခဲ့ရင်ဆိုပြီး အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့ ဘဏ်ကတ်တွေတော့ အထုတ်ပြင်ထားတယ်။ ” လို့ အဘူဒါဘီရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဒူဘိုင်း အပါအဝင် နိုင်ငံအချို့က လေကြောင်းပိုင်နက်တွေကိုပိတ်လိုက်တဲ့အတွက်ကြောင့် မြန်မာအပါအဝင် နိုင်ငံတကာခရီးသွားတွေ ပိတ်မိနေကြပြီး မြန်မာနိုင်ငံရောက်ရှိနေတဲ့ ခွင့်ပြန်မြန်မာလုပ်သားတွေအနေနဲ့လည်း ပြည်ပပြန်ထွက်ခွင့်မရဘဲဖြစ်နေရတယ်လို့ သိရပါတယ်။
” စစ်ဖြစ်နေလို့ ပြန်သွားခွင့်မရတာ ဆိုတော့ဘာမှမတတ်နိုင်ဘူးပေါ့ ။ ဒါပေမယ့် ဒီဘက်မှာက ဝန်ကြီးဌာနကို ထွက်ခွာခွင့်တင်ထားသူတွေက ရက်တွေကျပြီး အဲဒီရက်မှာ ပြန်မထွက်ရင် နောက်တခါ လေယာဥ်လက်မှတ်ဖြတ်ပြီး ထွက်ဖို့ စာပြန်တင်ရတာတော့ရှိတာပေါ့ ။ ဝန်ကြီးဌာန အနေနဲ့ ဒီအခြေအနေတွေကို လည်းသိနေတာပဲ။ နားလည်ပေးစေချင်တယ်။ လေဆိပ်ပိတ်ထားတဲ့ကာလအတွင်း ထွက်ခွာခွင့်ထဲပါသူတွေကို ချွင်းချက်အနေနဲ့ ထားပြီး ခွင့်ပြုစေချင်တယ် ။ ” လို့ ဒူဘိုင်း ခွင့်ပြန် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
လေပိုင်နက်တွေကို ပိတ်လိုက်တာကြောင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ကလည်း ဒီကနေ့ မတ် ၁ ရက်မှာပျံသန်းမယ့် ဒူဘိုင်းခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အရေးပေါ် သတင်းထုတ်ပြန်ထားပါတယ်။
ဒူဘိုင်း လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုကြောင့် ထိခိုက်မှုရှိတဲ့ ခရီးသည်တွေကို လက်မှတ်လက်ကျန်အခြေအနေပေါ်မူတည်ပြီး လေယာဉ်လက်မှတ် ရက်အပြောင်းအလဲ တကြိမ်အခမဲ့ ဆောင်ရွက်ပေးမယ်လို့ အသိပေးထားပါတယ်။
ခုလို ဒူဘိုင်းလေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံကို ခွင့်ရက်နဲ့ ပြန်လည်ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ပြည်ပကို ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲ ဒူဘိုင်းလေဆိပ်ပြန်ဖွင့်မယ့်အချိန်မှသာ ထွက်ခွင့်ရမှာ ဖြစ်တယ်လို့သိရပါတယ် ။
ဓာတ်ပုံ – အင်တာနက်
