စစ်တွေမြို့ ရွှေမင်းဂံရေတပ်အနီးမှာ တိုက်ပွဲ ပြင်းထန်နေ

မတ် ၄ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ (မြောက်ဘက်)၊ ရွှေမင်းဂံကျေးရွာရှိ အမှတ် (၃) ရေတပ်ဗျူဟာ အနီးဝန်းကျင်မှာ အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
AA တပ်တွေဟာ ရွှေမင်းဂံရေတပ်စခန်း အနီးတဝိုက်အပြင် ဝါဘို၊ တောကံ၊ ကျေးတော၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက် အစရှိတဲ့ ကျေးရွာတွေနဲ့ ပွိုင့်ကမ်းခြေ အနီးဝန်းကျင်က စစ်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲ ပြင်းထန်နေတာက ခုဆိုရင် ၁၀ ရက်ဝန်းကျင် ဖြစ်လာပြီပေါ့။ AA က ရွှေမင်းဂံတဝိုက်ကို မြေပြင်ကလည်း တိုက်ခိုက်နေတယ်၊ ရေတပ် အမြန်ရေယာဥ်တွေ သုံးပြီးတော့လည်း ရေကြောင်းကနေပါ ပိတ်ဆို့ တိုက်ခိုက်နေတယ်။ ဒါကြောင့် အစိုးတပ်ဘက်ကလည်း ခံစစ်အခိုင်အမာချပြီး ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ အပြင်းအထန် ခုခံနေတယ်။ တိုက်ပွဲတွေကတော့ တောက်လျှောက်ကို ဖြစ်နေတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ရွှေမင်းဂံ အမှတ် (၃) ဗျူဟာ စစ်ရေယာဉ်စု တပ်ရင်းနေရာ အပါအဝင် စစ်တွေမြို့အတွင်း AA ဝင်ရောက်လာနိုင်မယ့် လမ်းကြောင်းတွေဖြစ်တဲ့ စစ်တွေ – ရန်ကုန် လမ်းမကြီးပေါ်က အမြင့်ကျွန်းတံတား တဖက်တချက်စီမှာ နေရာယူ အထိုင်ချထားသလို ပုဏ္ဏားကျွန်းမြို့နယ် အစပ်က နေရာအားလုံးမှာလည်း ရေတပ်စစ်သင်္ဘောတွေ၊ အထိုင်ခံစစ်တွေ အခိုင်အမာ ပြုလုပ်ထားတယ်လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့မှာ စစ်သင်္ဘော ၁၀ စီးအထက်ရှိပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ)၊ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ (ခလရ -၂၀ ၊ ၂၇၀ ၊ ၂၃၂)၊ ခြေမြန်တပ်ရင်း (ခမရ – ၃၄၄ ၊ ၃၅၄) နဲ့ ရဲတပ်ရင်း အမှတ် (၁၂) ၊ အမှတ် (၃၆) အစရှိတဲ့ တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်း ရှိနေသလို ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ကိုလည်း အစိုးရရေတပ် စစ်သင်္ဘောတွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
“အခု အနေအထားအရ ဆိုရင်တော့ တိုက်ပွဲက မြို့နဲ့ တမိုင်လောက်ပဲ ဝေးတော့တယ်ပြောရမယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကျေးတောရွာဆို စစ်တွေမြို့ပေါ်နဲ့ဆို ဆတ်ရိုးကျချောင်းပဲ ခြားတော့တာလေ။ တောကံ၊ ဂန့်ဂေါ်ကျွန်း၊ ဇော်မဒက်ရွာတွေဆို ဒကစဌာနချုပ်၊ ရွှေမင်းဂံရေတပ်နဲ့ နှစ်မိုင်လောက်ပဲ ဝေးတော့တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
AA တပ်တွေဟာ မြို့တော် စစ်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကတည်းက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ ထိုးစစ်အရှိန် မြှင့်တင်လာခြင်းဖြစ်ကာ တိုက်ပွဲအတွင်း ဇန်နဝါရီ ၉ ရက်က ဒကစ ကာကင်းစခန်းကြီး နှစ်ခုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ အိန္ဒိယနိုင်ငံရဲ့ ကုလားတန် ဘက်စုံစီမံကိန်းဆိပ်ကမ်း တည်ရှိနေတဲ့အပြင် ရခိုင်ပြည်နယ် လွှတ်တော်လည်း တည်ရှိပြီး မကြာခင် လွှတ်တော် ခေါ်ယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့သာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ကျန် သုံးမြို့နယ်ထဲက ကျောက်ဖြူမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး AA က အဲဒီမြို့ရဲ့ အနီးဝန်းကျင်အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတာမှာ အမှတ် (၃၂) ရဲတပ်ရင်း၊ မြို့အနီးဝန်းကျင် အခြေစိုက် တပ်ရင်းတွေနဲ့ ဓညဝတီ ရေတပ်ဌာနချုပ် အနီးဝန်းကျင်တို့မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မာန်အောင်မြို့ကတော့ တိုက်ပွဲ လုံး၀ မဖြစ်ပွားသေးတဲ့ မြို့ဖြစ်ကာ အစိုးရက ရေတပ်နဲ့ ကြည်းတပ်ကို အင်အားဖြည့်တင်းပြီး အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့တမြို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW