နေပြည်တော်၊ မတ် – ၄ -၂၀၂၆
KKL(VOM)
နေပြည်တော်မှာ မနေ့ မတ်လ ၃ ရက်နေ့ ညနေပိုင်းက စလို့ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ လောင်စာဆီကို တန်းစီတိုးဝှေ့ပြီး ဝယ်ယူနေတာ တွေ့ရပါတယ်။
ကမ္ဘာ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းနဲ့အတူ လောင်စာဆီပြတ်လပ်မှုကို စိုးရိမ်ကြောင့်ကျနေတဲ့ ပြည်သူတွေ ကတော့ မနေ့ကထုတ်ပြန်ခဲ့တဲ့ မော်တော်ကားတွေကို စုံဂဏန်း၊ မဂဏန်းခွဲပြီးဆီဆိုင်တွေမှာ ထုတ်ယူကြရမယ်၊ အဲ့ဒါကို မတ်လ ၇ ရက်နေ့ကစတင်မယ်ဆိုတဲ့အတွက် ဒီကနေ့ မတ်လ ၄ ရက်နေ့နဲ့ မနေ့က မတ်လ ၃ ရက်နေ့ ညနေပိုင်းကစပြီး ကားနဲ့ ဆိုင်ကယ်တွေ အများအပြား စီတန်းတိုးဝှေ့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
“မနေ့ကစလို့ စုံ မ ခွဲပီးတော့ ထုတ်ရမယ်ဆိုပြီးသိထားပါတယ် အဲ့ဒီအစီအစဥ်ကို ၅ ရက်နေ့ကစမယ်လို့သိရပါတယ် အဓိက ကတော့ ဆီပြတ်မှာကိုစိုးရိမ်တာပါ ပိုဆိုးတာက လိုင်းပေါ်ကနေ မနေ့က ထိုင်းမှာတောင် အခုလိုစီတန်းပြီး ဆီရဖို့စောင့်ဆိုင်းနေရတယ်လို့ သိရတာကြောင့် ဒီနေ့ဆီလာတိုးတာပါ” လို့ကားပိုင်ရှင်တစ်ယောက်ကပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ မြင်တွေ့နေရတဲ့ စက်သုံးဆီ တန်းစီတိုးဝှေ့နေရတဲ့ စည်ပင်ရိပ်သာရှေ့က Star High ဆီဆိုင်ရဲ့ တန်းစီနေတဲ့ အနေအထားကိုလည်း တစ်မျှော်တစ်ခေါ် တွေ့ရှိရမှာဖြစ်ပါတယ်။
“ဟုတ်ကဲ့ တစ်နေ့ကို နှစ်ခေါက်လောက်ရဖို့တောင်လွယ်ပါ့မလားမသိဘူး ခက်တာက တစ်ချို့ဆိုင်ကယ်တွေကားတွေက ပြန်ရောင်းစားဖို့လုပ်နေကြတာတွေပိုများတယ် စိုးရိမ်ကြတာပေါ့ဗျာ ပုံမှန်အတိုင်းလောက်ဆိုရင်လည်း လည်ပတ်မယ်လို့မြင်ပါတယ် အခုလိုပုံစံဆိုရင်တော့ ပြန်ရောင်းစားဖို့လုပ်နေသူတွေအတွက် ပိုအခွင့်အရေးဖြစ်မယ်ပေါ့” လို့ ဆိုင်ကယ်နဲ့ စက်သုံးဆီ တန်းစီနေတဲ့ သူတစ်ယောက်က ဆိုပါတယ်။
လောင်စာဆီနဲ့ပတ်သက်လို့ ဘယ်လိုအကြောင်းကြောင့် လောင်စာဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ အခင်းအကျင်းတွေ ကောလဟာလတွေအပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရင်အခြေအနေတွေအတိုင်း လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပေါ်မှာ လောင်စာဆီ စီတန်းတိုးဝှေ့မှုပြသနာက အခုလို ကောလဟာလသတင်းတွေနဲ့အတူ ထပ်ပြီးဖြစ်နေတာပဲဖြစ်ပါတယ်။
