ဆူးငှက်
ရင်းနှီး ပွင့်လင်းလွန်းသည့် အမူအရာ၊ ရိုးသား ကြည်လင်သည့် မျက်လုံး
—————————————————————————
စိတ်က အဆန်းသား။ ဆံပင်နှစ်ဖက်စည်း “ဟိတ်” ၏ အိမ်သို့ ဘုရားပွဲ ဖိတ်၍ သွားရောက်ပြီးနောက်၊ သူ့မိဘ သူ့အိမ် အနေအထားက မိမိကိုယ်မိမိ သိမ်ငယ်သွားစေသည်။ မီးရထားအရာရှိကြီးသမီး၊ နေတာထိုင်တာကအစ အဆင့်မြင့်သည်။ သူကိုယ်နှိုက်က ကျွန်တော့်ကို မောင်နှမလို ခင်မင်ရင်းစွဲဆိုတာကို ကျွန်တော်က စိတ်ကူးယဉ်နေတာ ဖြစ်လိမ့်မည်။ သို့သော် လှလွန်းသည့် အသက်မကွာသော မိန်းကလေးက ပွင့်လင်း ရင်းနှီးလွန်းတော့ သူကို မြင်ရတာ စကားတွေပြောရတာ ကျွန်တော့် အတွက် ကြည်နူး ပျော်ရွှင်စရာ ဖြစ်ကာ စိတ်ကူးနိဗ္ဗာန် တည်ဆောက်မိနေတာလည်း ဖြစ်မည်။ သူကတော့ရှင်းသည်။ ဆက်ဆံပုံက မပြောင်းလဲ၊ တကယ့်ကို ရင်းနှီးလွန်းသည်။
သူ့အိမ်သို့ အချိန်မရွေး ဝင်ထွက်ဖို့၊ ကြုံလျှင် ထမင်းပင် ဝင်စားဖို့ ခဏခဏပြောသည်။ ကိုယ့်ဘက်က ပို၍ရူးသွပ်စေတာက တစ်တန်းလုံးက ယောက်ျားလေးတွေထဲ ကိုယ့်ကိုသာ သည်လို ဆက်ဆံနေတာကြောင့် ဖြစ်သည်။ ဒါပေမယ် သူ့မျက်လုံးနှင့် မျက်နှာ အမူအရာက ရိုးသားဖြောင့်စင်း ကြည်လင် နေတာလည်း သိသာနေသည်။ ခက်လိုက်တာနော်။
သူက ထိုစဉ်ကာလ ၇၈လမ်းပေါ်က မီးရထားတိုင်းရုံးမှာ လုပ်အားပေး သဘော အလုပ်ဝင်နေသည်။ ထို့ကြောင့် ကျူရှင်ဆင်းတာနှင့် ရုံးသို့ ဝင်သည်။ သြော်.. သူ့ဖခင်ကလည်း မီးရထားအရာရှိဆိုတော့ အမြဲတမ်း အလုပ်အတွက် ကြိုတင် ချိတ်ဆက်ထားသည့် အစီအစဉ်ဖြစ်မည်။ (ထိုစဉ်က ကျွန်တော်တို့ သူငယ်ချင်း ကျော်ရွှေကလည်း ကျူရှင် တက်ဆဲမှာပင် ပိုက်ကျုံးက သစ်တောရုံးမှာ သူ့ဦးလေး ရုံးအုပ်ကြီး အစီအစဉ်ဖြင့် လုပ်အားပေး ဝင်လုပ်နေသည်)။ တစ်နေ့သား မန္တလေးမှာ အခါမဟုတ်ဘဲ ပိတောက်ပန်းတွေ ပွင့်သည်။ ထိုနေ့က ဘာ့ကြောင့်ရယ်မသိ ကျူရှင်ပိတ်သည်။
ထိုနေ့ မနက်ပိုင်းမှာ ကျွန်တော်တို့ ဝင်းထဲ ကျွန်တော်တို့ အိမ်ရှေ့ ပိတောက်ပင်က ပိတောက်တွေ ဝေနေအောင် ပွင့်သည်။ ထူးထူးခြားခြားပွင့်သော ပန်းမို့ အမေက ဘုရားတင်သည်။ ပိုသည့် ပိတောက်ပန်းကိုင်းကို ရေအိုးစင်မှာ တင်ထားသည်။ ထိုမနက်မှာပဲ သူငယ်ချင်း သန်းလွင်က အိမ်ရောက်လာလို့ သူ့ကို မျက်ရိပ်မျက်ကဲပြကာ ကျွန်တော်က ပိတောက်ပန်း ကိုင်းကိုယူ သန်းလွင်စက်ဘီးရှေ့က ထိုင်ပြီး ဘူတာကြီးနား ၇၈လမ်းပေါ်က မီးရထားတိုင်းရုံးသို့ ချီတက်ကြသည်။
လန်းလန်းလှလှ သင်းပျံ့ပိတောက်ဝါ
——————————————
တိုင်းရုံးရောက်တော့ ကျွန်တော်က ပိတောက်ပန်းခက်ကြီးပွေ့ပြီး အောက်ထပ် လှေကားထိပ်က စုံစမ်းရန် စာပွဲမှာ သူ့နာမည်ကို ပြောကာ ရှိမရှိမေးသည်။ အပေါ်ထပ်မှာ ဒီလှေခါးအတိုင်း တက်သွား၊ လှေကားထိပ်ရဲ့ ညာဘက်က အခန်းတဲ့။ စာပွဲထိုင်သည့် အမျိုးသမီးက ပိတောက်ပန်းခက်တစ်ပွေ့နှင့် ကျွန်တော့်ကို ပြုံးစေ့စေ့ ကြည့်နေသည်။ သန်းလွင်ကတော့ အောက်ကပဲ စောင့်နေမယ်၊ မင်းတက်သွားတော့ တဲ့။ ဤသို့ဖြင့် လှေကားအတ်ုင်းတက်ပြိး အပေါ်ထပ်ရောက်တော့ ဝရံတာအတိုင်း ညာဘက်ချိုးချိုးခြင်းပဲ အခန်းကျယ်ကြီးထဲ သူ့ကို တွေ့လိုက်ရသည်။ သူကလည်းမြင်လိုက်တော့ “ဟယ်” ဟု အသံထွက်သည်အထိ အံ့အားသင့်ကာ ပြေးမတတ်ထွက်လာသည်။ ကျွန်တော်က သူ့အခန်းဘက်မျက်နှာမူကာ ဝရံတာ လက်ရန်းကို မှီရပ်နေသည်။
သူက အနားရောက်လာပြီး ယှဉ်ရပ်သည်။ ထုံးစံအတိုင်း သန်ခါးရနံ့က သင်းလို့၊ ထို့နောက် ပိတောက်ပန်း တွေကို အားရဝမ်းသာကြည့်၍ “လှလိုက်တာ..၊ ဒီနေ့ပွင့်တာလား၊ ထူးထူးခြားခြားနော်၊ တန်ခူးလည်း မဟုတ်ဘဲနဲ့” တဲ့။ “ဟုတ်တယ်၊ အိမ်ရှေ့ပိတောက်ပင်က ပွင့်တာ၊ အဲဒါ ဦးဦဖျားဖျားလာပေးတာ၊ ပန်စေချင်လို့” ဟုဆိုတော့ “ ပန်မယ် ပန်မယ်၊ ပိတောက်ဆို သိပ်ကြိုက်တာ၊ အဝေးကြီးထိ တကူးတကန့် လာပို့ပေးတာ၊ ကျေးဇူးတင်လိုက်တာ..၊ အားမနာတော့ဘူး၊ တစ်ကိုင်းလုံး အကုန်ယူလိုက်မယ်နော်၊ ဘယ်သူ့ပေးဦးမှာလဲ” ဆိုတော့ ကျွန်တော်က “ အို.. ဘယ်သူ့မှ ပေးစရာ မရှီပါဘူး၊ ဒီက တစ်ယောက်တည်း အတွက်ပါ။ ရော့ အကုန်ယူထားလိုက်” ဟုပြောပြီး သူ့ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။
ရုံးခန်းထဲက အကုန်လုံး စူးစမ်းအကြည့်တွေနှင့် ကြည့်နေကြမှာ သေချာသည်။ ဒါကြောင့်ထင်သည်၊ သူက အရှိန်သတ်လိုက်ပြီး အသံတိုးတိုးဖြင့် “ဒို့ အထဲ ဝင်တော့မယ်နော်၊ အလုပ်တွေရှိသေးလို့” ဟုဆိုကာ တည့်တည့် ကြည့်၍ ဆံပင်လေး ၂ဖက် ခါရမ်းသွားအောင် ချာခနဲ လှည့်ပြီး ရုံးခန်းထဲ ပြန်ဝင်သွားသည်။ သူ့စာပွဲပေါ် ပန်းတွေတင်ပြီး ကျွန်တော့်ကို ပြုံးပြနှုတ်ဆက်သည်။ ကျွန်တော်က လှေကားအတိုင်း အပျော်ခြေလှမ်းများနှင့် ဆင်းသည်။ သန်းလွင်ကို ခေါင်းညိတ်ကာပြုံးပြတော့ သန်းလွင်ကလည်း သဘောပေါက်သည်။
သနပ်ခါးနံ့သာ လိမ်းပါလေ
——————————–
ထိုရက်ပိုင်းမှာ မုံရွာက မမခင်ရီရောက်လာပြီး အိမ်အတွက် သနပ်ခါးတုံးတွေယူလာသည်။ သနပ်ခါးတုံး တွေက အရာတော်ဘက်က ရလို့ အပင်ပြတ်ဝယ်ပြီး မန္တလေးအတွက်လည်း ယူလာတာတဲ့။ သနပ်ခါးတွေက ဆယ်တုံးလောက် ရှိမှာပေါ့။ ဒါတောင် မမခင်ရီက မမလှရန်၊ မမမြသွင်နှင့် မမသန်းလှတို့ကိုလည်း ပေးလိုက်သေးသည်။ မမခင်ရီက အဲ့လို သနပ်ခါးကောင်းကောင်းရလျှင် ပင်လုံးပြတ်ဝယ်သည်။ ထို့နောက် သူ့အိမ်အတွက် သာမက အမျိုးတွေ မိတ်ဆွေတွေကို ဝေတော့သည်။ သည်တော့ သနပ်ခါးက တစ်နှစ်စာ ဖူလုံသွားသည်။ အခု သနပ်ခါးတွေက အပွေးကျစ်ကျစ် နှင့် ရနံ့က သင်းလှသည်။ ကျွန်တော်က သနပ်ခါးတုံးတွေနှင့် သနပ်ခါးရနံ့ သင်းသင် ရကတည်းက သူ့ကိူပဲ ပြေးမြင်တော့သည်။ ဒီလိုသနပ်ခါးမျိုး သူသိပ်ကြိုက်မှာပေါ့ ဟူလို။ ထို့ကြောင့် မမခင်ရီမှပင် မုံရွာ မပြန်ရသေး၊ ကျွန်တော်က အမေနှင့် မမ မသိအောင် အကြီးဆုံး သနပ်ခါး၂တုံးကို ယူထားပြီး ၇၈လမ်းပေါ်က မီးရထားတိုင်းရုံး အပေါ်ထပ်ကို စက်ဘီးနဲ့ လစ်တော့တာပေါ့။ သည်တစ်ခါ တစ်ယောက်ထဲ။
ထုံးစံအတိုင်း အပေါ်ထပ် ရုံးခန်းပေါက် ဝရံတာ လက်ရန်းမှီပြီး နှစ်ယောက်ယှဉ်ကာ စကားတွေ ပြောကြ တာပေါ့။ သူနှစ်သက်သော သနပ်ခါးတုံး အကောင်းစားတွေ လက်ဆောင်ပေးလို့ မျက်ဝန်းလေး လက်ရွှန်း သွားအောင် ဝမ်းသာနေသည်။ သူကလည်း မနှစ်နွေက မုံရွာဘုရားဖူးသွားရင်း မိုးညှင်းသံဗုဒ္ဓေ ဘုရား ဈေးတန်းက ဝယ်ခဲ့သေးသတဲ့။ ဒါပေမယ့် အခုပေးတဲ့ သနပ်ခါးတွေလောက် မကောင်းဘူးတဲ့။ သည်တစ်ခါ သူနှင့် ခပ်ကြာကြာတော့ စကားပြောဖြစ်သည်။ ကျွန်တော်ပြန်ဖို့ သူ့ကိုနှုတ်ဆက်တော့ သူက စိုက်ပြီး ခပ်ကြာကြာကြည့်သည်။
ထို့နောက် ခပ်တိုးတိုး အသံဖြင့် “ခဏနော်..၊ ဒို့လည်း လက်ဆောင် ပြန်ပေးလိုက်ဦးမယ်၊ အစက အနားနီးမှ ပေးမလို့ပါပဲ၊ ဒါပေမယ့် ပေးရမယ့် အတူတူမို့ အခုပဲ ပေးလိုက်မယ်နော်” တဲ့။ ကျွန်တော်က အံ့သြသွားပြီး “ ရပါတယ်၊ နောက်မှ ပေးလည်းရတယ်၊ အခုပေးချင်လည်းရပါတယ်။ ကိုယ်ရမယ့် လက်ဆောင်ဆိုတော့ သေချာအောင် အခုပဲ ပေးလိုက်ပေါ့” ဟု လှမ်းနောက်တော့ သူက သူ့စာပွဲဆီ ခပ်သွက်လေး သွားသည်။ ဆံပင်လေး ၂ဖက် တခါခါနဲ့ပေါ့။ သူက သူ့အံဆွဲ ဖွင့်သည်။ တစ်ခုခုယူသည်။
သူ့ဘေး ကပ်ရက်စာပွဲက အမျိုးသမီး ဝန်ထမ်းက သူ့ကို တစ်ခုခု တိုးတိုးပြောသည်။ သူက ခေါင်းညိတ်ပြသည်။ ထိုအမျိုးသမီးက ကျွန်တော့်ကို လှမ်းကြည့်ပြီး ချက်ချင်း ခေါင်းငုံ့ကာ သူ့အလုပ် ဆက်လုပ်နေသည်။ သူက လက်ထဲမှာ အံဆွဲထဲက အရာလေးကိုင်ကာ ထွက်လာပြီး ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ရပ်သည်။ ထို့နောက် လက်ထဲက အရာလေး မပေးခင် ကျွန်တော့်ကို ခပ်မှေးမှေးကြည့်ရင်း “ ဝေးတော့ ဝေးပါသေးတယ်၊ ဒါပေမယ့်..” ဟု ဆိုကာ လှမ်းပေးသည်။ ပန်းနုရောင် အိတ်ကလေးလေ။
ကျွန်တော်က အိတ်လေးကို ကိုင်ရင်း မျက်လွှာချထားမိသည်။ သူက ပြောလိုက်သော စကားကို ကျွန်တော်က အတတ်နိုင်ဆုံး ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော် လှေခါးက အဆင်းထိ သူက ရပ်ကြည့်နေသည်။ သူ့မြင်ကွင်းမှ ကျွန်တော် ပျောက်သွားမှ သူ့အခန်းထဲ ပြန်ဝင်လိမ့်မည်။ ကျွန်တော် တစ်စုံတရာ ကျေနပ်သွားပါပြီ။ သူ့လက်ဆောင်က ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ပါသည်။ နို့မို့ဆို ကျွန်တော်…….။
မီးရထားရိပ်သာ လက်ဖွဲ့ခုံပေါ်က သမင်ရုပ်လေး
—————————————————
သည်လိုနှင့် နောက် တစ်လလောက်မှာပဲ ၇၈လမ်းပေါ်က မီးရထားရိပ်သာတွင်း မင်္ဂလာဆောင် တစ်ဆောင် ဝင်ရသည်။ မီးရထားရိပ်သာ ဆိုသည်မှာသူတို့ တိုင်းရုံး၏ တောင်ဘက်က တစ်ထပ်အဆောက်အအုံဖြစ်ပြီး တစ်ဝင်းတည်း ဖြစ်သည်။ ထိုစဉ်က မီးရထားရိပ်သာမှာလည်း မင်္ဂလာပွဲများ ကျင်းပကြသည်။ ထိုမင်္ဂလာပွဲကို ကျွန်တော် တစ်ယောက်တည်းပဲ သွားသည်။ ကျွန်တော်ရောက်တာ နည်းနည်းစောလို့ ဧည့်မကျသေး။ ကျွန်တော်က ရောက်သည်နှင့် လက်ဖွဲ့ခုံသို့ ဦးဆုံးသွားပြီး လက်ဖွဲ့ပစ္စည်းပေးလိုက်သည်။ လက်ဖွဲ့ခုံက နာမည်နှင့် နေရပ်ကို သေချာမေးကာ လက်ဖွဲ့ ပစ္စည်းကို ကြည့်ပြီး ဘာပစ္စည်းဆိုတာ သူတို့ရေးဖို့စဉ်းစားနေသည်။ ထိုအချိန်မှာပင် သတို့သမီးက မြင်၍ သတို့သားလက်ဆွဲကာ အနားလာနှုတ်ဆက်သည်။ ကျွန်တော့် လက်ဖွဲ့ကိုလည်း ကြည့်ပြီး “ဟယ်.. လှလိုက်တာ..၊ ကျေးဇူးတင်လိုက်တာဟု ပြောသည်” ။
ထို့နောက် မြောက်ဘက်ထိပ် ပြတင်းပေါက်နားက စာပွဲကိုခေါ်ပြီး ဧည့်ခံသည့် ရေခဲမှုန့်နှင့် ကိတ်မုန့်တွေ လက်ဖက်တွေ ချစေပြီး “စားနော် အားမနာနဲ့ အဝစား” ဟု နောက်သလို စသလိုလှမ်းပြောကာ သတို့သားနှင့် မိတ်ဆက်ပေးသည်။ ကျွန်တော်က ရီပြ လက်ဆွဲနှုတ်ဆက်ပြီး မြောက်ဘက်က တိုင်းရုံး အပေါ်ထပ်ကို လှမ်းမျှော် ကြည့်နေမိသည်။ တိုင်းရုံးအပေါ်ထပ်မှာ သူရှိပါ့မလား၊ အပေါ်ထပ်တက်သွားပြီး ဝရံတာကို ကျောမှီကာ သူနှင့် နီးနီးကပ်ကပ် ယှဉ်ရပ်ရင်း စကားတွေ ပြောဖို့လေ။ စကားတွေ ပြောတော့ သူ့ဆီက သနပ်ခါးရနံ့လေး သင်းနေမှာပေါ့။ ပြောရင်းဆိုရင်း ရနံ့သင်းသင်းလေး ရလိုက်သည်။ နီးနီးကပ်ကပ်လေး။
ကျွန်တော်က မြောက်ဘက်ရှိ မီးရထားတိုင်းရုံး အပေါ်ထပ်ဆီ ငေးရင်း အတွေးတွေ နောက်ပြန်သွားနေစဉ် သတို့သမီးက စကားလေး တစ်ခွန်းကို ခပ်တိုးနိုးလေး ပြောဖို့ ကျွန်တော့် နားကပ်လိုက်လို့ သင်းကနဲ ရနံ့လေး ရလိုက်မှ သတိက ပြန်ဝင်လာသည်။ သနပ်ခါး ရနံ့လေလား၊ မဟုတ်..။ မက်စ်ဖိုက်တာ မိတ်ကပ်နံ့လေ..။ သတို့သမီးက စကားလေး တစ်ခွန်း တိုးတိုးလေး ကပ်ပြောပြီး ဖျပ်ခနဲ ခေါင်းလှည့်သွားတော့ ခါသွားတာက ဆံလယ် ခွဲကာ ၂ဖက် စည်းထားသော ဆံပင်လေးမဟုတ်၊ သတို့သမီးဆံထုံး ဆံမြိတ်ပေါ်က သစ်ခွပန်းခက် ဖြစ်သည်။ “စေ့စပ်ထားတာကြာပြီလေ..” တဲ့၊ ပြောစရာမှ မလိုတာ မမသန်းသန်းအေးရယ်။
ဒီတော့လည်း အခါမဟုတ်ဘဲ ပွင့်သည့် ပိတောက်ပန်းတွေလို၊ အပွေးကျစ် ရနံ့မွှေးသည့် သနပ်ခါးတုံးတွေလို၊ ညဈေးတန်းက ချက်ချင်းထု ချက်ချင်း စောင့်ယူရသည့် သမင်မောင်နှံ လက်ရာမြောက် ပန်းပုရုပ်လေး လက်ဖွဲ့ပစ္စည်း ကိုလည်း နှစ်သက် သဘောကျ ဝမ်းမြောက်နေလို့ ဝမ်းသာရသည်လေ။ ထိုမျှမက သနပ်ခါးတုံးတွေ သွားပေးစဉ်က အပြန်မှာ “ ဝေးတော့ ဝေးပါသေးတယ်၊ ဒါပေမယ့်..” ဟု ဆိုကာ သူ့မင်္ဂလာဆောင် ဖိတ်စာ ထည့်ထားသည့် ပန်းနုရောင် အိတ်ကလေးပေးလိုက်စဉ် ဣန္ဒြေမပျက်အောင် ကြိုးစားရသည်ထက် အခု သူ့မင်္ဂလာဆောင် မှာ သမင်မောင်နှံ အရုပ်လေး လက်ဖွဲ့သည်မှ အစ သူတို့နှင့် ပိုမို တည်ငြိမ်စွာ ပိပိရိရိ သရုပ်ဆောင်နိုင် လို့လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမဆုံး ရှိခဲ့ပါသည်။
