မတ် ၅ ၊ ၂၀၂၆
CC (VOM)
ကယားပြည်နယ်ထဲက ထိုင်း- မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မယ်စဲ့မြို့နယ်မှာ ဒီကနေ့ မတ် ၅ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုက မယ်စဲ့မြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်အဖွဲ့ရဲ့ အကျဥ်းထောင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကိုတော့ အတိကျမသိရှိရသေးပါဘူး။
” ဒီမနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ သုံးနေရာဗုံးကြဲတာလို့ သိရတယ်။ အဲဒီထဲမှာမှ တနေရာက ဒီထိန်းသိန်းရေးစင်တာကို ထိမှန်တာပါ ။ အမျိုးသမီးလေးယောက် နဲ့ အမျိုးသားတယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ စာရင်းကောက်နေတုန်းပါ ။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေကတော့ ဖားဆောင်းတိုက်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့ အစိုးရတပ်ရဲ့ မိသားစုဝင်တွေ ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်း ရေးမှူး (၂) ဦးဗညားခွန်းအောင်က ပြောဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် အစိုးရတပ်နဲ့နီးစပ်သူ ထောက်ခံသူတွေကတော့ အဲဒီတိုက်ခိုက်မှုဟာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောဆိုတာ တွေ့ရပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း မယ်စဲ့အကျဥ်းထောင်ကနေ အကျဥ်းသား ၈၀ ကျော်က လက်နက်တချို့နဲ့အတူ ထွက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကယားပြည်နယ်ထဲက လွိုင်ကော်မြို့နယ် အရှေ့ခြမ်း နဲ့ မိုးဗြဲမြို့နယ် ၊ ဖားဆောင်းမြို့နယ်တွေဘက်မှာလည်း နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတယ်လို့သိရပါတယ်။
အဆိုပါ ဒေသတွေကို အစိုးရတပ်အဖွဲ့ နဲ့ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေတဲ့အတွက် နေ့စဥ်နီးပါးတိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်အဖွဲ့ စစ်ကြောင်းထိုးရာလမ်းကြောင်းမှာရှိတဲ့ ကျေးရွာတွေ နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာက ဒေသခံတွေကတော့ နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
