မတ် ၆-၂၀၂၆
MT(VOM)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့လွှတ်တော် (NPC) ရဲ့ (၁၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ (၅)မှာ စတင်ပါတယ်။
၂၀၂၆ NPC မှာ တင်သွင်းတဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာထဲမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး”ထိုင်ဝမ်လွတ်လပ်ရေး” လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား တားဆီးသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားပါတယ်။ တခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာကိုလည်း လက်မခံဘဲ ကန့်ကွက်သွားမှာပါ။ ထိုင်ဝမ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆက်ဆံရေး တည်ဆောက်ပြီး တရုတ်နိုင်ငံတော်ကြီး ပြန်လည်ပေါင်းစည်းရေးကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
“တရုတ် တနိုင်ငံတည်း မူဝါဒနဲ့ “၁၉၉၂ နားလည်မှုသဘောတူညီချက်” တွေကို ဆက်လက်ဆုပ်ကိုင်ထားမှာပါ။ ဒါ့အပြင် ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ်ထိုင်ဝမ်မူဝါဒတွေကို အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။
“တနိုင်ငံ၊စံနစ်နှစ်မျိုး” မူဝါဒကို ဆက်ပြီး ကျင့်သုံးသွားမှာပါ။ ဒီဒေသတွေကို မျိုးချစ်စိတ်ရှိတဲ့သူတွေကပဲ အုပ်ချုပ်သွားရမှာဖြစ်ပြီး တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် စီမံခန့်ခွဲသွားမယ်လို့ ဆိုပါတယ်။
ဟောင်ကောင်နဲ့ မကာအိုတို့ရဲ့ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍတွေကို မြှင့်တင်ပေးမှာဖြစ်သလို၊ ဒီဒေသတွေမှာရှိတဲ့ ထူးခြားတဲ့ အားသာချက်တွေကို အသုံးချပြီး တရုတ်နိုင်ငံကြီးတစ်ခုလုံး တိုးတက်ဖို့အတွက် ပါဝင်လာအောင် တရုတ်အစိုးရက ဝိုင်းဝန်းကူညီပေးသွားမှာ ဖြစ်ပါတယ်
နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေး
တရုတ်အစိုးရက “အမျိုးသားပြန်လည်ပေါင်းစည်းရေး” နဲ့ “ခွဲထွက်ရေးဝါဒ တိုက်ဖျက်ရေး” ကို အလေးထားတာကြောင့် သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကိုလည်း အထူးဂရုစိုက်လေ့ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်စပ်တစ်လျှောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားဟာ အစီရင်ခံစာပါ မူဝါဒတွေအတိုင်း “တည်ငြိမ်မှု” ကိုပဲ ရှေးရှုနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်ရဲ့ “One China Policy” (တရုတ်တနိုင်ငံတည်းမူဝါဒ) ကို အစဉ်တစိုက် ထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် တရုတ်ကလည်း မြန်မာ့အရေးမှာ ပြည်ပစွက်ဖက်မှုတွေကို ကန့်ကွက်ပေးလေ့ရှိပါတယ်။ အစီရင်ခံစာမှာပါတဲ့ ပြင်ပစွက်ဖက်မှုကို ဆန့်ကျင်တဲ့ သဘောထားဟာ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံတကာစင်မြင့် (ဥပမာ- ကုလသမဂ္ဂ) မှာ တရုတ်ရဲ့ ဗီတိုအာဏာနဲ့ အကာအကွယ်ပေးမှုတွေ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။
ဟောင်ကောင်နဲ့ မကာအိုကို တရုတ်ရဲ့ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုမှာ ပိုပြီး ထည့်သွင်းလာတာဟာ “Belt and Road Initiative” (BRI) စီမံကိန်းတွေ ပိုအားကောင်းလာမယ့် သဘောပါ။ မြန်မာနိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကနေတစ်ဆင့် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရမယ့် နေရာဖြစ်လို့ တရုတ်ရဲ့ ပြည်တွင်းတည်ငြိမ်မှုနဲ့ စီးပွားရေး အားကောင်းမှုဟာ မြန်မာပြည်ထဲက စီမံကိန်းတွေ (ဥပမာ- ကျောက်ဖြူရေနက်ဆိပ်ကမ်း) အကောင်အထည်ဖော်မှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ပါတယ်။
အနှစ်ချုပ်ရရင် တရုတ်က သူ့ရဲ့ ပြည်တွင်းရေး (ထိုင်ဝမ်၊ ဟောင်ကောင်) ကို တင်းတင်းမာမာ ကိုင်တွယ်လေလေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာလည်း “တည်ငြိမ်မှုနဲ့ ဗဟိုအစိုးရကို ထောက်ခံမှု” ကို ပိုပြီး လိုလားလေလေ ဖြစ်ပါလိမ့်မယ်။
Ref: CGTN
